ထိုင်ဝမ်နှင့် အမေရိကန်အကြား စစ်ဘက်ဆက်ဆံရေးများကို ပြတ်သားစွာကန့်ကွက်ကြောင်း တရုတ် ပြောကြား

ထိုင်ဝမ်နှင့် အမေရိကန်အကြား စစ်ဘက်ဆက်ဆံရေးများကို ပြတ်သားစွာကန့်ကွက်ကြောင်း တရုတ် ပြောကြား
စက်တင်ဘာ ၁၅ ရက်က ထိုင်ဝမ်သမ္မတရုံးမှထုတ်ပြန်သည့် ဓာတ်ပုံတွင် ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ် (လယ်) က ကျာတုံးမြို့ရှိ လေတပ်စခန်းတစ်ခုတွင် စစ်မှုထမ်းများနှင့် စကားပြောနေစဉ်
စက်တင်ဘာ ၁၅ ရက်က ထိုင်ဝမ်သမ္မတရုံးမှထုတ်ပြန်သည့် ဓာတ်ပုံတွင် ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ် (လယ်) က ကျာတုံးမြို့ရှိ လေတပ်စခန်းတစ်ခုတွင် စစ်မှုထမ်းများနှင့် စကားပြောနေစဉ်
Published 29 October 2021
Ref: AFP

ထိုင်ဝမ်တွင် အမေရိကန်စစ်သားအရေအတွက် အနည်းငယ်ရှိနေသည်ဟု ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်က အတည်ပြုခဲ့ပြီးနောက် အမေရိကန်နှင့် ထိုင်ဝမ်အကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို ကန့်ကွက်ကြောင်း တရုတ်အစိုးရက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်းတို့ပိုင်ဆိုင်သည့် နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံးပြီး ပြန်လည်သိမ်းယူမည်ဟု ကတိပြုခဲ့ကာ မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်အပေါ်ဖိအားများ တိုးမြှင့်ခဲ့သည်။

အောက်တိုဘာ ၂၈ ရက်က ဆန်သည် CNN သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ခဲ့စဉ် ထိုင်ဝမ်တွင် စစ်ရေးလေ့ကျင့်မှုများကို ကူညီပေးရန် အမေရိကန်စစ်သား အနည်းငယ်ရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာမည်ဆိုပါက အမေရိကန်က ထိုင်ဝမ်ကို ကာကွယ်ပေးမည်ကို ယုံကြည်မှုရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ဒေသတွင်း၌ အာဏာရှင်ဆန်သည့် အင်အားကြီး အိမ်နီးချင်းနိုင်ငံ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဒီမိုကရေစီ မီးပြတိုက်ဖြစ်သည်ဟု သမ္မတဆန်အင်းဝမ်က ပြောကြားခဲ့သည်။

ယင်းမှတ်ချက်စကားများသည် တရုတ်အစိုးရကို ဒေါသထွက်စေခဲ့သည်။ “အမေရိကန်နဲ့ ထိုင်ဝမ်ကြား ဘယ်လိုပုံစံမျိုးနဲ့ဖြစ်စေ တရားဝင်တဲ့ အပြန်အလှန်ဆက်ဆံမှုတွေနဲ့ စစ်ဘက်ဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ တရုတ်ရဲ့ ပြည်တွင်းရေးကို အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ၊ ရန်စတဲ့ ကြိုးပမ်းမှုတွေနဲ့ ပြဿနာကို ပိုမိုဆိုးရွားစေတဲ့ ကြိုးပမ်းမှုတွေကို ကန့်ကွက်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသည် ဝမ်ဝင်ပင်းက ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် တရုတ်နှင့် သံတမန်ဆက်ဆံရေးကို ပြောင်းလဲအသိအမှတ်ပြုခဲ့သည့် ၁၉၇၉ ခုနှစ်က ထိုင်ဝမ်မှ အမေရိကန်တပ်များ ထွက်ခွာပြီးကတည်းက ဆန်၏မှတ်ချက်စကားများသည် ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်ခေါင်းဆောင်တစ်ဦး၏ လူသိရှင်ကြား ဝန်ခံချက်တစ်ခု ဖြစ်လာခဲ့သည်။

“တရုတ်တစ်နိုင်ငံတည်း မူဝါဒဟာ တရုတ် - အမေရိကန်ဆက်ဆံရေးရဲ့ နိုင်ငံရေးအုတ်မြစ် ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်နိမိတ် တည်တံ့ခိုင်မြဲမှုကို ကာကွယ်မယ့် တရုတ်ပြည်သူတွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို လျှော့မတွက်သင့်ပါဘူး” ဟု ဝမ်ကပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်သည် ထိုင်ဝမ်အား တရုတ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်မပြုခဲ့သဖြင့် တရုတ်အစိုးရသည် ထိုင်ဝမ်နှင့်တရားဝင်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြီး သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးဖိအားများကို တိုးမြှင့်ခဲ့သည်။

အမေရိကန်သည် တရုတ်ကို သံတမန် ဆက်ဆံရေးအသိအမှတ်ပြုခဲ့စဉ်က ထိုင်ဝမ်၏ တည်ရှိမှုကို အပြောင်းအလဲဖြစ်စေမည့် မည်သည့်ဖိအားကိုမဆိုဆန့်ကျင်ကြောင်း ပြောကြားခဲ့ပြီး ထိုင်ဝမ်၏ ကာကွယ်ရေး စွမ်းဆောင်ရည်များကို ထိန်းသိမ်းရန် ကူညီပေးလျက်ရှိသည်။                               

Most Read

Most Recent