သက်တမ်းသုံးခါဆက်ချင်သော သမ္မတနှင့် ဂီနီအာဏာသိမ်းမှု

သက်တမ်းသုံးခါဆက်ချင်သော သမ္မတနှင့် ဂီနီအာဏာသိမ်းမှု
စက်တင်ဘာ ၅ ရက်က သမ္မတ အယ်လ်ဖာကွန်ဒေကို ဖမ်းဆီးလိုက်ပြီးနောက် ကွန်နာခရီတွင် လမ်းပေါ်၌ ပြည်သူများက ဂီနီလက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့်အတူ အောင်ပွဲခံနေစဉ်(Photo:AFP)
စက်တင်ဘာ ၅ ရက်က သမ္မတ အယ်လ်ဖာကွန်ဒေကို ဖမ်းဆီးလိုက်ပြီးနောက် ကွန်နာခရီတွင် လမ်းပေါ်၌ ပြည်သူများက ဂီနီလက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့်အတူ အောင်ပွဲခံနေစဉ်(Photo:AFP)
Published 7 September 2021
မိုးဧအောင်

“နောက်နောင်များမှာ လူတစ်ယောက် လက်ထဲ ထိုးအပ်ထားတဲ့နိုင်ငံရေးမျိုး ကျွန်တော်တို့ ဆက်လုပ်လို့မရဘူး။ နိုင်ငံရေးဟာ ပြည်သူ့လက်ထဲမှာပဲ ကျွန်တော်တို့ ထားရလိမ့်မယ်။ စစ်သားတစ်ယောက်အနေနဲ့ ဒီတာဝန်ကို ထမ်းဆောင်ဖို့၊ တိုင်းပြည်ကို ကယ်တင်ဖို့ ကျွန်တော်တို့ လာခဲ့ကြပြီ”

ဂီနီတပ်မတော်၊ အထူးတပ်ဖွဲ့ယူနီဖောင်းဝတ်ဆင်ထားသည့် မမ်မာဒီဒွမ်ဘူယာက ဗီဒီယိုမှတစ်ဆင့် တိုင်းပြည်သို့ ပြောနေသည်။ သမ္မတ အယ်လ်ဖာကွန်ဒေကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ လက်ရှိအစိုးရနှင့် ဆက်စပ်သည့်အင်စတီကျူးရှင်းများကို ဖျက်သိမ်းလိုက်ကြောင်း၊ လေဆိပ်နှင့် နယ်စပ်ဂိတ်များ ပိတ်ထားကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ကြောင်း ဆက်လက်ပြောကြားသည်။ ထပ်မံမြင်တွေ့ရသည့် ဒေသခံရိုက်ကူးမှု ပြကွက်တစ်ကွက်တွင်မူ ကွန်နာ ခရီမြို့တော်မှ ဂီနီအရပ်သားများက အာဏာသိမ်းစစ်ကားများကို အလံဝှေ့ယမ်းကာ ကြိုဆိုလျက်ရှိနေ၏။

အာဖရိကတိုက်၏ အနောက်ဘက် ဆင်စွယ်ကမ်းရိုးတန်း၊ လခြမ်းကွေးသဏ္ဌာန် ဂီနီနိုင်ငံ၏ နောက်ဆုံးပြောင်းလဲမှုကို ကမ္ဘာ့သတင်းဌာနကြီးတို့ သူ့ထက်ငါဦးအောင် စောင့်ကြည့်ကြရသော ၂၀၂၁ ခုနှစ် စက်တင်ဘာ ၅ ရက်။

ဂီနီသမိုင်း

အနောက်အာဖရိကဧရိယာအတွင်း အစွန်အဖျားနယ်သတ်အဖြစ် တည်ရှိနေသော ဂီနီနိုင်ငံသည် ဂါနာအင်ပါယာအတွင်း အစောဆုံး ပါဝင်ခဲ့သည်။ ထိုအချိန်က ကုန်သွယ်ရေးဖွံ့ဖြိုးခြင်းနှင့်အတူ အယ်လ်မိုရာ ဗစ်တို့၏ကျူးကျော်မှုကို အကြိမ်ကြိမ်ခံခဲ့ရ၏။ အယ်လ်မိုရာဗစ်တို့မှာ မော်ရိုကိုကို အခြေပြုသည့် ဘာဘာမွတ်စလင်နန်းဆက်ဖြစ်ပြီး မြောက်အာဖရိကုန်သွယ်ရေးလမ်းကြောင်းအတိုင်း ဂီနီဒေသသို့ ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန် ၁၃ ရာစုလောက်မှစ၍ ဂီနီသည် မွတ်စလင်များ များပြားသည့် ဒေသ ဖြစ်လာပြီး ယခုအခါ လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

