ပြီးခဲ့သည့် နာပိုလီနှင့် ဂျူဗင်တပ်စ်အသင်းတို့၏ စီးရီးအေပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာအသင်းနည်းပြနှစ်ဦးဖြစ်သော စပယ်လက်တီနှင့် အယ်လီဂရီတို့ အပြန်အလှန်အချင်းများခဲ့ကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် နာပိုလီအသင်းနှင့်ပွဲတွင် မိုရာတာ၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း နာပိုလီအတွက် ချေပဂိုးကို ပိုလီတာနိုနှင့် အနိုင်ဂိုးကို ကူလီဘလီတို့က သွင်းယူနိုင်ခဲ့သဖြင့် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
နာပိုလီအသင်းအတွက် စီးရီးအေ (၃)ပွဲပြီးဆုံးချိန်တွင် ရာနှုန်းပြည့်နိုင်ပွဲဖြစ်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းမှာမူ လက်ရှိအချိန်အထိ နိုင်ပွဲမရသေးဘဲ (၁)ပွဲသရေ၊ (၂)ပွဲရှုံးဖြင့် ဖိအားများ ရင်ဆိုင်နေရသည်။
နာပိုလီနှင့် ဂျူဗင်တပ်စ်ပွဲအပြီးသတင်းစာရှင်းလင်းပွဲသို့ ရောက်ရှိနေသည့် မီဒီယာသမားများ၏အဆိုအရ စပယ်လက်တီနှင့် အယ်လီဂရီတို့၏ အချင်းများမှုမှာ ပြင်းထန်ကြောင်း သိရသည်။
စပယ်လက်တီက အယ်လီဂရီကို သွားရောက်နှုတ်ဆက်ချိန်တွင် အယ်လီဂရီက မသိချင်ယောင်ဆောင်၍ ထွက်သွားရာမှစတင်ပြီး သူတို့နှစ်ဦး အချင်းများခဲ့ခြင်းလည်းဖြစ်သည်။
အယ်လီဂရီနှင့်အချင်းများမှုကို စပယ်လက်တီက သတင်းစာရှင်းလင်းပွဲတွင် ယခုလိုဖွင့်ဟပြောဆိုခဲ့သည်။
''ပွဲအပြီးမှာ ကျွန်တော် က သူ့ဆီသွားပြီး နှုတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ သူက ကျွန်တော့်ကို အရေးမလုပ်ဘဲ လမ်းလျှောက်ထွက်သွားတယ်။ ကျွန်တော့်ရဲ့ နည်းပြဘဝသက်တမ်းမှာ ဂျူဗင်တပ်စ်ကို ပွဲများစွာ ရှုံးခဲ့ဖူးပါတယ်။ အခု ကျွန်တော် တစ်ကြိမ်လောက် နိုင်တာအတွက် ပြစ်တင်မဆုံးဖြစ်နေတာလား။ ကျွန်တော့်ကို ရှုံးလို့ အကျယ်ကြီးအော်ငိုချင်နေတာလား''ဟု စပယ်လက်တီက ပြောကြားခဲ့သည်။
အယ်လီဂရီကမူ ''အမ်ပိုလီနဲ့ပွဲတုန်းက ကျွန်တော်တို့ကစားပုံ ဆိုးရွားခဲ့တယ်။ အခုပွဲမှာလည်း အမှားတွေ ကျူးလွန်ခဲ့ပြန်တယ်။ ဒုတိယပိုင်းမှာ အမှားတွေပိုများခဲ့ပြီး နာပိုလီရဲ့ကစားပုံကလည်း ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ စီးရီးအေမှာ ရလဒ်ဆိုးနေပေမဲ့ လာမယ့်ချန်ပီယံလိဂ်ပွဲကျရင် ကောင်းမွန်စွာ စတင်နိုင်လိ်မ့်မယ်လို့ ယုံကြည်ထားပါတယ်။ စီးရီးအေကလည်း ရာသီအစပဲရှိသေးလို့ ပြင်ဆင်ချိန်များစွာရှိပါသေးတယ်''ဟု ပြောကြားခဲ့သည်။
စီးရီးအေပွဲစဉ် (၃)အပြီးတွင် ဂျူဗင်တပ်စ်အသင်းသည် ရာနှုန်းပြည့်နိုင်ပွဲရရှိထားသည့် နာပိုလီနှင့် (၈)မှတ်အထိ ကွာဟနေသည်။