လားရှိုးမြို့နှင့် ကိုဗစ်ကာလ သုံးလတာ

လားရှိုးမြို့နှင့် ကိုဗစ်ကာလ သုံးလတာ
လားရှိုးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများကို လူမှုကူညီရေး အသင်းအဖွဲ့ယာဉ်တန်းဖြင့် သယ်ဆောင်လာစဉ်
လားရှိုးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများကို လူမှုကူညီရေး အသင်းအဖွဲ့ယာဉ်တန်းဖြင့် သယ်ဆောင်လာစဉ်
Published 5 September 2021
စိုင်းထွန်းနေလှိုင် (နောင်ပိန်)

( ၁ )

တောင်ပေါ်ဒေသဖြစ်သည့် လားရှိုးမြို့လေးသည် မိုးရိပ်မိုးငွေ့က တဖြည်းဖြည်း လွင့်ပြယ်လာပြီး နံနက်ခင်းတို့သည် မြူခြေရစ်ဆိုင်းလို့ ရစ်ဝဲနေတတ်ပြီ။ မိုးရွာသွန်းမှုက အရင်လို ခပ်စိပ်စိပ်မဟုတ်တော့။

နံနက်ခင်းသည် ရွေ့လျားစျေးသည်တို့၏ စျေးရောင်းချသံကြောင့် နိုးထရစမြဲလိုဖြစ်နေတတ်သည်။ တကယ်တော့ ယခုရွေ့လျားစျေးသည်တွေ စျေးပြန်ရောင်းချလာသည့် နေ့ရက်များသည် သိပ်တော့မကြာလှသေး။

လားရှိုးမြို့တွင် ကိုဗစ်တတိယလှိုင်း စတင်ခဲ့သည့် ဇွန်လဆန်းမှစ၍ မြို့တွင်းသွားလာမှုများ နည်းပါးသွားသလို စျေးများဖွင့်လှစ်မှုကိုလည်း ယာယီပိတ်ခဲ့ကြရသည်။

ရောဂါပိုးကူးစက်သူတွေ့ရှိခဲ့သည့် အချိန်မှစတင်ကာ စားသောက်ဆိုင်အားလုံး ဆိုင်ထိုင်စားစနစ်ကို ပိတ်ခဲ့ရသလို စားသောက်ဆိုင်အတော်များများ တစ်လကျော်ကြာသည်အထိ စျေးရောင်းချခြင်းကို လုံးဝမပြုလုပ်ခဲ့ကြပေ။

တစ်လကျော်ကြာလာသည့် အချိန်တွင်တော့ ဆိုင်ထိုင်စား ရောင်းချသည့် ဆိုင်အတော်များများ ပါဆယ်စနစ်ဖြင့် ရောင်းချလာကြသည်။ Delivery လုပ်ငန်းများ ပိုမိုလည်ပတ်လာကြသည်။

“ကျွန်တော်တို့ လားရှိုးမှာ ကိုဗစ်ရောဂါတွေ စဖြစ်တော့ စျေးဆိုင်အတော်များများ ပိတ်ကုန်တယ်။ နောက်ပိုင်း တရားဝင်ကို ပိတ်ကြရတယ်။ ရောဂါကူးစက်မှုကြောင့်ပေါ့။ ဒါကြောင့် ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေစုပြီး မြို့နာမည်နဲ့ Delivery Facebook လေးတစ်ခု လုပ်ပေးဖြစ်တယ်။ အဲဒီ Group မှာ စျေးရောင်းချင်သူတွေ ပို့စ်တင်ပြီးရောင်းကြတာပေါ့။ ကိုဗစ်ကာလမှာ ဆိုင်ထိုင်စား စနစ်လည်းမရတော့ ဆိုင်တွေအားလုံးလည်း ပိတ်ထားကြရတယ်။ ဒါကြောင့် အိမ်မှာနေရင်း အစားအသောက်လေးတွေ စားချင်ရင်၊ ပစ္စည်းလေးတွေ ဝယ်ချင်ရင် အွန်လိုင်းကနေပဲ အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ဝယ်နိုင်အောင်ဆိုတဲ့စိတ်နဲ့  Group လေး ထောင်ပေးခဲ့တာပေါ့။ အခုတော့ လားရှိုးမြို့က ဒေသခံတွေ ဒီ Group လေးမှာ  စည်စည်ကားကားနဲ့ ရောင်းဝယ်နေကြပါတယ်။ ကျွန်တော်တို့က ဒီ Group မှာတင်တဲ့ ပို့စ်တိုင်းတော့ တင်ခွင့်မပြုပါဘူး။သတ်မှတ်စည်းကမ်းလေးတွေနဲ့ညီမှပဲ တင်ခွင့်ပြုတာပါ။ တစ်ရက်ကိုတင်တဲ့ ပို့စ်တွေက သုံးရာကနေငါးရာကြားရှိပါတယ်” ဟု လားရှိုးမြို့တွင်း စျေးရောင်းချသူများ အဆင်ပြေစေရန် Lashio Goods Delivery & Take Away Facebook Group ကို ဖွင့်လှစ်ပေးထားသည့် ကိုဟန်ညီက ပြောသည်။

