တောင်ကိုရီးယား သမ္မတမွန်းဂျေအင်းသည် အောက်တိုဘာ ၂၉ ရက်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ဗာတီကန်တွင်တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို ဆွေးနွေးခဲ့ရာတွင် မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်ရန် ဖရန်စစ်အား တိုက်တွန်းခဲ့သည်ဟု ယွန်ဟက်သတင်းတွင် ဖော်ပြခဲ့သည်။
၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုတွင် မွန်းက တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံကို ၆၈ နှစ်ကြာ ပိုင်းခြားထားသည့် စစ်မဲ့ဇုန်တွင်ကာရံထားသည့် ခြံစည်းရိုးမှ သံဆူးကြိုးများဖြင့် ဖန်တီးပြုလုပ်ထားသည့် လက်ဝါးကပ်တိုင်တစ်ခုကို ပေးအပ်ခဲ့သည်။
ပုပ်ရဟန်းမင်းကြီးအနေဖြင့် အခွင့်အလမ်းရှိလာသည့်အချိန်တွင် မြောက်ကိုရီးယားသို့ သွားရောက်မည်ဆိုပါက ယင်းခရီးစဉ်သည် ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်တစ်ခု ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု မွန်းကပြောကြားခဲ့ကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပါ့ခ်ကျောင်မီက တောင်ကိုရီးယား သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း သူ့အနေဖြင့် မြောက်ကိုရီးယားအစိုးရ၏ ဖိတ်ကြားစာကို လက်ခံရရှိမည်ဆိုလျှင် မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်လိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ဖရန်စစ်သည် ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးနှင့် ဆွေးနွေးပွဲများ တိုးမြှင့်ရေးအတွက် မွန်းနှင့်ဆွေးနွေးခဲ့သည်ဟု ဗာတီကန်နန်းတော်က ပြောကြားခဲ့သည်။
ဖရန်စစ်သည် ၂၀၁၄ ခုနှစ်က တောင်ကိုရီးယားနိုင်ငံသို့ လာရောက်ခဲ့ပြီး ဆိုးလ်မြို့တော်တွင် ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို ရည်စူးကြောင်း ဖော်ပြသည့်အနေဖြင့် လူထုနှင့်စုရုံးတွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့သည်။
၂၀၁၈ ခုနှစ်က မွန်း၏ ပထမဆုံးအကြိမ် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံချိန်တွင် သူသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဖရန်စစ်အား မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန်နှုတ်ဖြင့် ဖိတ်ကြားချက်ကို ပုပ်အားထပ်ဆင့် ပြန်လည်ပြောပြခဲ့သည်။
တောင်ကိုရီးယားတွင် ကက်သလစ်ဘာသာဝင် ၅.၉ သန်းခန့်ရှိသည်ဟု ကိုရီးယားကက်သလစ် ဘုန်းတော်ကြီးများ ညီလာခံအရသိရပြီး ယင်းသည် တောင်ကိုရီးယားပြည်သူကိုးဦးတွင် တစ်ဦးမှာ ကက်သလစ်ဘာသာဝင် ဖြစ်သည်ဟု ပျမ်းမျှတွက်ချက်နိုင်သည်။
မြောက်ကိုရီးယား၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲတွင်မူ ဘာသာရေးလွတ်လပ်ခွင့်ရှိကြောင်း ဖော်ပြထားသော်လည်း ဘာသာရေးလှုပ်ရှားမှုများအားလုံးကို ခွင့်ပြုပေးထားသည့် နိုင်ငံပိုင်အဖွဲ့အစည်းများ၊ဌာနများတွင်သာ ပြုလုပ်ခွင့်ပေးထားသည်။
၂၀ ရာစုအစောပိုင်းကာလက ပြုံယမ်းသည် ဒေသတွင်း သာသနာပြုရာအရပ်တစ်ခုဖြစ်ခဲ့ပြီး ဘုရားကျောင်းများ အများအပြားရှိခဲ့ကာ အရှေ့တိုင်းမှ ဂျေရုဆလင်ဟုပင် ခရစ်ယန်အသိုင်းအဝိုင်းအကြား ရေပန်းစားခဲ့သည်။
သို့သော်လည်း လက်ရှိမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏အဖိုးဖြစ်ပြီး မြောက်ကိုရီးယားကို ထူထောင်ခဲ့သည့် ကွယ်လွန်ခဲ့ပြီဖြစ်သည့် ကင်အီဆွန်းလက်ထက်တွင်မူ ဘာသာရေးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ခဲ့ပြီး ဘာသာရေးလှုပ်ရှားမှုများကို အရှိန်လျှော့ချခဲ့သည်။
ယင်းအချိန်မှစပြီး မြောက်ကိုရီးယား အာဏာပိုင်များသည် ကူညီထောက်ပံ့ရေး စီမံကိန်းများကို လည်ပတ်ရန်အတွက်သာ ကက်သလစ်အဖွဲ့အစည်းများကို နိုင်ငံအတွင်း ခွင့်ပြုခဲ့သော်လည်း ယင်းအဖွဲ့အစည်းများသည် ဗာတီကန်နှင့် တိုက်ရိုက်ပတ်သက်မှု မရှိခဲ့ပေ။















