ငယ်စဉ်က မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးခဲ့ကြောင်း ဆွန်ဟောင်မင် ဝန်ခံ 

ငယ်စဉ်က မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးခဲ့ကြောင်း ဆွန်ဟောင်မင် ဝန်ခံ 
Photo: Getty Images
Photo: Getty Images
Published 18 September 2021

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က မိမိအနေဖြင့် ငယ်စဉ်က မန်ချက်စတာယူနိုက်တက်အသင်းကို အရူးအမူးအားပေးခဲ့ကြောင်း ဝန်ခံခဲ့သည်။ 

ဆွန်ဟောင်မင်က တောင်ကိုရီးယားဂန္ထဝင်ဘောလုံးသမား ပတ်ဂျီဆန်ကြောင့် ငယ်စဉ်က မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကစားသမားဘဝမှ အနားယူသွားခဲ့ပြီဖြစ်သည့် အသက် (၄၀)အရွယ်ရှိ ပတ်ဂျီဆန်သည် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်အသင်းတွင် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၀၅)ပွဲကစားခဲ့ပြီး အသင်းနှင့်အတူ ပရီးမီးယားလိဂ် (၄)ကြိမ်၊ ချန်ပီယံလိဂ် (၁)ကြိမ် အပါအဝင် ဆုဖလားပေါင်း (၁၃)လုံးအထိ ရယူနိုင်ခဲ့သူဖြစ်သည်။ 

ဆွန်ဟောင်မင်က "ငယ်ငယ်တုန်းက ပတ်ဂျီဆန်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးခဲ့ပါတယ်။ ပတ်ဂျီဆန်က ကျွန်တော်တို့နိုင်ငံရဲ့ သူရဲကောင်းဖြစ်ပြီး ကုုိရီးယားမှာ သူ့ကို အသည်းနှစ်လုံးပိုင်ဆိုင်ထားသူလို့ ပြောကြပါတယ်။ သူက ကျွန်တော့်ရဲ့ သူရဲကောင်းဖြစ်သလို၊ သူငယ်ချင်းကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ တောင်ကိုရီးယားကစားသမားတွေအတွက် လမ်းဖောက်ခဲ့သူဖြစ်ပြီး ကျွန်တော်တို့ကို ဒီအခွင့်အရေးပေးခဲ့တာပါ။ သူဟာ ပရီးမီးယားလိဂ်မှာ ကစားတဲ့ ပထမဆုံးကိုရီးယားကစားသမားဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကို ကျွန်တော် အားပေးခဲ့တာပါ။ အခုတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ကျွန်တော် အားမပေးတော့ပါဘူး"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် ၂၀၁၅ ခုနှစ်တွင် လေဗာကူဆင်အသင်းမှ စပါးအသင်းသို့ ပေါင် (၂၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် စပါးအသင်းအတွက် (၆)ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၂၈၄)ပွဲတွင် (၁၀၉)ဂိုး သွင်းယူပေးထားသည်။ 

ထို့ပြင် ဆွန်ဟောင်မင်သည် ပရီးမီးယားလိဂ်တွင် (၇၂)ဂိုးအထိ သွင်းယူထားပြီး အာရှကစားသမားများထဲတွင် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးအာရှကစားသမားအဖြစ် ရပ်တည်နေသည်။ 

Most Read

Most Recent