တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းများ

တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းများ
Published 13 November 2021

Extrajudicial Killing (တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း) ကို Extrajudicial Execution သို့မဟုတ် Extralegal Killing ဟုလည်း ခေါ်ပြီး တရားစီရင်ရေး သို့မဟုတ် တရားဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်းမရှိဘဲ လူတစ်ဦးကို အစိုးရအာဏာပိုင်တစ်ဦးဦးက သတ်ဖြတ်ခြင်းကို ဆိုလိုသည်။ ယင်းကဲ့သို့ လူတစ်ဦး၏ အသက်ကို တန်ဖိုးမထားဘဲ မိမိထင်သလို သတ်ဖြတ်ခြင်းမျိုးကို စစ်သွေးကြွများ၊ သတ်ဖြတ်ရေးလျှို့ဝှက်အဖွဲ့များ၊ အစိုးရ သို့မဟုတ် နိုင်ငံကို ကိုယ်စားမပြုသည့် အခြားအဖွဲ့အစည်းများကလည်း ကျူးလွန်တတ်ကြပြီး နိုင်ငံရေးအတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများ၊ အပယ်ခံ အုပ်စုများနှင့် ဘာသာရေး သို့မဟုတ် လူမှုရေး နယ်ပယ်တို့၌ ထင်ရှားသူများကို ပစ်မှတ်ထားတတ်ကြသည်။ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း နှိပ်စက်ညှင်းပန်းမှု သို့မဟုတ် မလျော်မကန် ထားရှိဆက်ဆံမှုကြောင့် သေဆုံးမှုများသည်လည်း Extrajudicial Killing ထဲတွင် အကျုံးဝင်သည်။ နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ အကြမ်းဖက်မှုပုံစံများကို ကောင်းစွာ ကာကွယ်ရန် ပျက်ကွက်မှုကြောင့် ဖြစ်ပွားသည့် Honor Killing (အရှက်ကို အသက်နှင့် လဲခြင်း) ကိစ္စများကိုလည်း Extrajudicial Killing ခေါင်းစဉ်အောက်သို့ ထည့်တတ်ကြသည်။

နိုင်ငံအသီးသီး၏ အစိုးရအဖွဲ့များအနေဖြင့် ယင်းကဲ့သို့ အသက်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်။ ယင်းကဲ့သို့သော ပြစ်မှုများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများကို တရားစွဲဆိုရမည် ဖြစ်သည်။ သို့သော် တကယ့်လက်တွေ့တွင် ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူများ အပြစ်ပေး အရေးယူမခံရမှုများလည်း များစွာရှိသည်။ နိုင်ငံတကာအဖွဲ့အစည်း ဖြစ်သော OMCT နှင့် ၎င်း၏ SOS-Torture Network အဖွဲ့ဝင်များက ဖွံ့ဖြိုးအခြေကျပြီး ပုံစံများ၌ ပါဝင်သော နိုင်ငံများအပါအဝင် နိုင်ငံအသီးသီး၌ ဖြစ်ပွားခဲ့သော ယင်းကဲ့သို့သော ပြစ်မှုများကို သက်သေအထောက်အထားများ ရယူထားသည်။

