ဥပုသ်ထမ်း

ဥပုသ်ထမ်း
Photo: Facebook - Mingalapar 01
Photo: Facebook - Mingalapar 01
Published 11 October 2021
သိုက်စိုးထွန်း(နတ်ရွာ)

ရွာဘက်မှာတော့ ဥပုသ်ကို အလှည့်နဲ့ စောင့်ကြတာ။ ၀ါခေါင်လပြည့်နေ့ ဒီရွာကျောင်း၊ ၀ါခေါင် လပြည့်ကျော်ရှစ်ရက်နေ့ ဟိုရွာကျောင်းဆိုပြီး ဂေါစရဂါမ်တစ်ဝိုက်က ကျောင်းတွေ၊ ဘုရားတွေကို သူ့အလှည့်နဲ့သူ သတ်မှတ်ထားကြတာ။ ဘယ်လက်ထက်ကစခဲ့သလဲမသိပေမဲ့ အတော်ကောင်းတဲ့ အစဉ်အလာတစ်ခုပါ။

၀ါတွင်းဥပုသ်နေ့တွေမှာ ကိုယ့်ရွာကိုယ့်ကျောင်းမှာချည်း ဥပုသ်မစောင့်ဘဲ ဟိုကျောင်းဒီကျောင်း တစ်လှည့်စီသွားကြတဲ့စနစ်ကြောင့် ရလာတဲ့အကျိုးတွေ အများကြီးရှိပါတယ်။ အကျိုးကျေးဇူးဆိုတဲ့နေရာမှာ သီလရဲ့အကျိုးကိုဆိုလိုတာ မဟုတ်ပါဘူး။ ဥပုသ်သီလအနေနဲ့ကတော့ ဘယ်မှာပဲစောင့်စောင့် အကျိုးရှိတာပါပဲ။ ဒီနေရာမှာ ပြောချင်တဲ့အကျိုးတွေက ကိုယ့်နယ်တစ်ဝိုက်က ဆရာတော်တွေကို အနည်းဆုံး တစ်နှစ်တစ်ခါ ဖူးမြော်ကန်တော့ ဖြစ်သွားတယ်။ လှူဒါန်းဖြစ်သွားကြတယ်။ ဒီအတိုင်းသပ်သပ်ဆို သိပ်ရောက်ဖြစ်ကြတာ မဟုတ်ဘူး။ ဥပုသ်လှည့်မို့ ဥပုသ်စောင့်သွားရင်း ရောက်ကြရတာ။ တချို့ထေရ်ကြီးဝါကြီး ဆရာတော်တွေက တစ်ရပ်တစ်ကျေး မကြွနိုင်ကြတော့ဘူး။ ဆရာတော်တွေ ဖူးခွင့်ရတဲ့အပြင် နယ်သူနယ်သားအချင်းချင်းလည်း ရင်းနှီးမှုတွေ ရသွားတယ်။ ဒေသန္တရ ဗဟုသုတရစေတယ်။ ဒီလိုဒီလိုအကျိုးတွေကိုဆိုလိုတာပါ။

၀ါတွင်းသုံးလမှာ တစ်ကျောင်းတစ်လှည့်စီပေါ့။ ဘီသျှူး၊ အုတ်ဖို၊ နတ်ရွာ၊ မြင်သာ၊ ကွမ်းအုံ၊ ကြို့ကုန်း၊ ပဲပြစ်တော၊ မြို့သစ်ချောင်း၊ ရွာက ကျောင်းတွေပါသလို တောင်ကလပ်အထက်ကျောင်း၊ အောက်ကျောင်း၊ ဆင်ကျုံးတောရ၊ ဘုရားကြီးဆိုတာတွေလည်း အလှည့်ကျ။ အလှည့်ကျတဲ့ကျောင်းကို တစ်နယ်လုံးက ဥပုသ်စောင့်မယ့်သူတွေ အကုန်နီးပါးလာစုကြတာ။ ခရီးဝေးသိပ်မသွားနိုင်ကြတဲ့ သက်ကြီးဝါကြီးတွေလောက်သာ ကိုယ့်ရွာကျောင်းမှာ ကျန်ခဲ့ကြတာ။

