လျော့ကျစပြုလာသည့် COVID-19 ရောဂါ ကူးစက်မှုနှုန်းနှင့် လူအုပ်စုလိုက် ကိုယ်ခံအားရရှိရေး ကာကွယ်ဆေးထိုးနှံမှုလုပ်ဆောင်ချက်များ

လျော့ကျစပြုလာသည့် COVID-19 ရောဂါ ကူးစက်မှုနှုန်းနှင့် လူအုပ်စုလိုက် ကိုယ်ခံအားရရှိရေး ကာကွယ်ဆေးထိုးနှံမှုလုပ်ဆောင်ချက်များ
ရန်ကုန်မြို့တွင် အသက် ၅၅ နှစ်နှင့်အထက်မှ ၆၄ နှစ်အတွင်းရှိသူများအား စက်တင်ဘာ ၁၈ ရက်က COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့တွင် အသက် ၅၅ နှစ်နှင့်အထက်မှ ၆၄ နှစ်အတွင်းရှိသူများအား စက်တင်ဘာ ၁၈ ရက်က COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 19 September 2021
ပြည့်ဖြိုးအောင်

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် လူဦးရေတစ်ရပ်၌ အများစုကူးစက်ရောဂါတစ်ခု ကူးစက်ခံရပြီး ကိုယ်ခံအားရရှိသွားသည့်နောက် ယင်းရောဂါနှင့် ပတ်သက်၍ ကိုယ်ခံအားမရရှိသေးသူများကို သွယ်ဝိုက်၍ ရောဂါမှ ကာကွယ်ပေးခြင်း သို့မဟုတ် လူအုပ်စုလိုက် ကိုယ်ခံအားရရှိခြင်း (Herd Immunity) ကို ဖြစ်စေသည်။

ယခင်က နိုင်ငံအသီးသီးတွင် ဝက်သက်၊ ပါးကျိတ်ရောင်၊ ပိုလီယိုနှင့် ရေကျောက် အစရှိသော ရောဂါများသည် ဖြစ်ပွားမှုများခဲ့သော်လည်း ကာကွယ်ဆေးများက Herd Immunity ရရှိစေရန် အထောက်အကူ ပြုခဲ့သောကြောင့် လက်ရှိတွင် အလွန်ရှားပါးသွားပြီဖြစ်သည်။

သို့သော်လည်း ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော်လည်း ကာကွယ်ဆေး ရရှိထားသူ အရေအတွက် နိမ့်ပါးသောကြောင့် လူထုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားသည်ကိုလည်း တွေ့ရှိရပြီး ယင်းမှာလူထုအတွင်း လူအုပ်စုလိုက်ကိုယ်ခံအား (Herd Immunity) ရရှိမှု မရှိခြင်းကြောင့်ဖြစ်သည်။

COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဘယ်လို Herd Immunity ရရှိနိုင်လဲ

ကာကွယ်ဆေးမရှိသည့် ကူးစက်ရောဂါများ၌ အရွယ်ရောက်ပြီးသူများတွင် ရောဂါကူးစက်ခံရဖူးသောကြောင့် ကိုယ်ခံအားရရှိပြီး နောက်ပိုင်းတွင်လည်း ရောဂါပိုးသည် ကလေးများအကြား သံသရာလည်ကာ ကျန်ရှိနေသောကြောင့် ကိုယ်ခံအားစနစ် အားနည်းသောလူများကို ကူးစက်နိုင်ဆဲဖြစ်သည်။

ဥပမာအားဖြင့် နိုင်ငံတစ်နိုင်ငံရှိ လူဦးရေ၏ ရာခိုင်နှုန်း ၈၀ သည် ဗိုင်းရပ်စ်တစ်မျိုးကို ကိုယ်ခံအားရရှိသွားပါက လူငါးဦးလျှင် လေးဦးနှုန်းသည် ရောဂါပိုးနှင့်ထိတွေ့သော်လည်း ရောဂါကူးစက်ခံရခြင်း မရှိသောကြောင့် ရောဂါကို ထပ်မံပျံ့နှံ့မည်မဟုတ်ကြောင်း တွေ့ရှိရပြီး ယင်းမှရောဂါကူးစက်ပျံ့နှံ့မှုသည် ထိန်းချုပ်နိုင်မှုအောက်သို့ ရောက်ရှိသွားပြီး သဘောတရားအရ ရောဂါပိုး၏ ကူးစက်နိုင်စွမ်းပေါ် မူတည်လျက် Herd Immunity ဖြစ်ရန် လူဦးရေ၏ ရာခိုင်နှုန်း ၇၀ မှ ၉၀ အတွင်း ကိုယ်ခံအား ရရှိရန်လိုအပ်သည်။

