အာဖဂန်နစ္စတန်တွင် အငတ်ဘေးကြောင့် သမီးငယ်လေးများကို လက်ထပ်ထိမ်းမြားရန် ရောင်းချနေရ

အာဖဂန်နစ္စတန်တွင် အငတ်ဘေးကြောင့် သမီးငယ်လေးများကို လက်ထပ်ထိမ်းမြားရန် ရောင်းချနေရ
Published 31 October 2021
Ref: AFP

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း မိုးခေါင်သည့်ဒေသ၌ နေထိုင်သည့် ဖာဟီမာအမည်ရှိ အမျိုးသမီးသည် ခင်ပွန်းဖြစ်သူက ၎င်းတို့အသက်ရှင်နေထိုင်နိုင်ရေးအတွက် သမီးငယ်နှစ်ဦးအား ရောင်းချခဲ့ပြီး နောက်ပိုင်းအကြိမ်ပေါင်းများစွာ ငိုကြွေးနေခဲ့သည်။

အသက်ခြောက်နှစ်အရွယ် ဖာရီစတာနှင့် အသက် ၁၈ လအရွယ် ရှိုကရီယာတို့သည် ရွှေ့ပြောင်းနေထိုင်သူများအတွက် ယာယီနေထိုင်ရာ နေရာတွင် မိခင်ဖြစ်သူ ဖာဟီမာအနီး၌ ထိုင်နေကြသည်။

“ကျွန်မတို့သမီးတွေကိုအဝေး မပို့ချင်ဘူးဆိုရင် ကျွန်မတို့တွေစားစရာမရှိတဲ့ဘဝနဲ့ သေရလိမ့်မယ်လို့ ကျွန်မခင်ပွန်းက ပြောပါတယ်။ကျွန်မသမီးတွေကို ပိုက်ဆံနဲ့ရောင်းခဲ့ရတဲ့အပေါ် အရမ်းဝမ်းနည်းမိပါတယ်” ဟု ဖာဟီမာက ဆိုသည်။

သတို့သမီးတစ်ဦး၏ စျေးနှုန်းမှာ ဒေါ်လာ ၃,၃၅၀ ဖြစ်ပြီး လမ်းလျှောက်တတ်ခါစကလေးတစ်ဦး၏ စျေးနှုန်းမှာ ဒေါ်လာ ၂,၈ဝဝဖြစ်ကာ ၎င်းတို့၏မိသားစုဝင်အသစ်များနှင့် မတွေ့ဆုံမီအချိန်အထိ နှစ်ပေါင်းများစွာကြာ ယင်းငွေကြေးပမာဏကို အရစ်ကျပေးချေရသည်။

အာဖဂန်နစ္စတန်တွင် ကလေးသူငယ် လက်ထပ်ထိမ်းမြားသည့် အလေ့အကျင့်မှာ ရာစုနှစ်ပေါင်းများစွာကတည်းက ရှိလာခဲ့သော်လည်း စစ်ပွဲနှင့် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်သည့် ဆင်းရဲချို့တဲ့မှုတို့သည် မိသားစုများအား ၎င်းတို့၏သမီးများကို အသက်ငယ်ရွယ်သထက် ငယ်ရွယ်သည့်အချိန်တွင် ရောင်းချရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။ ယောကျင်္ားလေးများ၏ မိဘများက စျေးလျှော့ပေးရန် တွန်းအားပေးနိုင်သည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ အောက်တိုဘာ ၂၅ ရက်က သတိပေးထုတ်ပြန်ချက်အရ အာဖဂန်နစ္စတန်နိုင်ငံသား ထက်ဝက်ကျော်သည် နိုဝင်ဘာလမှစ၍ အစားအစာဘေးကင်း လုံခြုံမှုမရှိသည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု သတိပေးခဲ့သည်။