ရွာနဲ့ဝေးတဲ့ကျောင်း ဥပုသ်လှည့်ကျတဲ့နေ့ဆို နံနက်အစောကြီးကတည်းက ထသွားကြရတာ။ စက်ဘီးနဲ့ ဆိုင်ကယ်နဲ့ သွားတဲ့သူ နည်းနည်းရှိပေမဲ့ အများစုကတော့ ခြေလျင်။ ကြွေရည်သုတ် သံဇလုံအကြီးကြီးတစ်လုံးထဲမှာ ထမင်းတွေ၊ ဟင်းချိုင့်တွေထည့်၊ ကြွေရည်သုတ် သံလင်ပန်းတစ်ချပ်နဲ့ အုပ်၊နှီး တောင်းတစ်ခုထဲမှာက ပန်းကန်ခွက်ယောက်တွေ၊ မုန့်တွေထည့်ပြီး ထန်းလျှော်ဆိုင်းလေးထဲထည့်၊ ထမ်းပိုးနဲ့ လျှိုထမ်း။ ဥပုသ်စောင့်သွားရာမှာ ယူလာတဲ့ဆိုင်းထမ်းကလေး ထမ်းပေးတဲ့သူကိုခေါ်ကြတာက ဥပုသ်ထမ်းတဲ့။

ဥပုသ်ထမ်းလိုက်ရတာက ခြေညောင်းပေမဲ့ ပျော်စရာ။ သွားကြတာက အဖွဲ့လိုက်။ တစ်ရွာဝင် တစ်ရွာထွက်၊ တစ်ကုန်းဆင်း တစ်ကုန်းတက်၊ တစ်ချောင်းကူး တစ်ချောင်းဖြတ်နဲ့ ချီတက်ကြရတာ။ နည်းနည်းဝေးတဲ့ ရွာဆို သီလပေးကာနီးမှ ကပ်ရောက်ကြတာ။

ကျောင်းအဝင်လမ်းမှာ လာသမျှ ဥပုသ်သည်တွေကို ရွာခံတွေက အဝင်လမ်းဘေး ဝဲယာတစ်လျှောက် တန်းစီဆီးကြိုပြီး ချိုချဉ်၊ ကော်ဖီမစ်၊ မုန့် စသည်အားဖြင့် ကိုယ်တတ်နိုင်တာလေးတွေ လက်ဆင့်ကမ်း ပေးလှူကြတဲ့ ရွာတွေလည်းရှိတယ်။ တချို့ရွာကျတော့လည်း ထိုင်နေတုန်းမှာမှ လှည့်ဝေကြတာ။

ကျောင်းရောက်တာနဲ့ ဆရာတော်ဆီပြေး၊ ဆွမ်းကွမ်းလှူ၊ ကန်တော့။ “ဥပုသ်သီလဆောက် တည်ကြမယ့်ပုဂ္ဂိုလ်များ သီလခံယူကြဖို့အတွက် ကျောင်းပေါ်ကြွကြပါခင်ဗျား” လို့ မိုက်နဲ့ကြေညာလိုက်တော့ အကုန်စုလာကြတယ်။ ဘယ်လောက်ကြီးတဲ့ကျောင်းဖြစ်ဖြစ် ဘယ်ဆံ့လိမ့်မတုန်း။ ဝရန်တာတွေပေါ်မှာ၊ လှေခါးထစ်တွေပေါ်မှာရော မျှထိုင်တာတောင်မဆံ့လို့ နီးစပ်ရာ မန်ကျည်းပင်ရိပ်၊ ခရေပင်ရိပ်တွေမှာ နေရာယူကြရသေးတာ။ ပြွတ်သိပ်ညပ်လို့။ အသံချဲ့စက်ရှိတဲ့ခေတ်မို့လို့သာ တော်တော့တယ်။  အဟောအပြောကောင်းတဲ့ ဆရာတော့်ကျောင်းဆို ကလေးတော်တော်များများပါ တရားနာကြတယ်။ တရားရှည်လာပြန်တော့ ငိုက်တဲ့ကလေးက ငိုက်ကုန်တယ်။ သာဓု၊ သာဓုဆိုမှ လန့်နိုးလာတယ်။

တစ်ခါတုန်းကဆို ဥပုသ်သည်တွေ အများကြီးပြုံတက်လိုက်တာ၊ ဗျိုဗျိုးဗြစ်ဗြစ်နဲ့ ကျောင်းယက်မတွေ၊ ထုပ်လျှောက်တွေက အသံပေးလို့ အကုန်ပြန်ဆင်းပြေးကြရတာ။ လူစည်တာလည်းပါမှာပေါ့။ ကျောင်းကဟောင်းနေတာလည်း ပါမှာပေါ့။