ကာကွယ်ဆေးများ မထွက်ပေါ်မီ ကာလများတွင် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် Social Distancing သို့မဟုတ် အခြားနည်းလမ်းများ ဆောင်ရွက်ခဲ့ကြသော်လည်း ယင်းအခြေအနေများကို မလုပ်ဆောင်နိုင်သည့် အခြေအနေတွင် ရောဂါကူးစက်မှုများက လပိုင်းအတွင်းမှာပင် လူပေါင်းများစွာကို ကူးစက်ပျံ့နှံ့ခဲ့သည်။

အခြားကူးစက်ရောဂါများ ကဲ့သို့ပင် COVID-19 ရောဂါနှင့် ပတ်သက်ပြီး Herd Immunity ရရှိရန် နည်းလမ်းနှစ်သွယ်ရှိပြီး ရောဂါကူးစက်ခံရခြင်း သို့မဟုတ် ကာကွယ်ဆေးရရှိခြင်းဖြစ်ကာ ယခုဗိုင်းရပ်စ်၏ ရောဂါကူးစက်မှုကို Herd Immunity ရရှိရန် လူဦးရေစုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ကိုယ်ခံအားရရှိရန် လိုအပ်သည်ဟု ဆိုကြသည်။ 

ယင်းနည်းလမ်းနှစ်သွယ်အနက် ရောဂါကူးစက်ခံပြီးနောက် လူအုပ်စုလိုက် ကိုယ်ခံအားရရှိခြင်းသည် ကူးစက်မှု ရပ်တန့်စေသည့်ဆိုသော ထင်မြင်ချက်မှာ လူ့ကျင့်ဝတ်ကို သွေဖည်ရာရောက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးထားသည်။

လူအုပ်စုလိုက် ကိုယ်ခံအား (Herd Immunity) သည် ကာကွယ်ဆေးနှင့် ပတ်သက်သည့် သဘောတရားဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးသည့် သတ်မှတ်ချက်ပြည့်မီသွားချိန်တွင် လူထုတစ်ရပ်လုံးကို သက်ဆိုင်ရာ COVID-19 ရောဂါကူးစက်ပျံ့နှံခြင်း ကာကွယ်ပေးနိုင်သည့် သဘောတရားဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရိုအက်ဟာ နွန်ဂေဘရီယေဆုက ပြောကြားထားသည်။

လက်ရှိတွင် COVID-19 ရောဂါနှင့် ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကာကွယ်ဆေးများထိုးနှံမှု ပြုလုပ်လျက်ရှိကြပြီး မြန်မာနိုင်ငံတွင်လည်း ကာကွယ်ဆေးများထိုးနှံမှုများ ဆောင်ရွက်လျက်ရှိသည်။

လူအုပ်စုအလိုက် ကိုယ်ခံအား (Herd Immunity) ဖြစ်ရန်အတွက် နိုင်ငံ့လူဦးရေ၏ ၇၀ မှ ၉၀ ရာခိုင်နှုန်းအတွင်း Antibody (ပဋိပစ္စည်း) ဖြစ်ပေါ်ရန် လိုအပ်သောကြောင့် ကာကွယ်ဆေးများထိုးနှံမှုသည် အလွန်အရေးကြီး အခန်းကဏ္ဍဖြစ်သည်။

