ဘာစီလိုနာအတွက် မက်ဆီ အခမဲ့ကစားပေးရန် မျှော်လင့်ခဲ့ကြောင်း လာပေါ်တာ ဖွင့်ဟ 

ဘာစီလိုနာအတွက် မက်ဆီ အခမဲ့ကစားပေးရန် မျှော်လင့်ခဲ့ကြောင်း လာပေါ်တာ ဖွင့်ဟ 
Photo: talkSPORT
Photo: talkSPORT
Published 8 October 2021

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက မက်ဆီအနေဖြင့် လစာမယူဘဲ အသင်းအတွက် အလကားကစားပေးရန် မျှော်လင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းသည် မက်ဆီကို စာချုပ်သက်တမ်းတိုးရန် ကြိုးစားခဲ့သော်လည်း လာလီဂါလစာကန့်သတ်မှုစည်းမျဉ်းအပြင် အသင်း၏ဘဏ္ဍာရေးအကျပ်အတည်းများကြောင့် မက်ဆီကို လက်လွှတ်ခဲ့ရသည်။ 

သို့သော် လာပေါ်တာက မိမိအနေဖြင့် နောက်ဆုံးအချိန်ထိ မက်ဆီကို ဘာစီလိုနာအသင်းတွင် ဆက်နေပြီး အသင်းအတွက် အခမဲ့ကစားပေးရန် မျှော်လင့်ခဲ့ကြောင်း RAC1 နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လာပေါ်တာက "မက်ဆီကို လေးစားကြောင့် သူ့ကို ကျွန်တော် စိတ်မဆိုးပါဘူး။ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ ဆက်နေချင်ခဲ့တာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ PSG အသင်းရဲ့ ကမ်းလှမ်းမှုကို မျက်ကွယ်ပြုဖို့တော့ သူ့အတွက် ခက်မှာပါ။ ကျွန်တော်က ဘာစီလိုနာအတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်တာကို လုပ်ခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးအချိန်ထိ ဘာစီလိုနာအတွက် အခမဲ့ ကစားပေးမယ်လို့ မက်ဆီ ပြောမယ်လို့ မျှော်လင့်ခဲ့မိပါတယ်။ ဒါဆိုရင် လာလီဂါအဖွဲ့ချုပ်ကလည်း ဒါကို လက်ခံပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ သူ့လိုကစားသမားမျိုးကို အဲဒီလို တောင်းဆိုခွင့် မရှိပါဘူး"ဟု ပြောကြားခဲ့သည်။ 

အသက် (၃၄)နှစ်အရွယ်ရှိ မက်ဆီသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် (၁၇)ရာသီကြာ ကစားခဲ့သည့် ဘာစီလိုနာအသင်းကို စွန့်ခွာကာ PSG အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။ 

မက်ဆီသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၅)ပွဲကစားထားပြီး (၁)ဂိုးသာ သွင်းယူနိုင်သေးသည်။ 

Most Read

Most Recent