၁၆ ရာစု၌ ဥရောပကုန်သည်တို့ အာဖရိကအနောက်ပိုင်းသို့ စတင်ရောက်ရှိခဲ့၏။ ကုန်သွယ်ခဲ့သည့် အဓိကပစ္စည်းမှာ ဒေသခံများကို ကျွန်အဖြစ် ဇာတ်သွင်းကာ တင်ပို့ခဲ့ခြင်းဖြစ်သည်။ ၁၉ ရာစုအလယ်ပိုင်းတွင် ဂီနီသို့ ပြင်သစ်များ ရောက်ရှိလာခဲ့ပြီး ၁၈၉၈ ခု နှစ်တွင် ပြင်သစ်တို့၏ အစောင့်ရှောက်ခံဘဝသို့ ရောက်ခဲ့ရ၏။ ဂီနီ၏ ယခုနိုင်ငံ့ပိုင်နက်ကို ပြင်သစ်တို့က နယ်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သလို၊ ဗြိတိသျှတို့ကလည်း ဂီနီ၏အိမ်နီးချင်း ဆီရာလီယွန်ကို အလားတူ နယ်မြေပိုင်းခြားခဲ့၏။ ပြင်သစ်၏ အနောက်အာဖရိက အင်ပါရာအတွင်းရှိ ဂီနီနိုင်ငံကို ဒုတိယဘုရင်ခံအဆင့် အုပ်ချုပ်ခဲ့၏။

၁၉၅၈ ခုနှစ်၌ နိုင်ငံရေးမတည်ငြိမ်မှု၊ အထူးသဖြင့် အယ်လ်ဂျီးရီးယားနှင့် အင်ဒိုချိုင်းနားဒေသရှိ ကိုလိုနီနိုင်ငံများအပေါ် ထိန်းချုပ်နိုင်မှု လျော့ရဲခြင်းနှင့်အတူ စတုတ္ထမြောက် ပြင်သစ်နိုင်ငံတော် ပြိုလဲခဲ့၏။ ပဥ္စမမြောက် ပြင်သစ်နိုင်ငံတော်၏ ဦးစီးပဲ့ကိုင် သမ္မတ ချားစ်ဒီဂေါ တက်လာသည်နှင့် ၁၉၅၈ ခု သြဂုတ် ၈ ရက်၌ ပြင်သစ်ကိုလိုနီနိုင်ငံများ ရွေးချယ်ရန် လမ်းနှစ်သွယ်ကို ချပြခဲ့၏။ ပြင်သစ်အဝန်းအဝိုင်းအတွင်း နေ၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ယူမည် သို့မဟုတ် လုံးဝလွတ်လပ် ရေးယူမည်ဟူ၍ တစ်ခုခုကို ရွေးချယ်ရန် လူထုဆန္ဒခံယူပွဲကို ထိုနှစ် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည်။ ဂီနီက ဒုတိယလမ်းကို ရွေးချယ်ခဲ့ပြီး ၁၉၅၈ ခု အောက်တိုဘာ ၂ ရက်တွင် လုံးဝလွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။

လွတ်လပ်သည့်ဂီနီသည် ဆိုဗီယက်နှင့် အဆက်အဆံများခဲ့ပြီး ဆိုရှယ်လစ်စနစ်မှာ ပေါ်ပြူလာ နိုင်ငံရေးလမ်းကြောင်း ဖြစ်ခဲ့၏။ သို့သော် ဤဆက်ဆံရေးမှာ ကြာကြာမခံခဲ့ဘဲ၊ နောက်ပိုင်းတွင် တရုတ်ပုံစံကို ဂီနီက စံပြုပြန်သည်။ တစ်ချိန်တည်းတွင် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ထံမှလက်ခံ၏။