လားရှိုးမြို့တွင် ဇွန်လမှစတင်ကာ Delivery စနစ်ဖြင့် အများစု စျေးရောင်းစျေးဝယ် ပြုလုပ်ခဲ့ကြသည်မှာ သုံးလတာနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။

( ၂ )

လားရှိုးမြို့တွင် ဇွန် ၉ ရက်မှ စတင်ခဲ့သည့် ကိုဗစ်တတိယလှိုင်းကြောင့် လူမှုရေး၊ စီးပွားရေးတို့ အစစအရာရာ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး နေ့ရက်တိုင်းသည် အရေးပေါ်ကားသံများကြားဝယ် ဖြတ်သန်းနေခဲ့ကြရသည်။

COVID-19 ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် ဇွန်နှင့်ဇူလိုင်တွင် လားရှိုးမြို့တွင်သာမက ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ်အများစုတွင် ရောဂါပိုးကူးစက်မှုမြင့်မားလာမှုများကြောင့် အောက်ဆီဂျင်လိုအပ်ချက် အများအပြားရှိခဲ့သည်။

ထိုအချိန်က လားရှိုးမြို့တွင် အောက်ဆီဂျင်ဖြည့်တင်းသည့်စက် အလုံအလောက် မရှိသေးသဖြင့် မူဆယ်-နမ့်ခမ်းကြားရှိ စယ်လန့်ကျေးရွာနှင့် ပြင်ဦးလွင်တို့ရှိ အောက်ဆီဂျင်ဖြည့်တင်းနိုင်သည့် နေရာများတွင် သွားရောက်ကာ ဖြည့်တင်းခဲ့ကြရသည်။

ဇူလိုင်လနောက်ဆုံးပတ်တွင်တော့ လားရှိုးမြို့တွင် အောက်ဆီဂျင်ထုတ်လုပ်သည့်စက် အများအပြား တပ်ဆင်ထုတ်လုပ်နိုင်ခဲ့ပြီး လားရှိုးမြို့တွင်းရှိ အောက်ဆီဂျင် လိုအပ်သူများအတွက်သာမက အခြားမြို့များအတွက်ပါ ကူညီဖြည့်တင်းပေးနိုင်ခဲ့သည်။

လားရှိုးမြို့တွင် ဇူလိုင်လအတွင်း ရောဂါပိုးကူးစက်ခံရမှု မြင့်တက်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ရောဂါကူးစက်ခံရသူ ၅၀ ဦးနှင့် ၁၀၀ ဦးကြားရှိခဲ့သည်။ သြဂုတ်လအတွင်း မြို့တွင်းရောဂါပိုး ပျံ့နှံ့မှုမှ ရောဂါကူးစက်ခံရမှုနှုန်း သိသိသာသာကျဆင်းလာခဲ့ပြီး ကူးစက်မှုနှုန်းမှာ တစ်ရက်လျှင် ၃၀ ဦးအောက် ကျဆင်းခဲ့သည်ကို လားရှိုးမြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