ပိုးတွေ့ရှိမှု ပြန်လည်လျော့ကျလာသည့် ကိုဗစ် တတိယလှိုင်းကူးစက်မှု

မြန်မာနိုင်ငံ၌ မေ ၂၇ ရက်မှစ၍ COVID-19 ရောဂါပိုးတွေ့လူနာ ပြန်လည်များပြားလာပြီး ကိုဗစ်တတိယလှိုင်းကို အစပျိုးဖြစ်ပွားလာခဲ့ပြီး ဇွန်လအတွင်း၌ ပိုးတွေ့လူနာ ၁၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ တွေ့ရှိခဲ့သည်။

ထို့နောက် ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၄၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ရက်အလိုက် သေဆုံးသူ မြင့်တက်ကာ သေဆုံးသူ စုစုပေါင်း သေဆုံးသူ ၆၀၀၀ ကျော်အထိရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု အခြေအနေအရ နေ့စဉ် ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်မှုအရ သိရသော်လည်း ယင်းကာလတွင် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မိမိနေအိမ်တွင်ပင် ဆေးကုသမှုပြုလုပ်ခဲ့ကြကာ COVID-19 သံသယလက္ခဏာများဖြင့် အမြို့မြို့အနယ်နယ်တွင် သေဆုံးသူအများအပြားခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များ၏ တာဝန်ရှိသူတို့ ပြောကြားချက်အရ သိရသည်။    

“အဓိကဆေးလိပ်သောက်သူတွေမှာ COVID-19 ရောဂါဖြစ်ရင် မသောက်သူတွေထက် ၅၀ ရာခိုင်နှုန်း ပိုပြီးပြင်းပြင်းထန်ထန် ဝေဒနာခံစားရတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ရှိပြီးဖြစ်ပါတယ်။ ရောဂါဝေဒနာ ဆိုးဆိုးရွားရွား ခံစားရနိုင်သလို ဆေးရုံတက်ရောက်ရမှု၊ အထူးကြပ်မတ်ကုသဆောင်ထဲကို ရောက်ရှိနိုင်မှုလည်း များပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

သြဂုတ် ၅ ရက် နောက်ပိုင်းတွင် ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ပြန်လည်လျော့ကျပြီး ရာခိုင်နှုန်း ၂၀ ကျော်တွင် တွေ့ရှိလာကာ သေဆုံးသူများအနေဖြင့် နေ့စဉ် ၁၀၀ ကျော်မှ ၂၀၀ ဝန်းကျင်အထိရှိကာ သြဂုတ်လတစ်လအတွင်း သေဆုံးသူ ၆၀၀၀ ကျော်ရှိခဲ့သည်။

“ခုလက်ရှိမှာလည်း ရောဂါဖြစ်ပွား အခြေအနေကလည်း ကျဆင်းလာပါပြီ။ ဓာတ်ခွဲစမ်းသပ်မှုတွေအနေနဲ့လည်း သုံးသောင်းကျော်၊ လေးသောင်းစစ်ဆေးနိုင်တာ သြဂုတ် ၂၈ ရက်က စစစ်ဆေးနိုင်တာ ဖြစ်တယ်။ ပိုးတွေ့နှုန်းကလည်း ၁၀ အောက်တွေ ကျလာပြီ။ စစ်ဆေးမှုတွေလုပ်တဲ့အခါ ပိုပြီးတော့ စစ်ဆေးဖို့လိုပါတယ်။ ဘာဖြစ်လို့ စစ်ဆေးဖို့လိုတာလဲဆိုရင် များများစစ်ဆေးနိုင်မှသာ ပိုးတွေ့ရှိသူများမယ်။ ပိုးတွေ့ရှိသူများမှသာ သူတို့ကို လိုအပ်တဲ့ကုသမှုတွေ ပေးနိုင်မယ်။ သူရဲ့တွေကိုထောက်လှမ်းနိုင်မယ်။ ဒါမှသာ ကွင်းဆက်ပြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ များများစစ်၊ များများတွေ့တာ စိုးရိမ်စရာမလိုပါဘူး။ များများမစစ်မှသာ စိုးရိမ်ရတာဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်တင်ဘာတွင် ရောဂါပိုးတွေ့ရှိမှုအနေဖြင့် သိသိသာသာ လျော့ကျလာပြီး နေ့စဉ်ရောဂါပိုး စစ်ဆေးနိုင်မှု အခြေအနေအရ ပိုးတွေ့ရှိမှု ၁၀ ရာခိုင်နှုန်းဝန်းကျင်နှင့် အောက်အထိ လျော့ကျလာခဲ့ပြီး သေဆုံးမှုရာခိုင်နှုန်းလည်း လျော့ကျလာခဲ့သည်။        