၁၉၅၈ လွတ်လပ်ရေးရပြီးချိန်မှ ၂၀၁၀ ပြည့်နှစ် ပထမအကြိမ် သမ္မတရွေးကောက်ပွဲထိ ဂီနီနိုင်ငံမှာ အာဏာရှင်တို့သာ အစဉ်အဆက်အုပ်ချုပ်ခဲ့၏။

ဂီနီပထဝီနှင့် လူမှုစီးပွားနောက်ခံ

ဂီနီမြေပုံသည် နိုင်ငံ၏ အရှေ့တောင် အရပ်မှသည် အနောက်ဘက်၊ ထိုမှ မြောက်ဘက်သို့ ဆန်းစလခြမ်းသဏ္ဌာန် တည်ရှိသည်။ အနောက်တောင်ဘက် နယ်နိမိတ်မှာ အတ္တလန်တိတ်သမုဒ္ဒရာအပေါ် မေးတင်နေ၏။ အကျယ်အဝန်း ၂၄၅,၈၅၇ စတုရန်းကီလိုမီတာ (၉၄,၉၂၆ စတုရန်းမိုင်) ရှိပြီး ယူနိုက်တက်ကင်းဒမ်းနှင့် အရွယ်မတိမ်းမယိမ်းဟု ဆိုနိုင်သည်။ ကမ်းရိုးတန်းအရှည် ၃၂၀ ကီလိုမီတာ (၂၀၀ မိုင်)၊ ကုန်းမြေ နယ်စပ် ၃,၄၀၀ ကီလိုမီတာ (၂,၁၀၀ မိုင်) ရှည်လျား၏။

ဂီနီ၏ စီးပွားရေးမှာ စိုက်ပျိုးရေးနှင့် သတ္တုတူးဖော်ရေးအပေါ် အဓိကမှီခိုသည်။ ဘောက်ဆိုက်သတ္တုကို ကမ္ဘာတွင် ဒုတိယအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်၏။ ရွှေနှင့် စိန်သိုက်များလည်း ရှိသည်။

ဂီနီတွင် တိုင်းရင်းသားလူမျိုးစုပေါင်း ၂၄ စုရှိ၏။ ရုံးသုံးအဖြစ် ပြင်သစ်ဘာသာ ဖြစ်ပြီး ကျောင်းများ၊ အစိုးရရုံးများနှင့် မီဒီယာ ဆက်သွယ်ရေးများတွင် ပြင်သစ်ဘာသာကို သုံးစွဲကြသည်။ တိုင်းရင်းဘာသာ ၂၄ ခုကိုလည်း ဒေသိယစကားအဖြစ် တွင်ကျယ်စွာ အသုံးပြုကြပါသည်။

၂၀၁၄ ခုနှစ်က အီဘိုလာရောဂါကူးစက်မှုဒဏ် အကြီးအကျယ်ခံခဲ့ရ၏။ လူ့အခွင့်အရေးနှင့်ပတ်သက်၍ ဂီနီမှာ နာမည်မကောင်းလှပါ။ ၂၀၁၁ ခုနှစ်၊ အမေရိကန်အစိုးရ၏ လူ့အခွင့်အရေးအစီရင်ခံစာအရ လုံခြုံရေး တပ်ဖွဲ့များက အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် နှိပ်စက်မှုရှိခဲ့သည်ဟုဆိုပြီး အထူးသဖြင့် မိန်းကလေးများ၏ အင်္ဂါစပ်ကို ဖြတ်တောက်ပစ်ခြင်းမျိုး ပါဝင်သည်။

