အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းခေါင်းဆောင် အဖြစ် နောက်ခံလူ စိုးမိုးကျော်ကို ခန့်အပ်ကြောင်း နည်းပြချုပ် ပိုပေါ့ဗ်က ၎င်း၏လူမှု ကွန်ရက်မှတစ်ဆင့် အတည်ပြုခဲ့သည်။
မြန်မာ ယူ-၂၃ အသင်းသည် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ လေ့ကျင့် မှုပြုလုပ်လျက်ရှိပြီး အောက်တိုဘာ ၂၂ ရက် ကပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်တွင် စိုးမိုးကျော်အား အသင်းခေါင်းဆောင်လက်ပတ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ပိုပေါ့ဗ်သည် မြန်မာ ယူ-၂၃ အသင်းအတွက် အသင်းခေါင်းဆောင်သုံးဦး ရွေးချယ်ခဲ့ပြီး ကစားသမားများ ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်း ပထမအသင်းခေါင်းဆောင် အဖြစ် နောက်ခံလူ စိုးမိုးကျော်၊ ဒုတိယအသင်း ခေါင်းဆောင်အဖြစ် ကွင်းလယ်ကစား သမား လွင်မိုးအောင်၊ တတိယအသင်းခေါင်းဆောင် အဖြစ် ကွင်းလယ်ကစားသမား မြတ်ကောင်း ခန့်တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ် ၏ ထုတ်ပြန်မှုအရ ၎င်းင်းတို့ကို လာမည့်ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအထိပါ တာဝန်ယူစေမည် ဖြစ်သည်။
ယင်းကစားသမားသုံးဦးမှာ နည်းပြချုပ် ပိုပေါ့ဗ် ၂၀၁၉ ခုနှစ်တွင် မြန်မာ ယူ-၂၂ အသင်းကို ကိုင်တွယ်စဉ်ကတည်းက လက်တွဲခဲ့သူများဖြစ်ပြီး စိုးမိုးကျော်မှာမူ ပထမဆုံးအဖြစ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခံရခြင်းဖြစ်သည်။ ပိုပေါ့ဗ်သည် မြန်မာယူ-၂၂ /ယူ-၂၃ အသင်း နည်းပြချုပ် အဖြစ် နိုင်ငံတကာပြိုင်ပွဲသုံးခုသာ ကိုင်တွယ်ရသေးပြီး အသင်းခေါင်းဆောင်သုံးဦး တာဝန်ပေးအပ်ခဲ့သည်။ ၂၀၁၉ ခုနှစ်က ယှဉ်ပြိုင်ခဲ့ သည့် နိုင်ငံတကာပြိုင်ပွဲများအနက် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဂိုးသမား ဘုန်းသစ္စာမင်း၊ အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် နောက်ခံလူ ဝင်းမိုးကျော်၊ ၂၀၁၉ ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ကွင်းလယ်ကစားသမား လှိုင်းဘိုဘို တို့ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယခု ပြန်လည်ဖွဲ့စည်းရာတွင် အသက်ကျော်သည့် ကစားသမားအချို့ ကျန်ရစ်ခဲ့သည့်အပြင် ကစားသမားအချို့မှာလည်း လာရောက်ပူးပေါင်းခြင်းမရှိသဖြင့် နည်းပြချုပ် ပိုပေါ့ဗ် အနေဖြင့် အသင်းခေါင်းဆောင် ပြန်လည်ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲ တွင် အသက်ကျော်ကစားသမားနှစ်ဦး ထည့်သွင်းခွင့်ရသဖြင့် လှိုင်းဘိုဘိုမှာ အသင်းခေါင်း ဆောင်အဖြစ် တာဝန်ပေးအပ်ခံရခြင်းဖြစ်သည်။
မြန်မာ ယူ-၂၃ အသင်းယှဉ်ပြိုင်မည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပမည် ဖြစ်သည်။ မြန်မာအသင်းသည် အောက်တို ဘာ ၂၅ ရက်အထိ ဒူဘိုင်းမြို့$ လေ့ကျင့်မည် ဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်တွင် ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။















