မြန်မာ့ငါးစျေးကွက် ဘယ်အချိန်မှာမြန်မာ့မြေကို ပြန်ရောက်နိုင်မလဲဆိုတဲ့မေးခွန်းက ဘာလဲဆိုပြီးသာမန်ပြည်သူတွေ တွေးနေလိမ့်မည် ဖြစ်ပါတယ်။
တကယ်တမ်းမှာ ငါးလုပ်ငန်းအကြောင်းသိတဲ့ ပြည်သူတွေက မြန်မာ့ငါးစျေးကွက် ဘယ်ရောက်နေသလဲဆိုတာ ကောင်းကောင်း သိကြပါတယ်။ မြန်မာ့ငါးစျေးကွက်က မြန်မာနိုင်ငံမှာမရှိတာ ယနေ့အထိပါပဲ။ မြန်မာ့ငါးစျေးကွက် ထိုင်းနိုင်ငံကိုရောက်နေတာဆိုတဲ့အဖြေက လုံးဝမမှားပါဘူး။
ထိုင်းနိုင်ငံအနေနဲ့ အရှေ့တောင်အာရှ ငါးစျေးကွက်ကို ဦးဆောင်နေတာဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေဖြင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကနေ ရှစ်ဘီလျံအကြား ရေထွက်ပစ္စည်း တင်ပို့မှုကနေ ဝင်ငွေရရှိနေတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့နိုင်ငံမှာ ရေထွက်ပစ္စည်းနှင့် ပတ်သက်ပြီး အဓိကအကျဆုံးဟာ ထိုင်းနိုင်ငံ ရနောင်းမြို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ရေထွက်ပစ္စည်းတင်ပို့မှုက တစ်နှစ်ကိုအမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော်အထိရှိနေတယ်။ ကျွန် တော်တို့ အနောက်မှာ ဗီယက်နမ်နိုင်ငံက အနီးကပ်ဆုံးကပ်လိုက်နေတယ်။ ထိုင်းနိုင်ငံမှာလည်ပတ်နေတဲ့ ရေထွက်ပစ္စည်းအားလုံးရဲ့ သုံးပုံတစ်ပုံက မြန်မာနိုင်ငံ၊ မြိတ်ကျွန်းစုကလာတဲ့ ရေထွက်ပစ္စည်းဖြစ်ပါ တယ်။ ရနောင်းမြို့ကနေတစ်ဆင့် မဟာချိုင်၊ မယ်ကွန်ကိုရောက်တယ်။ အဲဒီကနေတစ်ဆင့် နိုင်ငံတကာကို တင်ပို့ပေးပါတယ်” လို့ ထိုင်းနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအာဒီစန်က ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အင်တာဗျူးခွင့်ရတုန်းက Eleven Media ကို ဖြေကြားထားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ၂၀၂၀ ပြည့်နှစ်အလွန်ပိုင်းမှာ ရေထွက်ပစ္စည်း တင်ပို့မှုကနေ ဘီလျံ ၂၀ အထိ တိုးမြှင့်သွားဖို့စီစဉ်နေကြောင်းလည်း သူကဆက်လက် ပြောကြားခဲ့ပါတယ်။ အဲဒီတော့ ထိုင်းနိုင်ငံအနေနဲ့ ရေထွက်ပစ္စည်းတင်ပို့မှုမှာ ယခုလို ဦးဆောင်နေတာဟာ မြန်မာနိုင်ငံ၊မြိတ်ကျွန်းစုက အဓိကကျားကန်ပေးထားတယ်ဆိုတဲ့ အချက်ကပေါ်လွင်နေပါတယ်။ ရေထွက်ပစ္စည်းအားလုံးရဲ့ သုံးပုံတစ်ပုံက မြိတ်ကျွန်းစုကနေ ဝင်ရောက်နေတယ်ဆိုတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်ဘီလျံကနေ သုံးဘီလျံအထိက မြန်မာနိုင်ငံကနေသွားနေတဲ့ တရားဝင်ရေထွက်ပစ္စည်းတွေပါပဲ။