ဂီနီ၏ ဖွဲ့စည်းပုံ

ဂီနီသမ္မတနိုင်ငံ၏ အာဏာသုံးရပ်ကို သမ္မတ၊ အမျိုးသားလွှတ်တော်နှင့် တရားလွှတ်တော်ချုပ်ဟု ပိုင်းခြားထားသည်။ သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်တင်မြှောက်ပြီး သူသည် နိုင်ငံရော၊ အစိုးရပါ အကြီးအကဲဖြစ်သည်။ တစ်ခုတည်းသော ဥပဒေ ပြုလွှတ်တော်မှာ ဂီနီအမျိုးသားလွှတ်တော် ဖြစ်ပြီး ကိုယ်စားလှယ်များကို ပြည်သူက တိုက်ရိုက်ရွေးချယ်တင်မြှောက်သည်။ တရားရုံးများအားလုံး၏အကြီးအချုပ်မှာ တရားလွှတ်တော်ချုပ်ဖြစ်ပြီး စီရင်ချက်အလုံးစုံ၏ အပြီးအပြတ်အာဏာတည်ရာ ဖြစ်၏။

၁၉၈၄ ခုနှစ်မှစ၍ အာဏာဆုပ်ကိုင်ထားခဲ့သူ လန်ဆာနာကွန်တေ ကွယ်လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်တွင် စစ်တပ်က ယာယီအာဏာသိမ်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှတစ်ဆင့် အယ်လ်ဖာကွန်ဒေ သမ္မတဖြစ်လာပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ခဲ့သည်။ ကွန်ဒေသည် ၂၀၁၅ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ ဒုတိယသက်တမ်းအဖြစ် ဆက်လက်ရွေးချယ်ခံခဲ့ရ၏။ ဂီနီ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတစ်ယောက်၏ ရွေးကောက်ခံသက်တမ်းမှာ နှစ်ကြိမ်မျှသာ ဖြစ်၏။ အာဏာကို လက်မလွှတ်ချင်တော့သည့် ဘဝရှင်မင်းတြားကြီး ကွန်ဒေသည် ၂၀၂၀ ပြည့်နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမှသည် ပြဿနာပေါင်းစုံ ပေါ်ပေါက်ခဲ့သည်ဟု ဆိုရပါမည်။ အမျိုးသားလွှတ်တော်နှင့် လက်ဝါးချင်းရိုက်ကာ သမ္မတသက်တမ်း နှစ်ကြိမ် အစား သုံးကြိမ်ထမ်းဆောင်ခွင့်ထိ တိုးချဲ့ခဲ့သည်သာမက၊ သက်တမ်းတစ်ခုလျှင် ငါးနှစ်အစား ခြောက်နှစ်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့၏။

သမ္မတ အယ်လ်ဖာကွန်ဒေ

တကယ်တော့ ကွန်ဒေသည် အတိုက်အခံပါတီ ဂီနီပြည်သူ့အင်အားစု (Rally of the Guinean People-RPG) ၏ ခေါင်းဆောင်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းပြီးမှ သမ္မတအိမ်တော်ထိ တက်လှမ်းလာသူ ဖြစ်သည်။ ၁၉၃၈ ခုနှစ်ဖွား၊ မွတ်စလင် ဖြစ်ပြီး အယ်လ်ဖာမိုဟာမက်ကွန်ဒေဆိုသော သားတစ်ယောက်သာ မွေးဖွား၏။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ၌ သမ္မတတာဝန်ကို ပထမအကြိမ် သက်တမ်းအဖြစ် စတင်ထမ်းဆောင်သည်။

ကွန်ဒေသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ဂီနီကို ဒီမိုကရေစီထွန်းကားသည့်တိုင်းပြည် ဖြစ်စေရမည်၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်သွားမည်ဟု ကြွေးကြော်လျက် အာဏာရခဲ့သူဖြစ်၏။ သို့သော် နောက်ပိုင်းတွင် ကွန်ဒေနှင့် သူ့သားတော်မောင်တို့ အမေရိကန် ဒေါ်လာ သန်း ၇၀၀ တန် သတ္တုတူးဖော်ရေး လုပ်ကွက်များအတွက် လာဘ်စားပုံ၊ ရွေးကောက်ပွဲအနိုင်ရရေးအတွက် ဥပဒေပြင်ပမှ ငွေသုံးခဲ့ပုံများ အသံထွက်လာခဲ့သည်။

