ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဥက္ကဋ္ဌ ဆယ်ဖာရင်က ကမ္ဘာ့ဖလားပြိုင်ပွဲအား (၂)နှစ်တစ်ကြိမ် ကျင်းပမည့် အစီအစဉ်ကို ဥရောပနိုင်ငံများအနေဖြင့် သပိတ်မှောက်ဖွယ်ရှိသည်ဟု သတိပေးပြောကြားခဲ့သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၄)နှစ်တစ်ကြိမ် ကျင်းပနေရာမှ (၂)နှစ်တစ်ကြိမ် ပြောင်းလဲကျင်းပရန် စိတ်အားထက်သန်နေပြီး တရားဝင်အဆိုပြုချက်တင်သွင်း၍ အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားကို ရယူရန် ပြင်ဆင်နေသည်။
ယင်းအခြေအနေတွင် ဖီဖာအဖွဲ့ဝင်ဘောလုံးအဖွဲ့ချုပ် အချို့က ထောက်ခံလိုကြောင်း ပြသနေသော်လည်း ဥရောပဘောလုံးအသိုင်းအဝိုင်းမှမူ ပရိသတ်များကအစ ကန့်ကွက်နေကြောင်း သိရသည်။
ယခုအခါ UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က ''ဒီအစီအစဉ်က ဘောလုံးရဲ့ အခြေခံမူဝါဒတွေကို ဆန့်ကျင်နေတာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ကျင်းပမယ်ဆိုရင် ဘောလုံးလောကကို သတ်ဖြတ်သလို ဖြစ်ပါလိမ့်မယ်။ ဒီအစီအစဉ်ကို မဖြစ်မနေအကောင်အထည်ဖော်မယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်ဖြစ်နိုင်ပါတယ်။ ဥရောပနိုင်ငံတွေက ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်မပြိုင်ဘဲ သပိတ်မှောက်တာမျိုး ဖြစ်လာနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။