လူကြီးတွေ သီလယူနေတုန်း၊ ဆရာတော် တရားဟောနေတုန်းမှာ ဥပုသ်ထမ်းကလေးတွေက လွတ်ရာကျွတ်ရာ ဘုရားကြို ဘုရားကြား၊ ရေကန်နား၊ သစ်ပင်နား သွားငေးနေကြတာ။ ဆော့တဲ့သူကဆော့၊ မော့တဲ့သူကမော့။ ကျောင်းမှာ လာတွေ့ကြသူအချင်းချင်း မင်းကဘယ်ရွာက၊ ငါကဘယ်ရွာကဆိုပြီး မိတ်ဆက်တဲ့သူကဆက်။ ပြေးကြလွှားကြ ခုန်ကြပေါက်ကြရင်း ခလုတ်တွေ တိုက်၊ မှောက်လျက်တွေလဲ၊ ဒူးပြဲတဲ့သူက ပြဲ၊ နဖူးကွဲတဲ့သူကကွဲ။

ရှေးဟောင်းစေတီကြီးတွေ ရှိတဲ့ကျောင်းဆိုရင် ရှေးဟောင်းစေတီတော်ရဲ့ လိုဏ်ဂူထဲဝင်ကြည့်ကြတာ။ တချို့ဘုရားတွေက ပိန်းပိတ်အောင် မည်းမှောင်လို့၊ လင်းနို့ချေးနံ့တွေက ထောင်းလို့၊ တစ်ခါတစ်ခါ စမ်းတဝါးဝါးနဲ့ကိုယ်ဝင်သွားတုန်း လင်းနို့က ဖလူးခနဲပျံပြေးရင် လန့်ရသေးတာ။ သူ့အလိုလို မြေကြီးပေါ်ကျနေတဲ့ လင်းနို့တွေ့ရင်လည်း ဒါဘယ်လိုအကောင်လဲဆိုပြီး ကြည့်ရသေးတာ။ “ကြွက်ကို တောင်ပံတပ်ထားသလိုပါပဲကွာ” ဆိုတဲ့ သုံးသပ်ချက်မျိုးလည်း ပေးကြသေးတာ။ ဒီအကောင်က မမြင်ဘူး၊ ကြားပဲကြားနိုင်တာဆိုလို့ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး အနီးကပ်လေ့လာကြသေးတာ။ တစ်ခါတစ်ခါတော့လည်း ဘုရားစောင်းတန်းတွေကြား၊ ဂန္ဓကုဋီကြားက ခိုသိုက်တွေ တက်ကြည့်ကြသေးတာ။ တချို့ကျောင်းတွေကျတော့ ခိုတွေ၊ ရှဥ့်တွေက လက်တစ်ကမ်းအကွာအထိ အကပ်ခံကြတယ်။ အန္တရာယ်မပြုမှန်းသိတော့ တော်ရုံတန်ရုံနဲ့ မပြေးကြ၊ မပျံကြဘူး။

ဗုဒ္ဓဝင်ပန်းချီကားတွေရှိတဲ့ ကျောင်းဆိုရင်တော့ ပန်းချီကားတွေတစ်ချပ်ချင်း လိုက်ငေး၊ စာညွှန်းပါတဲ့ ကားတွေဆိုရင် စာညွှန်းတွေလိုက်ဖတ်၊ မပါတာတွေဆို ဒါကဘယ်ဇာတ်၊ ဘယ်အခန်းကို သရုပ်ဖော်တာ ဖြစ်မလဲဆိုပြီး ကိုယ့်ဘာသာအဖြေရှာ၊ တစ်ယောက်နဲ့တစ်ယောက်လည်း ငြင်းကြခုံကြတာပေါ့။ ရှေးဟောင်းရုပ်ပွားတော်ကြီးတွေရှိတဲ့ ကျောင်းဆိုရင်တော့ ဘုရားဖူးရင်း သမိုင်းက ဘယ်လို၊ ဇာတ်ကြောင်းကဘယ်ပုံဆိုတာတွေ မေးကြမြန်းကြရတာပေါ့။