သူ့သမ္မတသက်တမ်းတစ်လျှောက် ဘောက်ဆိုက်တူးဖော်မှု၊ သံနှင့် ရွှေသိုက်များ တိုးချဲ့ထုတ်လုပ်မှုများအတွက် စီးပွားရေး တိုးတက်ခဲ့သော်လည်း အစိုးရ၏ စီမံခန့်ခွဲမှုအမှားများကြောင့် ပြည်သူအများ အကျိုးမခံစားကြရပါ။

ထို့ပြင် ကွန်ဒေသည် သမ္မတရွေးကောက်ပွဲမတိုင်မီ ပေးခဲ့သည့်ကတိများကို မေ့ပစ်ခဲ့သူဖြစ်၏။ အတိုက်အခံပါတီခေါင်းဆောင်များကို သမ္မတအမိန့်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရာ UFDG ပါတီခေါင်းဆောင် ရော်ဂျာဘမ်ဘာနှင့် မာမူဒိုဘယ်ရီတို့ နှစ်ယောက်စလုံး ထောင်တွင်း၌ သေဆုံးခဲ့ရ၏။

၂၀၂၁ ခုနှစ်အတွင်း ဂျုံစျေး၊ သကြားစျေး၊ ပြောင်းဆန်စျေးများ တရိပ်ရိပ်တက်ခဲ့ပြီး၊ အစိုးရက ပေါင်မုန့်ကို စျေးမြှင့်သတ်မှတ်ရန် ကြိုးပမ်းခဲ့၍ ခုတ်ရာတခြား ရှရာတစ်လွဲဖြစ်ကာ ပေါင်မုန့်ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့၏။ ပြည်သူတို့၏ မကျေနပ်မှုကို တိုးပွားစေခြင်းသာ အဖတ်တင်ခဲ့သည်။

ယခုနှစ်အတွင်း ကိုဗစ်ကပ်ဘေးနှင့်အတူ စီးပွားရေးကပါ ယိုင်နဲ့လာခဲ့၏။ ထို့အခါ မလျှော့နိုင်သော အစိုးရ အသုံးစရိတ်များအတွက် အခွန်များတိုးကောက်ရန် ကြေငြာချက် ထုတ်ပြန်လိုက်၏။ တဖန် ဘတ်ဂျက်လျာထားချက်၌ အမျိုးသားလွှတ်တော်နှင့် သမ္မတရုံး ရံပုံငွေများကို ယခင်နှစ်ထက် တိုးမြှင့်ခဲ့ပြီး၊ စစ်တပ်နှင့်ရဲတပ်ဖွဲ့အတွက် လုံခြုံရေးဘတ်ဂျက်ကို ဖြတ်တောက်ပစ်လိုက်ခြင်းက ဤစစ်အာဏာသိမ်းမှုကို လက်ယပ်ခေါ်ခဲ့သည်ဟု စာနယ်ဇင်းများက သုံးသပ်ကြသည်။

၂၀၂၁ ခု စက်တင်ဘာ ၅ ရက်

ဒေသစံတော်ချိန် နံနက် ၈ နာရီဝန်းကျင်၊ သမ္မတအိမ်တော်အနီးမှ သေနတ်သံ စတင်ထွက်ပေါ်ခဲ့သည်။ စစ်သားတို့က အစိုးရရုံးများကိုဝိုင်းကာ ပြင်ပနှင့် အဆက်အသွယ် ဖြတ်လိုက်၏။ စစ်အာဏာပိုင်တို့က ပြည်သူများ အိမ်၌ အေးအေးဆေးဆေးနေကြဖို့ ညွှန်ကြား၏။ များမကြာမီတွင် အာဏာသိမ်းမှု အောင်မြင်ခဲ့ပြီး ကွန်ဒေကို ဂီနီစစ်ဘက်မှ ထိန်းသိမ်းလိုက်နိုင်သည့် ဗီဒီယိုများ လေလှိုင်းမှတစ်ဆင့် တက်လာခဲ့ပေပြီ။

ထို့နောက် အာဏာသိမ်းစစ်ခေါင်းဆောင် မမ်မာဒီဒွမ်ဘူယာက အမျိုးသားရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (National Committee of Reconciliation and Development-CNRD) ထူထောင်လျက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အစိုးရရုပ်မြင်သံကြား၊ ဂီနီရေဒီယိုတို့မှတစ်ဆင့် အကူးအပြောင်းကာလ ၁၈ လတာ အချိန်ယူထိန်းသိမ်းမည်ဖြစ်ကြောင်း ထုတ်လွှင့်ခဲ့ပါသည်။ ထို့နေ့၌ပင် နေဝင်မီးငြိမ်းအမိန့်ထုတ်ခြင်း၊ ဒေသန္တရ ခေါင်းဆောင်များနေရာ၌ စစ်ကွန်မင်ဒါများ အစားထိုးခြင်း၊ ဝန်ကြီးများနေရာတွင် အမြဲတမ်းအတွင်းဝန်များ အစားထိုးခြင်းတို့ကို ခြေမြန်လက်မြန် ဆောင်ရွက်ခဲ့၏။ ထိုညနေ၌ ကွန်နာခရီမြို့တော်နှင့် ဂီနီတစ်နိုင်ငံလုံးကို တပ်မတော်က အပြည့်အဝထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ကလေး သုံးယောက်၏ဖခင်၊ အသက် ၄၁ နှစ်ရှိ ဒွမ်ဘူယာသည် ပြင်သစ်တပ်မတော်၌ တပ်ကြပ်ကြီးအဆင့်ဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတ အယ်လ်ဖာကွန်ဒေဖွဲ့စည်းသည့် အထူးတပ်ဖွဲ့ကို ဦးဆောင်ရန် ၂၀၁၈ ခုနှစ်အတွင်း ဂီနီနိုင်ငံသို့ ပြန်လာခဲ့သူ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံနှင့် နိုင်ငံအများအပြား၌ စစ်လေ့ကျင့် ရေးသင်တန်းဆင်းခဲ့သည်များက သူ့ကို တပ်မှူးအဖြစ် ရာထူးတိုးစေခဲ့၏။ ထောက်လှမ်းရေးတပ်ဆွယ်တွင် တာဝန်ယူခဲ့ဖူးပြီး ၂၀၁၉ တွင် ဒုဗိုလ်မှူးကြီး၊ ၂၀၂၀ တွင် ဗိုလ်မှူးကြီး ဖြစ်လာခဲ့၏။ လူ့အခွင့်အရေးချိုးဖောက်သည့် အထောက်အထားများရှိသည်ဟုဆိုကာ ဥရောပသမဂ္ဂက ပိတ်ဆို့မှုပြုလိုသည့် ဂီနီစစ်ဘက်အရာရှိ ၂၅ ယောက်စာရင်းတွင် ဒွမ်ဘူယာ ပါဝင်သည်ဟု ဆိုကြသည်။

ဂီနီကို ၁၈ လတာ ထိန်းသိမ်းသွားမည့် CNRD ဥက္ကဋ္ဌ မမ်မာဒီ ဒွမ်ဘူယာက “ကျွန်တော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေက သေကောင်ပေါင်းလဲ ဖြစ်နေပြီ။ တရားရေးမဏ္ဍိုင် ပြန်တည့်မတ်ရမယ်။ ဒီမိုကရေစီစံနှုန်းတွေကို လေးစားလိုက်နာမှု မရှိကြဘူး။ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကို နိုင်ငံရေးအရောင် ဆိုးလွန်းတယ်။ ဆင်းရဲမှုနဲ့ လာဘ်စားမှုက ထောင်းလမောင်းကိုကြေရော” ဟု ဆိုသည်။

“ ခုချိန်ဟာ ကျွန်တော်တို့တတွေ တစ်ယောက်ကိုတစ်ယောက် နားလည်ကြရမယ့် အချိန်၊ လက်ချင်းဆက်ကြရမယ့်အချိန်၊ အတူထိုင်ပြီး ဆွေးနွေးကြရမယ့်အချိန်၊ ကျွန်တော်တို့ရဲ့ ပကတိအရှိတရား၊ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းအားနဲ့ လျော်ညီစွာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရမယ့် အချိန်ပဲ” ဟုလည်း သူက တိုင်းပြည်သို့ ပြောကြားခဲ့ပါ၏။