မြန်မာနိုင်ငံကနေထွက်ရှိတဲ့ ရေထွက်ကုန်တွေနဲ့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မယ်ကွန်နဲ့ မဟာချိုင်ဒေသတွေမှာ ငါးစျေးကွက်တွေ အကြီးအကျယ် ဖြစ်ထွန်းနေတဲ့အပြင် လိုအပ်တဲ့လုပ်သားတွေလည်း မြန်မာနိုင်ငံကနေအဓိက ရရှိနေတာဖြစ်ပါတယ်။ ငါးစျေးကွက်တစ်ဖက်နိုင်ငံကို ရောက်ရှိနေတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း တစ်ဖက်နိုင်ငံကို ရောက်သွားပါတော့တယ်။
ရေလုပ်သားနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီပြီး ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေကြပါတယ်။ အဲဒီတော့ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာ့ငါးစျေးကွက်ကို ပြန်ယူဖို့ လုပ်ငန်းရှင်တွေနဲ့ အစိုးရမကြိုးစားကြဘူးလားဆိုတော့ လုပ်ငန်းရှင်တွေ အတော်လေးကိုကြိုးစားခဲ့ကြတယ်။ အစိုးရ အဆက်ဆက်တိုင်းမှာ မြန်မာ့ငါးစျေးကွက် မြန်မာ့မြေကိုပြန်ရောက်ဖို့ ကြိုးစားခဲ့ကြတယ်။ မအောင်မြင်ခဲ့ကြဘူးလို့ဆိုရပါလိမ့်မယ်။ ရင်းနှီးမြုပ်နှံမှုတွေရှိတယ်။ စိတ်ဝင်စားကြတဲ့ လုပ်ငန်းရှင်တွေရှိခဲ့ကြတယ်။ ဒါပေမဲ့ အစိုးရကိုယ်တိုင်က စိတ်ဝင်စားဖို့လိုအပ်နေတယ်လို့ သုံးသပ်ရမှာပါ။
လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က မြိတ်မြို့မှာ မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးလေလံစျေးကြီးတစ်ခု အကောင်ထည်ဖော်နိုင်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံမယ့် အဆိုပါ စီမံကိန်းကြီးကို အကောင်အထည်ဖော်တဲ့အချိန်မှာ ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာက Bayer တွေအများအပြား ရောက်လာတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းရပ်တန့်ခဲ့လို့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့က အတော်လေး အသက်ရှူချောင်သွားခဲ့ပါတယ်။ ငါးစျေးကွက်ပြန်ရဖို့ အစိုးရ အဆက်ဆက်ကြိုးစားခဲ့ပေမဲ့ လျစ်လျူရှုထားမှုကို ခံထားရတယ်ဆိုရမှာပါ။
“ကျွန်မတို့ ငါးစျေးကွက် ပြန်ရဖို့ ဆာင်ရွက်ခဲ့တယ်။ ရင်းနှီးမြှုပ်နှံမယ့်ငွေ အမေရိကန်ဒေါ်လာသန်း ၇၀ ကို MIC ကနေ ခွင့်ပြုချက်ရထားပြီးသားပါ။ ငါးလုပ်ငန်းဦးစီးဌာနက ၃၀ ရာခိုင်နှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၆၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုက ၁၀ ရာခိုင်နှုန်းပါ။ အမေရိကန်ဒေါ်လာ ၁၀ သန်း ကနဦးရင်းနှီးမြှုပ်နှံခဲ့ တယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်အထိ နောက်ထပ်ရင်းနှီးမြုှပ်နှံမယ့် ဒေါ်လာသန်း ၂၀ ငွေလွှဲဖို့ကို လျစ်လျူရှုခဲ့တဲ့အတွက် ကြန့်ကြာခဲ့ရတယ်” လို့ မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မီငါးစျေးမှ MD ဒေါ်ဌေးဌေးဝင်းက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ငါးစျေးကွက်ပြန်ရဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံမှာ ငါးစျေးကွက် ဆက်လက်ရှိနေခဲ့သလို မြန်မာနိုင်ငံမှ ရေထွက်ကုန်များကလည်း ရနောင်းငါးစျေးကွက်ကိုပဲ မှီခိုပြီးတင်ပို့နေခဲ့ရတယ်။