တောင်ကလပ်အထက်ကျောင်းမှာက ဘိုးတော်ဘုရားလက်ထပ်က ရုပ်ပွားတော်ကြီးရှိတယ်။ တစ်ရာ့ရှစ်ကွက်စက်လက္ခဏာ အပြည့်အစုံပါတဲ့ ခြေတော်ရာရှိတယ်။ ကျောင်းဝန်းကျင်က တောစပ်ထဲမှာ တရားအားထုတ်မယ့်သူတွေအတွက် သဲကျောက်နုလိုဏ်ဂူတွေရှိတယ်။ သဲချောင်းကလေးရှိတယ်။ သံချောင်းထဲက ရေတွင်းဘေးမှာ ရှောက်ပင်လေးကလည်း အသီးတွေဝေလို့။ တောကလေးရှိတယ်။ ရေကန်လည်းရှိတယ်။ တက်စရာတောင်ပူစာလေးတွေလည်းရှိတယ်။ သစ်သီးဝလံတွေလည်းရှိတယ်။ ဖွေးနေအောင်ပွင့်တဲ့ တရုတ်စံကားပင်ကြီးတွေရှိတယ်။

တောင်ကလပ်အောက် ကျောင်းမှာကျတော့ ရှေးဟောင်းပစွည်းတွေစုထားတဲ့ ပြတိုက်တစ်ခုရှိတယ်။ ဆင်းတုတော်တွေ၊ ရုပ်လုံးရုပ်ကြွတွေ၊ လူ့အသုံးအဆောင်ပစ္စည်းတွေ၊ ငါးမန်းစွယ်တွေ၊ လိပ်ကျောက်မြီးတွေ၊ ရှေးဟောင်းဓာတ်ပုံတွေငေးလို့မကုန်နိုင်ဘူး။ ပေပင်ကြီးတွေဝေလို့၊ ပေသီးအကြွေ လိုက်ကောက်ကြတယ်။ ဧကရာဇ်ပန်းတွေက ဖွေးဖွေးလှုပ်အောင်ပွင့်နေတယ်။ တစ်ကျောင်းလုံး မွှေးကြိုင်နေတယ်။ သလဲပင်တွေကလည်း ပြွတ်နေအောင်သီးကြတာ။ ၀ါးရုံပင်တွေကလည်း စိမ်းလို့။

ပဲပြစ်တောအနောက်ကျောင်းမှာကျတော့ ကျိုက်ထီးရိုးစေတီတော်ပုံတူရှိတယ်။ ကျီးကန်းပါးစပ်လိုဏ်ဂူ၊ စိုင်တမော့စခန်းစသည်အားဖြင့် တတ်နိုင်သမျှ အကုန်ပါအောင် ထည့်သွင်းတည်ဆောက်ထားတယ်။ ဘုရားဖူးအသွားအလာများလွန်းလို့ ယာခင်းထဲက ဗူး၊ ဖရုံ၊ သခွားတွေအပျက်များလာတာနဲ့ ဘုရားကို နွယ်ကြိုးနဲ့ ဆွဲချလို့ ကျောက်ရုပ်ဖြစ်သွားကြတယ်ဆိုတဲ့သူတွေရဲ့ ရုပ်တုတွေလည်းပါတယ်။ အရှေ့ရွာက ဘုရားရှေ့မှာတော့ ဒီနယ်တစ်ဝိုက်မှာ အကြီးမားဆုံးဖြစ်တဲ့ တစ်စီးတည်းသော ခြင်္သေ့ကြီး။ မြို့သစ်ချောင်းမှာကျတော့ ရေလှောင်တမံကြီးရှိလို့ သွားကြည့်ရသေးတာ။

အုတ်ဖိုက ကျောင်းမှာတော့ ဗုဒ္ဓဝင်ပန်းချီကားတွေစုံလို့။ တွဲလဲမသီးဘဲ မိုးပေါ်ထောင်သီးတဲ့ မိုးမျှော်ငရုတ်ပင်ကို အဲဒီမှာမှ စမြင်ဖူးခဲ့တာ။ ရေပေါတဲ့ရွာဆိုတော့ အုန်းပင်၊ ငှက်ပျောပင်၊ သီးပင်စားပင်တွေနဲ့ စိမ်းလို့စိုလို့။ တောင်ပေါ်ကျောင်းအထိ တက်ကြည့်လိုက်တော့ လူတစ်ထိုင်လောက်ပဲရှိတဲ့ သြဇာပင်က အသီးသီးနေတာ တွေ့ခဲ့ရတယ်။ ဘီသျှူးမှာကျတော့ ဗန္ဓကဘုရားလိုဏ်ဂူတော်ထဲ သွားငေးရတာ။ ကြို့ကုန်းအနောက် ကျောင်းကျတော့ ဆွမ်းစားကျောင်း မျက်နှာကြက်မှာ ရွဲလုံးကြီးတွေ ချိတ်ထားလို့ရွဲဆိုတာကို အဲဒီမှာမှ မြင်ဖူးတာ။ ဆွမ်းစားကျောင်းလှေကားအုတ်ခုံကြီးကလည်း ခန့်လိုက်ပါဘိ။ တစ်နှစ်လုံးပွင့်နေသီးနေတဲ့ သုံးထပ်သရက်ပင်ဆိုတာကိုလည်း အဲဒီကျမှစမြင်ဖူးတာ။ သူ့ကျောင်းနဲ့သူ၊ သူ့ရွာနဲ့သူ ငေးစရာမောစရာ ဗဟုသုတယူစရာတွေကတော့ ရှိကြတာပါပဲ။ ကလေးဘဝဆိုတော့ မြင်မြင်သမျှ အဆန်းတွေပေါ့။

