ပြီးခဲ့သည့် တစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု UK တွင် ၁၆ ရာခိုင်နှုန်း၊ ရုရှားနိုင်ငံတွင် ၁၅ ရာခိုင်နှုန်းနှင့် ယူကရိန်းနိုင်ငံတွင် ၄၃ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယင်းအစီရင်ခံစာအရ COVID-19 ဖြစ်ပွားမှု ရုရှားနိုင်ငံ၊ UK နှင့် ယူကရိန်းတို့တွင် အသီးသီးမြင့်တက်ခဲ့ပြီး အမေရိကန်နိုင်ငံ၌ ၁၂ ရာခိုင်နှုန်းနှင့် တူရကီနိုင်ငံတွင် ရှစ်ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။
ကိိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်များ ရပ်တန့်နေခဲ့ပြီးနောက် ဖြစ်ပေါ်လာသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများနှင့် သေဆုံးမှုများ မြင့်တက်လာခြင်းကို ထိန်းချုပ်ရန်ကြိုးစားသည့်အနေဖြင့် မော်စကိုတာဝန်ရှိသူများက စျေးဆိုင်များ၊ စာသင်ကျောင်းများနှင့် စားသောက်ဆိုင်များကို ၁၁ ရက်ကြာ ပိတ်သည်ဟု ထုတ်ပြန်ခဲ့သည်။
လက်လီဆိုင်များ၊ စားသောက်ဆိုင်များ အပါအဝင် အရေးမပါသော ဝန်ဆောင်မှုအားလုံး၊ အားကစားပွဲများနှင့် ဖျော်ဖြေရေးရုံများ အားလုံးကို နိုဝင်ဘာ ၇ ရက်အထိ ပိတ်ထားရမည်ဖြစ်ကာ ကျောင်းများနှင့် သူငယ်တန်းကျောင်းများကိုလည်း ပိတ်ထားရမည်ဖြစ်သည်။
စံချိန်တင် ကူးစက်မှုများနှင့် စံချိန်တင်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် ကိုရိုနာဗိုင်းရပ်စ်လှိုင်းကို အာဏာပိုင်များက ထိန်းချုပ်ရန်ကြိုးစားနေသောကြောင့် စားစရာများ၊ ဆေးဝါးများနှင့် အခြားအရေးပါသောအရာများကို ရောင်းချပေးနေသော ဆိုင်များသည် ဖွင့်ထားရမည်ဖြစ်သည်။
ရုရှားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွားခဲ့သော နိုင်ငံများထဲတွင် ပါဝင်နေပြီး စုစုပေါင်းသေဆုံးသူ ၂၃၀၀၀၀ ကျော်ရှိပြီဖြစ်သော်လည်း အာဏာပိုင်များသည် အနောက်နိုင်ငံများတွင် ချမှတ်ခဲ့သော တင်းကျပ်သည့် လော့ဒေါင်းများကို ချမှတ်ခြင်း မရှိကြပေ။
သမ္မတဗလာဒီမာပူတင်၏ အစိုးရသည် ပြည်တွင်းထုတ် Sputnik V ကဲ့သို့သော ကာကွယ်ဆေးများကို အများအပြားမျှော်လင့်နေသော်လည်း ရုရှားနိုင်ငံသားအများစုမှာ ကာကွယ်ဆေးထိုးရန် ခေါင်းမာမာ ငြင်းဆန်နေကြသည်။
အောက်တိုဘာ ၂၈ ရက်အထိ ရုရှားလူဦးရေ၏ ၃၂ ရာခိုင်နှုန်းသာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အပြည့်အဝ ထိုးနှံထားရသေးသည်ဟု ဒေသတွင်းမှ ကိုရိုနာဗိုင်းရပ်စ် အချက်အလက်များကို ပြုစုထုတ်ပြန်ပေးနေသော ဂိုဂေါ့ဗ်ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
မြင့်တက်လာသော ကူးစက်မှုများ ကျဆင်းသွားစေရေးအတွက် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ တစ်နိုင်ငံလုံးတွင် လစာမဖြတ်ဘဲ အားလပ်ရက်ပေးမည်ဟု လွန်ခဲ့သောသီတင်းပတ်တွင် ပူတင်က ညွှန်ကြားခဲ့သည်။ မော်စကိုအာဏာပိုင်များကလည်း မြို့တော်၌ အရေးမပါသောဝန်ဆောင်မှုများကို အောက်တိုဘာ ၂၈ ရက်မှ စတင်ပိတ်ထားရန် ညွှန်ကြားခြင်းဖြင့် သမ္မတ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။
အောက်တိုဘာ ၂၈ ရက်တွင် မော်စကိုကားလမ်းများသည် ပုံမှန်ထက်ကျပ်နေခြင်း မရှိခဲ့သော်လည်း မြို့တော်၏ မြေအောက်ရထား စီးနင်းမှုများ ဆက်လက်များပြားနေခဲ့ပြီး ရထားစီးခရီးသည်အများစုမှာ နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသည်ကို တွေ့ရသည်။
အလုပ်မလုပ်ရသည့် ရက်များတွင် ရုရှားပြည်သူများ နေအိမ်တွင်သာ နေကြရန် အာဏာပိုင်များက ညွှန်ကြားထားခြင်းမရှိသဖြင့် ရုရှားနိုင်ငံသားအများစုမှာ အဆိုပါအားလပ်ရက်များတွင် နိုင်ငံတစ်ဝန်းခရီးသွားခြင်း၊ ပြည်ပခရီးသွားခြင်းတို့ကို လုပ်ဆောင်ရန် စီစဉ်နေကြသည်။
ပင်လယ်နက် အပန်းဖြေမြို့ဆိုချီ၏ မြို့တော်ဝန်က ကမ္ဘာလှည့်ခရီးသွားများ ပြုံကျလာမည်ကို သတိပေးထားပြီး ရုရှားမှ တူရကီ၊ အီဂျစ်တို့ကိုသွားမည့် လေယာဉ်ခရီးစဉ်များအတွက် လက်မှတ်ဝယ်လိုအား မြင့်တက်နေသည်ဟု ပြောကြားခဲ့သည်။