         

မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံနိုင်မှု အခြေအနေနှင့် ကာကွယ်ဆေးထိုးနှံမည့် အစီအမံများ

မြန်မာနိုင်ငံ၌ ၂၀၂၂ နှစ်လယ်ပိုင်းတွင် COVID-19 ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ၇၀ ရာခိုင်နှုန်း ရရှိနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ရည်မှန်းကြောင်း ကျန်း မာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိထိုးနှံနိုင်မှုသည် ကာကွယ်ဆေးထိုးရမည့် ရည်မှန်းဦးရေ အသက် ၁၈ နှစ်အထက် ၃၆ ဒသမ ၉ သန်းရှိပြီး ယင်း ၃၆ ဒသမ ၉ သန်းတွင် တစ်ကြိမ်ထိုးပြီး၊ နှစ်ကြိမ်ထိုးပြီး ထိုးနှံပြီးသည့် လူဦးရေ ၄ ဒသမ ၉၉ သန်းရှိကာ ထိုးနှံပြီးစီးသည့် ရာခိုင်နှုန်းအနေဖြင့် ၁၃ ရာခိုင်နှုန်းနီးပါးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“WHO က ပြောပါတယ်။ စက်တင်ဘာလကုန်မှာ ကာကွယ်ဆေးလွှမ်းခြုံမှုက ၂၀ ရာခိုင်နှုန်းရရှိဖို့၊ ၂၀၂၁ အကုန်မှာ ကာကွယ်ဆေးလွှမ်းခြုံမှု ၄၀ ရာခိုင်နှုန်း ရရှိဖို့၊ ၂၀၂၂ နှစ်လယ်မှာ ၇၀ ရာခိုင်နှုန်းရရှိဖို့ WHO ရဲ့ ရည်မှန်းချက်ထားပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုကို ကာကွယ်ဆေးများရရှိမှုအပေါ် မူတည်၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး COVID-19 ရောဂါကာကွယ်ဆေး များများထိုးနှံနိုင်ပါက မျိုးဗီဇကွဲများ ဖြစ်ပွားမှုကို တားဆီးနိုင်လေဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“ဒယ်လ်တာမျိုးဗီဇက ကာကွယ်ဆေး ထိုးမထားသူတွေကို ပိုပြီးတိုက်ခိုက်ပါတယ်။ အမေရိကန်ရောဂါ ထိန်းချုပ်ရေးနဲ့ ကုသရေးဗဟိုဌာန (CDC) ရဲ့ ဇူလိုင် ၂၂ ထုတ်ပြန်ချက်အရ ဆေးရုံတက်ရောက်ရသူတွေရဲ့ ၉၇ ရာခိုင်နှုန်းသည် ကာကွယ်ဆေးမထိုးထားသူတွေ ဖြစ်ပါတယ်။ Breakthrough Infection လို့ခေါ်တဲ့ ကာကွယ်ဆေးထိုးပြီးသူတွေမှာ ပိုးတွေ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ သြဂုတ် ၂၃ ရက်နေ့အထိ ကာကွယ်ဆေးထိုးပြီးသူ ၁၇၁ သန်း ရှိပါတယ်။ ဒီအထဲမှာ ကာကွယ်ဆေးထိုးပြီး ပိုးပြန်တွေ့တယ်ဆိုသူ ၁၁၀၅၀ သာရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် တွက်မယ်ဆိုရင် သုည ဒသမ ၀၀၅ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတာ သိစေချင်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် စိုးရိမ်ဖွယ်ရာကောင်းသည့် (Variant of Concern VOC) ဗိုင်းရပ်စ်လေးမျိုးနှင့် စောင့်ကြည့်ရမည့်အနေအထား (Variant of Interest VOI) ဗိုင်းရပ်စ်ငါးမျိုး စုစုပေါင်း ဗိုင်းရပ်စ်ကိုးမျိုးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်ပြီး အသက် ၆၅ နှစ်နှင့်အထက် ပြည်သူလူထု၊ အစိုးရကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများမှ သက်ကြီးရွယ်အိုများ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့် အခြားဘာသာရေးအသင်းအဖွဲ့များမှ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရေးနှင့် အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းများ၊ အကျဉ်းထောင်၊ အချုပ်ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ဝန်ထမ်းများနှင့် Super Market များနှင့်စျေးများမှ ဝန်ထမ်းများအား ဦးးစားပေးအုပ်စု ၁၂ ခု အဖြစ် သတ်မှတ်၍ COVID-19 ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် စက်တင်ဘာ ၁၄ ရက်မှစ၍ ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ COVID-19 ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ထပ်မံတိုးချဲ့ထိုးနှံရာတွင် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် ကာကွယ်ဆေးကို ဦးစားပေးပြီး ထိုးနှံဖို့ လိုပါတယ်။ မြို့ပြတွေမှာ နေထိုင်သူတွေက ကျန်းမာရေး အသိပညာနဲ့ သတင်းအချက်အလက်တွေလည်း ရရှိတဲ့အတွက် သွားရောက်ထိုးနှံမှုခံယူတာ အားကောင်းကြပေမဲ့ အချို့အလှမ်းဝေးတဲ့ မြို့တွေ၊ ကျေးလက်ဒေသတွေက သတင်းအချက်အလက် စီးဆင်းမှုလည်းနည်းတဲ့အတွက် ကာကွယ်ဆေးရဲ့ ကောင်းကျိုးတွေကို သိရှိတာ အားနည်းနိုင်တာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၄ ရက်အထိ COVID-19 ကာကွယ်ဆေး နှစ်ကြိမ်အကြိမ်ပြည့်ထိုးနှံပြီးသူ ၃ ဒသမ ၃၆၅ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