ဖာဟီမာ၏ အသက် ၂၅ နှစ်အရွယ်အိမ်နီးချင်း ဆာဘက်ရာသည် မိသားစုအတွက် အစားအစာကိုဝယ်ယူမှုအတွက် ကုန်စုံဆိုင်တစ်ဆိုင်တွင် အကြွေးတင်နေသည်။ဆိုင်ရှင်ကမူ ပြန်မဆပ်နိုင်လျှင် ထောင်ကျခံရမည်ဟု သတိပေးခဲ့သည်။

ဆာဘာရက်တို့မိသားစုသည် ၎င်းတို့၏အကြွေးအတွက် အသက်သုံးနှစ်အရွယ် သမီးဖြစ်သူ ဇာကာရက်ကို ကုန်စုံဆိုင်ပိုင်ရှင်၏ အသက်လေးနှစ်အရွယ်သားဖြစ်သူ ဇာဘူအလ္လာနှင့် လက်ထပ်ပေးရန် သဘောတူခဲ့ရသည်။

ကလေးနှစ်ဦးသည် ၎င်းတို့၏အနာဂတ်ကံကြမ္မာကို သိမြင်ခြင်း မရှိကြသည့်အပြင် စျေးဆိုင်ပိုင်ရှင်ကလည်း မိန်းကလေး၏ ထိန်းသိမ်းစရိတ်ကို တာဝန်မယူမီ ယင်းကလေးနှစ်ဦး အသက်ကြီးလာသည်အထိ စောင့်ဆိုင်းရန် ရွေးချယ်ခဲ့သည်။

ရွှေ့ပြောင်းနေထိုင်သူများစခန်းတွင် နေထိုင်သည့်အဗ္ဗဒူလ် ရာဟင်အက်ခ်ဘာက ၎င်း၏ညီအပါအဝင် ၎င်းတို့၏ သမီးများကိုရောင်းချခဲ့သည့် ဖခင်ပေါင်းများစွာကို မြင်တွေ့ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘဂ္ဂဒစ်ပြည်နယ်ဆိုင်ရာ တာလီဘန်ယာယီအုပ်ချုပ်ရေးမှူး မော်ဗီအဗ္ဗဒူလ်ဆက်တာက ယင်းကဲ့သို့ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုများသည် ရှရီးယားဥပဒေပြဌာန်းပါ စည်းမျဉ်းတစ်စုံတစ်ရာကြောင့် မဟုတ်ဘဲ စီးပွားရေးပြဿနာများကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယင်းရွှေ့ပြောင်းနေထိုင်သူများ စခန်းပြင်ပတွင်လည်း ကလေးသူငယ်လက်ထပ်ထိမ်းမြားမှု ဖြစ်စဉ်များ မြင့်တက်နေသည်။ နိုင်ငံ၏တတိယအကြီးဆုံး ဟီရတ်မြို့အပြင်ဘက်တွင် ဖခင်ဖြစ်သူများမှာသမီးများကို ရောင်းချခဲ့ကြရသည့်အတွက် ကြေကွဲဝမ်းနည်းနေကြသည်။

“ကျွန်တော့်ရဲ့ ၁၀ နှစ်အရွယ် သမီးလေးကို ရောင်းခဲ့ရပါတယ်။ကျွန်တော့်မှာသာ ရွေးချယ်စရာရှိခဲ့မယ်ဆိုရင် ဒီလိုလုပ်မှာ မဟုတ်ပါဘူး။ နောက်ထပ်စောင့်ရှောက်ပေးမယ့်သူတစ်ဦးကို တွေ့ခဲ့မယ်ဆိုရင် အသက်ငါးနှစ်အရွယ်သမီးလေးကိုပါ ထပ်ရောင်းသွားမှာပါ” ဟု မြေယာမဲ့လယ်သမားတစ်ဦးဖြစ်သည့် အလာဟူဒင်က ကြေကွဲဝမ်းနည်းစွာ ပြောကြားခဲ့သည်။

Most Read

Most Recent