ယင်းတို့အနက် ထင်ရှားသော ဖြစ်ရပ်တစ်ရပ်မှာ ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး “ မူးယစ်ဆေးစစ်ပွဲ” ဟု ခေါ်ဆိုသော ခေါင်းစဉ်တစ်ရပ်အောက်တွင် ကလေးများအပါအဝင် လူပေါင်းများစွာ အသတ်ခံခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၇ ခု နှစ်အကြား တရားဥပဒေမဲ့ သတ်ဖြတ်မှုပေါင်း ၈၄၅ ခု ရှိသည်ဟု အထောက်အထားရရှိခဲ့သော်လည်း ယင်းတို့အနက် မည်သည့်အမှုကိုမျှ မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း မရှိဟု ဆိုသည်။ နိုင်ငံတော်အာဏာပိုင်များက ကျူးလွန်ခဲ့သည့် နှိပ်စက်ညှင်းပန်းများနှင့် အခြားပြင်းထန်သည့်ရာဇဝတ်မှုများ သို့မဟုတ် ၎င်းတို့နှင့် နားလည်မှုယူထားသူများက ကျူးလွန်မှုများ ရှိနေခြင်းကြောင့် ပြစ်မှုကျူးလွန်သော်လည်း အပြစ်ပေး အရေးယူမှုမခံရခြင်းသည် ယင်းကဲ့သို့သော ပြစ်မှုများ ဆက်လက်ဖြစ်ပွားနေရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။ ကိုလံဘီယာ၊ ဟွန်ဒူးရပ်စ်၊ မက္ကဆီကို၊ နီကာရာဂွာနှင့် ဗင်နီဇွဲလားနိုင်ငံများအပါအဝင် လက်တင်အမေရိက၌ ယင်းကဲ့သို့သော ပြစ်မှုပေါင်းများစွာ ရှိသည်ကို သက်သေအထောက်အထားများ ရရှိထားကြောင်း SOS-Torture Network အဖွဲ့က ပြောကြားထားသည်။ ၎င်းအပြင် ကွန်ဂို၊ အီဂျစ်၊ အီရတ်၊ နိုင်ဂျီးရီးယားနှင့် ဆီးရီးယားတို့တွင်လည်း အလားတူဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်လည်း ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း တပ်မတော်က နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူခဲ့သည့်အပေါ် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ဆန္ဒပြမှုများကို ဖြိုခွဲချိန်၌ သေဆုံးခဲ့သူ၊ နေအိမ်များတွင် လာရောက်ဖမ်းဆီးပြီး စစ်ကြောရေးတွင် စစ်ဆေးခံရစဉ် သေဆုံးခဲ့သူနှင့် ဒေသခံကာကွယ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းပြီး လက်နက်ကိုင်၍ ပစ်ခတ်တိုက်ခိုက်စဉ် သေဆုံးခဲ့သူ စုစုပေါင်းသည် နိုဝင်ဘာ ၁၂ ရက်အထိ ဦးရေ ၁,၂၀၀  ကျော်ရှိကြောင်း စောင့်ကြည့်ရေးအဖွဲ့အချို့၏ ထုတ်ပြန်ထားမှုအရ သိရသည်။ အခြားတစ်ဖက်တွင်လည်း ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အောက်တိုဘာ ၂၁ ရက်အထိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်နွှယ်ခြင်း၊ ထောက်ခံခြင်း၊ ဒလန်ပြုလုပ်ခြင်း အစရှိသည့် စွပ်စွဲမှုများဖြင့် သတ်ဖြတ်ခံရသူ အရပ်သား ၁,၁၅၅ ဦး ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ထို့အတူ အောက်တိုဘာ ၂၁ ရက်အထိ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် သေဆုံးသူ အစိုးရဝန်ထမ်း ၁၄ ဦး၊ တပ်မတော်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ၏ နှိပ်စက်ညှင်းပန်းမှုဆန့်ကျင်ရေးကော်မတီ (CAT) က နိုင်ငံတစ်နိုင်ငံအနေဖြင့် နှိပ်စက်ညှင်းပန်းမှုကို ဆန့်ကျင်သည့် ပဋိညာဉ်ကို မည်မျှလိုက်နာသနည်းဟူသည်ကို စစ်ဆေးမှုများပြုလုပ်ပြီးနောက် ၎င်းတို့၏ လေ့လာမှုကောက်ချက်များတွင် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းများကို ပုံမှန်ရည်ညွှန်းပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ မကြာသေးမီနှစ် များအတွင်း တရားဥပဒေမဲ့ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည့် နိုင်ငံများတွင် ဘူရွန်ဒီ၊ ယူကရိန်း၊ အစ္စရေး/ပါလက်စတိုင်း၊ အီရတ်၊ ယီမင်နှင့် တရုတ်နိုင်ငံများ ပါဝင်သည်ဟု ဆိုသည်။

CAT က တရား ဥပဒေမဲ့ သတ်ဖြတ်ခြင်းများကို ပဋိညာဉ်ချိုးဖောက်မှုများအဖြစ် စစ်ဆေးရာတွင် နိုင်ငံ/အစိုးရမဟုတ်သူများ၏ ကျူးလွန်မှုများကိုလည်း ထည့်သွင်းခဲ့သည်။

အမှန်တကယ်၌ သူ့ဘက်ကိုယ့်ဘက်ဟူသည့် ဘက်ကိစ္စနှင့်မဆိုင်ဘဲ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းများကို မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အဖွဲ့အစည်းကမဆို ကျူးလွန်မှုသည် လူသားဆန်သည့် မည်သည့်လူသားမဆိုအတွက်ရာ မည်သို့မျှ လက်ခံနိုင်ဖွယ်ရှိမည်မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent