မြန်မာနိုင်ငံတွင် လက်ရှိ တစ်ရက်လျှင် COVID-19 ရောဂါကာကွယ်ဆေး သုံးသိန်းခန့်အထိတိုးချဲ့ ထိုးနှံပေးနေပြီး ကာကွယ်ဆေး အလုံးရေ ၁၅ သန်း ၆ သိန်း ရရှိထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm ကာကွယ်ဆေး ၂၄ သန်းစာ စာချုပ်ချုပ်ဆို ဝယ်ယူထားသည့် ၂၄ သန်းအနက် ယခုလ စက်တင်ဘာအတွင်း ၈ သန်းရောက်ရှိပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကာကွယ်ဆေးများရောက်ရှိလာပါက လူဦးရေ ၁၂ သန်းကို ယခုနှစ်အတွင်း ထိုးနှံပေးမည်ဖြစ်ပြီး အသက် ၄၀ မှ ၆၄ နှစ်အတွင်း လူအုပ်စုများပါဝင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၆ ရက်အထိ COVID-19 ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူ ၃ ဒသမ ၄၈ သန်း (၉ ဒသမ ၄၃ ရာခိုင်နှုန်း)၊နှစ်ကြိမ်အပြည့်ထိုးပြီးသူ ၃ ဒသမ ၇၃ သန်း (၁၀ ဒသမ ၁ ရာခိုင်နှုန်း၊ ဆေးထိုးပြီးသူဦးရေ ရဒသမ ၂ သန်း (၁၉ ဒသမ ၅ ရာခိုင်နှုန်း)နှင့် စုစုပေါင်းထိုးနှံပြီးသော ကာကွယ်ဆေး အကြိမ်ရေ ၁၀ ဒသမ ၉၄ သန်းရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
COVID-19 ကာကွယ်ဆေးများကို အသက် ၁၈ နှစ်အထက် လူဦးရေ ၃၆ ဒသမ ၉ သန်းကို ဦးစားပေးထိုးနှံနေပြီး လက်ရှိတွင် ကာကွယ်ဆေးလွှမ်းခြုံမှု ၁၆ ဒသမ ၇ ရာခိုင်နှုန်းထိုးနှံပြီးစီးကြောင်းကျန်းမာ ရေးဝန်ကြီးဌာနမှသိရသည်။
စက်တင်ဘာ လအကုန်တွင် ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု ၂၀ ရာခိုင်နိုင်ထိုးနှံနိုင်ရန်၊၂၀၂၁ ခုနှစ်ကုန်တွင် ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ရာခိုင်နှုန်း ၅၀ ထိုးနှံနိုင်ရန် နှင့် ၂၀၂၂ နှစ်လယ်တွင် ၇၀ ရာခိုင်နှုန်းထိုးနှံနိုင်ရန် စီစဉ်ထားပြီး လက်ရှိထိုးနှံပြီးသည့် ရာခိုင်နှုန်းအနေဖြင့် ၁၆ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ကာကွယ်ဆေးများကို များများနှင့်မြန်မြန်ထိုးနှံပေးနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများရရှိရန် ဆက်လက်ညှိနှိုင်းဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
ထို့ပြင် စက်တင်ဘာ ၁၄ မှစ၍ ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ COVID-19 ရောဂါကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ထပ်မံတိုးချဲ့ထိုးနှံရာတွင် ပါဝင်အသက် ၅၅ နှစ်နှင့်အထက် ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့်မိသားစုင်များ၊ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ထိုးနှံ့ပေးလျက်ရှိကြောင်း သိရသည်။
Sinopharm နှင့် Sinovac ကာကွယ်ဆေးများသည် WHO ၏ အသိအမှတ်ပြုထားသည့် ကာကွယ်ဆေးများဖြစ်ပြီး ဗီဇပြောင်းပိုးများကိုလည်း ရာခိုင်နှုန်း ၆၀ မှ ရာခိုင်နှုန်း ၇၀ အထိ ကာကွယ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်