စက်တင်ဘာ ၁၄ ရက်အထိ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူ ၃၃၆၅၉၁၅ ဦး (၃ ဒသမ ၃၆၅ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၁၆၂၄၈၄၃ ဦး (၁ ဒသမ ၆၂၄သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၄၉၉၀၇၅၈ ဦး (၄ ဒသမ ၉၉ သန်း) ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။           

လက်ရှိထိုးနှံပေးနေသည့် ကာကွယ်ဆေးများသည် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေး Sinopharm နှင့် Sinovac ကာကွယ်ဆေးနှစ်မျိုးသည် WHO က အရေးပေါ် အသုံးပြုခွင့်ပေးထားသော ကာကွယ်ဆေး အမျိုးအစားများဖြစ်ပြီး အသက် ၁၈ နှစ်အထက်မှစ၍ အသက်အကန့် အသတ်မရှိထိုးနှံနိုင်ကြောင်း WHO ၏ လမ်းညွှန်ချက်တွင် ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ Sinopharm ကာကွယ်ဆေး ၂၄သန်းစာချုပ်ချုပ်ဆို ဝယ်ယူထားပြီး ကာကွယ်ဆေးများ ရောက်ရှိလာပါက လူဦးရေ ၁၂ သန်းကို ယခုနှစ်အတွင်း ထိုးနှံပေးမည်ဖြစ်ပြီး အသက် ၄၀ မှ ၆၄ နှစ် အတွင်းလူအုပ်စုများ ပါဝင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာ့လုံးဆိုင်ရာ အခြားကူးစက်ကပ်ရောဂါများကဲ့သို့ပင် COVID-19 ကူးစက်ရောဂါကို ထိန်းချုပ်ဟန့်တားနိုင်ရန်အတွက် လူအုပ်စုလိုက်ကိုယ်ခံအား (Herd Immunity) ဖြစ်ရန် နိုင်ငံလူဦးရေ၏ ၇၀ မှ ၉၀ ရာခိုင်နှုန်းအတွင်း ကိုယ်ခံအားရရှိရန် လိုအပ်သောကြောင့် ကာကွယ်ဆေးထိုးနှံနိုင်မှုက အဓိကဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ကာကွယ်ဆေး အပြည့်အဝထိုးနှံမှုခံယူရန် လိုအပ်သည်။

Most Read

Most Recent