“ရေလုပ်ငန်းကို နိုင်ငံတော်က စိတ်ဝင်စားဖို့လိုတယ်။ ဝန်ကြီးဌာနအနေနဲ့ ရေလုပ်ငန်းမှာ ဘာအခက်အခဲရှိသလဲ။ ဘာကူညီပေးရမလဲဆိုပြီး စိတ်ဝင်တစားလုပ်ပေးစေလိုတယ်။ ကိုယ်တိုင် တရုတ်ပြည်ကို သွားရောင်းလိုက်၊ ထိုင်းကိုသွားရောင်းလိုက်နဲ့ ဖြေရှင်းနေရတယ်။ နိုင်ငံတော်အနေနဲ့ စျေးကွက်ရှာပေးမယ်ဆိုရင် ရေလုပ်ငန်းသမားတွေအတွက်လည်း အခွင့်အလမ်း ပိုကောင်းလာမယ်။ အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုပြီးကောင်းလာမယ်။ မြိတ်မှာ ငါးဖမ်းလှေကြီး အစင်းရေ တစ်ထောင်ကျော်ရှိတယ်။ အအေးခန်းတွေ၊ တံတားတွေရှိမယ်ဆိုရင် တန်ဖိုးမြှင့်ထုတ်ကုန်တွေကို ကြိုက်တဲ့အချိန်ပြန် ထုတ်ရောင်းလို့ရတယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်းရလာမယ်။ နိုင်ငံတော်အနေနဲ့ လုပ်နိုင်တဲ့ လုပ်ငန်းရှင်တွေကို အအေးခန်းစက်ရုံတွေ၊ တံတားတွေဆောက်လုပ်နိုင်မယ့်မြေနေရာကို အမြန်ဆုံး လုပ်ဆောင်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်မယ်။ နိုင်ငံတော်အနေနဲ့လည်း တန်ဖိုးမြင့်ထုတ်ကုန်တွေ ထွက်လာပြီဆိုရင်တော့ အခွန်အခတွေလည်း ပိုရလာမယ်” လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောကြားပါတယ်။
ယခင်အစိုးရအဆက်ဆက် ငါးစျေးကွက်ပြန်ရဖို့ ငါးလေလံစျေးတွေတည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ သရက်ချောင်း၊ မြိတ်နဲ့ ကော့သောင်းမြို့တွေမှာလည်း ထပ်မံတည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ရနောင်းမြို့နဲ့ နယ်စပ်ဖြစ်တဲ့ ကော့သောင်းမြို့မှာလည်း ငါးလေလံစျေးတစ်ခုဖြစ်ပေါ်လာဖို့ မြှူဆွယ်စျေးကွက် ကျင့်သုံးရန်ကြိုးစားခဲ့ဖူးကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
“စျေးကွက်တစ်ခု အောင်မြင်ဖို့ဆိုတာ စီးပွားရေးလုပ်ငန်းရှင်တစ်ခုတည်းနှင့် မရဘူး။ မူဝါဒ၊ ဥပဒေအားလုံးပါဝင်ဖို့လိုတယ်။ အစိုးရလည်း ၆၀ ရာခိုင်နှုန်းလိုတယ်” လို့ ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ အဓိကငါးစျေးကွက် ဒေါက်တိုင်မှာရနောင်းဖြစ်ပြီး ရနောင်းငါးစျေးကွက်ရဲ့ အဓိကဒေါက်တိုင်မှာ မြိတ်ကျွန်းစုဖြစ်နေဆဲ ဖြစ်ပါတယ်။ ရနောင်းမှာ ငါးဖမ်းလှေ ဝင်ထွက်ဆိုက်ကပ်လို့ရတဲ့ ဂိုဒေါင်တံတား ၅၀ ခန့်ရှိပြီး ရေထွက်ပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်ပေါင်း ၁၅၀ ခန့်ရှိတယ်လို့သိရပါတယ်။
