လီဗန်တေးကို ရှုံးနိမ့်ပြီးနောက် အပြောင်းအလဲပြုလုပ်ရန် ရီးယဲလ်မက်ဒရစ်အသင်းကို ပရိသတ်များတောင်းဆို

လီဗန်တေးကို ရှုံးနိမ့်ပြီးနောက် အပြောင်းအလဲပြုလုပ်ရန် ရီးယဲလ်မက်ဒရစ်အသင်းကို ပရိသတ်များတောင်းဆို
Published 21 October 2018

 

ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များသည် လီဗန်တေးအသင်းအား (၁-၂) ဂိုးဖြင့်ရှုံးနိမ့်သည့်ပွဲစဉ်အပြီးတွင် အသင်းကို အပြောင်းအလဲများပြုလုပ်ရန် တောင်းဆိုခဲ့ကြကြောင်းသိရသည်။

အောက်တိုဘာ (၂၀) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ်မက်ဒရစ် (၁-၂) လီဗန်တေးပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းသည် သမိုင်းတစ်လျှောက် ဂိုးပေါက်ပျောက်ဆုံးမှုအကြာဆုံး စံချိန်ကိုပါရရှိခဲ့ပြီး ပြိုင်ပွဲစုံ (၅) ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့ရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အဆိုပါပွဲစဉ်တွင် ပွဲချိန် (၇၂) မိနစ်၌ မာဆယ်လိုဂိုးမသွင်းမီ (၄၈၁) မိနစ်ကြာဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး ၁၉၈၅ ခုနှစ်က (၄၆၄) မိနစ်ကြာဂိုးပေါက်ပျောက်ဆုံးခဲ့သည့် စံချိန်ကိုပါ ကျော်သွားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါပွဲစဉ်အပြီးတွင် ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များက လူမှုကွန်ရက်များတွင် အသင်းအနေဖြင့် အပြောင်းအလဲပြုလုပ်ရန်မဖြစ်မနေလိုအပ်နေပြီဖြစ်ကြောင်းနှင့် ယခင်ရီးယဲလ်မက်ဒရစ်အသင်းကို ပြန်လည်မြင်တွေ့လိုကြောင်းရေးသားခဲ့ကြသည်။

ယခုကဲ့သို့ ရလဒ်များဆက်တိုက် ဆိုးရွားနေခြင်းကြောင့် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ လိုပယ်တယ်ဟီ၏ အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခဲ့ပြီး ချယ်လ်ဆီးနည်းပြဟောင်းကွန်တီကို ၄င်းနေရာတွင် အစားထိုးရန်စီစဉ်နေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ ပွဲစဉ် (၅) ပွဲတွင် အက်သလက်တီကိုအသင်းနှင့် သရေကျခဲ့ပြီး ကျန်ပွဲစဉ် (၄) ပွဲစလုံးရှုံးနိမ့်ခဲ့ပြီး  သွင်းဂိုး (၁) ဂိုးသာရရှိခဲ့ကြောင်းသိရသည်။

Most Read

Most Recent