သီလယူပြီး မွန်းမတည့်ခင် နေ့လည်စာစားအပြီးမှာ အနယ်နယ်အရပ်ရပ်ကလာသမျှ ဥပုသ်သည် ကလေးလူကြီးမရွေး ကျောင်းပေါ်ဖိတ်ပြီး ရေနွေးကြမ်းနဲ့ လက်ဖက်၊ ပဲခြမ်းနဲ့၊ မုန့်ပဲသားရေစာအချိုပွဲနဲ့ ဧည့်ခံတဲ့အလုပ်ကိုလည်း အိမ်ရှင်ရွာခံတွေက လုပ်ပေးကြသေးတာ။ တစ်နှစ်မှတစ်ခါဆိုတော့ ဖွယ်ဖွယ်ရာရာဖြစ်အောင် လုပ်ကြတာ။ တချို့ရွာတွေက လာသမျှပရိသတ်ကို ထမင်းပါကျွေးလိုက်သေးတာ။

သီလယူပြီး ထမင်းစားပြီးပေမဲ့ မပြန်ကြသေးပါဘူး။ တစ်ရေးတစ်မှေး နားတဲ့သူကနား၊ အလုပ်ပေးတရားနာတဲ့အခါနာ။ ညနေခပ်စောင်းစောင်းကျတော့ ဟိုအိမ်က ဝင်ခဲ့ပါဦး၊ ဒီအိမ်က လာခဲ့ပါဦးနဲ့ ခင်ရာခင်ရာအသိတွေ အိမ်လှည့်ကြရသေးတာ။ လူကြီးတွေ ပြောကြတဲ့ ရပ်ကြောင်းရွာကြောင်း၊ မာကြောင်းသာကြောင်းတွေလည်း နားထောင်ရသေးတာ။ နည်းနည်းဝေးတဲ့ရွာဆိုရင် ညနေနေဝင်ဖြိုးဖျလောက်မှ အိမ်ပြန်ရောက်ကြတာ။

ဥပုသ်ထမ်းလိုက်တဲ့သူကတော့ ဥပုသ်ရတဲ့အခါမှရတာ။ မရတာကခပ်များများပေါ့။ ကျောင်းတွင်းဥပုသ် ဆိုတာလည်း ရှိလိုက် စောင့်လိုက်ကြသေးတာ။ ကျောင်းတွင်းဥပုသ်တောင် မစောင့်နိုင်လို့ တစ်ထိုင်ဥပုသ်ဆိုပြီး ကိုယ့်ဘာသာပိုင်းခြားတဲ့သူကလည်း ရှိသေးတာ။

ဥပုသ်ထမ်းလိုက်တဲ့သူက ဥပုသ်မရရင်တောင်မှ ကျောင်းကန်ဘုရားကို အရောက်အပေါက်များလာတယ်။ ဝေယျာဝစ္စကုသိုလ်တော့ ရနေတယ်။ ဒေသန္တရဗဟုသုတတွေတိုးလာတယ်။ သူငယ်ချင်းမိတ်ဆွေသစ်တွေ ရလာတယ်။ ဗုဒ္ဓအဆုံးအမနဲ့ ပိုနီးစပ်လာတယ်။ မြန်မာ့ဓလေ့စရိုက်တွေနဲ့  အကျွမ်းတင်ဖြစ်လာတယ်။

ဟိုတစ်ချိန်က ဥပုသ်ထမ်းလိုက်ခဲ့ရတာလေးတွေကို သတိရနေမိပါရဲ့လေ။

Most Read

Most Recent