၁၉၆၂ ခုနှစ်ကစပြီး ရေသယံဇာတ ရှားပါးသွားပြီဖြစ်ကြောင်း ကမ္ဘာကိုကြေညာထားတဲ့ ထိုင်းနိုင်ငံအနေနဲ့ ရေထွက်ပစ္စည်းတင်ပို့မှုက အရှေ့တောင်အာရှမှာ ထိပ်ဆုံးရောက်နေပါတယ်။ ရှည်လျားလှတဲ့ မြန်မာ့ကမ်းရိုးတန်းဒေသနဲ့ ကျွန်းပေါင်း ၈၀၄ ကျွန်းပါဝင် ဖွဲ့စည်းထားတဲ့ မြိတ်ကျွန်းစု ရေသယံဇာတတွေက မြန်မာနိုင်ငံကို ငါးစျေးကွက်ပြန်ရောက်လာဖို့ မျှော်လင့်ချက်ရှိနေဆဲပါ။ ငါးစျေးကွက်ပြန်ရောက်လာဖို့ လုပ်ငန်းရှင်တွေကလည်း ကြိုးစားနေဆဲဖြစ်တဲ့အတွက် အစိုးရပိုင်းကအလျင်အမြန် ကူညီဆောင်ရွက်ပေးဖို့သာ လိုပါတော့တယ်။
မြိတ်မြို့နယ်စန္ဒဝတ်ကျေးရွာမှာ တည်ဆောက်ဖို့လျာထားတဲ့ နိုင်ငံတကာအဆင့်မီ ငါးလေလံစျေးကြီးစီမံကိန်းကို အစိုးရထံတင်ပြထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်ဒေါ်လာသန်း ၃၀၀ (ကျပ် ၅၀၀ ဘီလျံ) ရင်းနှီးမြှုပ်နှံမယ့် အဆိုပါ ငါးလေလံစျေးကြီး မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်တဲ့ကုမ္ပဏီက Development အဖြစ် ဆောင်ရွက်ပြီး ရေလုပ်ငန်းရှင်တွေ ပူးပေါင်းရင်းနှီးမြှုပ်နှံသွားမယ်လို့သိရပါတယ်။
“စီမံကိန်းက တင်ပြထားဆဲ ဖြစ်ပါတယ်။ လုပ်ငန်းကာလကို ခုနစ်နှစ် သတ်မှတ်ထားပါတယ်။ ၂၀၂၁ မှာ လုပ်ငန်းလုပ်ပိုင်ခွင့်ရခဲ့မယ်ဆိုရင် ၂၀၂၈ မှာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်း စတင်တဲ့ အချိန်ကနေစပြီးသောင်းနှင့်ချီတဲ့ အလုပ်အကိုင်တွေရရှိမှာ ဖြစ်ပါတယ်။ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ မူတည်ပြီး အလုပ်အကိုင်တွေ ထပ်မံပေါ်ပေါက်လာဦးမှာပါ” လို့ မြိတ်အများပိုင် ကော်ပိုရေးရှင်းမှ ဒါရိုက်တာဦးမျိုးအောင်က ပြောကြားခဲ့ပါတယ်။
ငါးတင်ငါးချလုပ်မယ့် ဆိပ်ကမ်းကြီး၊ အအေးခန်းများ၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်မည့် စက်ရုံများ၊ လူနေအိမ်ရာတွေ၊ ရေလုပ်ငန်းနှင့်သက်ဆိုင်တဲ့ အလုပ်ရုံများ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစီမံကိန်းကြီးကို အကောင်ထည်ဖော်ခွင့်ရပါက ဆယ်စုနှစ်များစွာ မှီခိုနေရတဲ့ ထိုင်းနိုင်ငံ ငါးစျေးကွက်ကို ယှဉ်ပြိုင်နိုင်မှာဖြစ်သလို ငါးစျေးကွက်ကြီးကိုလည်း မြန်မာ့မြေပေါ် ပြန်ရောက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ထောင်နှင့်ချီရှိတဲ့ ကမ်းဝေးငါးဖမ်းလှေကြီးတွေ၊ မိရိုးဖလာ ငါးဖမ်းလှေငယ် နှစ်သောင်းကျော်လောက်ရဲ့ ဘဝတွေမြှင့်တင်ပေးနိုင်မှာ ဖြစ်သလို ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ၊ အခွန်အခများစွာက တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနှင့်အတူ မြင့်မားလာမည်မှာ အလွန်သေချာနေပါတယ်။အစိုးရအဆက်ဆက်ကြိုးစားလာရာမှာ မအောင်မြင်ခဲ့တဲ့ မြန်မာ့ငါးစျေးကွက် မြန်မာ့မြေပြန်ရောက်ဖို့အရေးက လက်ရှိအစိုးရလက်ထက်မှာ အောင်မြင်လာမည်ဟု မျှော်လင့်ရင်း။