“ကျွန်မတို့ Swab Team အနေနဲ့ မြို့တွင်းကူးစက်မှုကနေ ထိတွေ့ဆက်စပ်မှုရှိသူတွေကို PCR Swab တစ်ရက်ယူတယ်။ နောက်တစ်ရက်က အဲဒီစစ်ဆေးမှုကနေ ပေါ့စတစ်ထွက်သူတွေကို ကြပ်မတ်ကုသဆောင်တွေကို ပို့ဆောင်ဖို့ စီစဉ်ပါတယ်။ အဲဒီနေ့တွေမှာတော့ အရေးပေါ်လူနာတွေရယ်၊ ကိုယ်အပူချိန်မြင့်တက်သူတွေရယ် အနံ့ပျောက်သူတွေကို လိုအပ်ရင် RDT Test Kit နဲ့ စစ်ဆေးပါတယ်” ဟု လားရှိုးမြို့ရှိ ကိုဗစ်ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့ဆက်စပ်မှုရှိသူများကို Swab ယူ စစ်ဆေးပေးနေသည့် Lashio Swab Team မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

သြဂုတ်လအတွင်း မြို့တွင်း ကိုဗစ်ရောဂါပြန့်ပွားမှုမှရောဂါ ကူးစက်မှုနှုန်းကျဆင်းခဲ့သော်လည်း မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များတွင် ရောဂါကူးစက်မှု များပြားလာခဲ့သည်။

ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ကာ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်အများအပြား ကိုဗစ်ရောဂါကူးစက်မှုခံခဲ့ကြရပြီး  ကိုဗစ်ကုသရေးစင်တာများတွင် ကုသမှုခံယူခဲ့ကြရသည်။

ရောဂါကူးစက်မှုအများဆုံးအဖြစ် သြဂုတ် ၂၆ ရက်တွင် လားရှိုးမြို့အဝင် ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတွင် ဆရာတော်၊ သံဃာတော် ၈၇ ပါးကို RDT ဖြင့် စစ်ဆေးခဲ့ရာ ၆၀ ပါးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားခဲ့ရသလို သြဂုတ် ၂၇ ရက်တွင်လည်း လားရှိုးမြို့သာသနာ့ဟိတကာရီ သီလရှင်စာသင်တိုက်ရှိ သီလရှင် ၁၁၃ ပါးအား RDT ဖြင့်စစ်ဆေးခဲ့ရာ သီလရှင် ၅၀ ပါးတွင် ကိုဗစ်ရောဂါ ကူးစက်မှု ခံထားရသည်ကို တွေ့ရှိရကြောင်း သိရသည်။

မြို့တွင်းရောဂါကူးစက်မှု အခြေအနေမှန်များ သိရှိနိုင်ရန်အတွက် လားရှိုးမြို့တွင် သြဂုတ် ၂၉ ရက်မှ စတင်ကာ လူအများသွားလာရာ သတ်မှတ်စည်းကမ်းများနှင့်အညီ ယာယီဖွင့်လှစ်ခွင့်ပြုထားသည့် စျေးများ၊ ကားဂိတ်များတွင် Pilot Project အစီအစဉ်ဖြင့် ရှောင်တခင် စစ်ဆေးခဲ့ရာ ရောဂါကူးစက်ခံထားရသူ အနည်းငယ်သာ တွေ့ရှိခဲ့ရသည်။

“ကျွန်တော်တို့က ဘယ်သူ့ကို စစ်မယ်ဆိုတာ၊ ဘယ်နေရာမှာ စစ်မယ်ဆိုတာကို ပြောမထားဘူး။ ကျွန်တော်တို့ စစ်ဆေးချင်တဲ့နေရာကို ဆေးစစ်တဲ့အဖွဲ့ကသွားတယ်။ အဲဒီမှာရောက်ရင်တွေ့တဲ့ သူကို RDT နဲ့ ဆေးစစ်ပေးတယ်။ မြို့တွင်းကူးစက်မှုက အရမ်းကြီးတော့ မများဘူး။ ဒါပေမဲ့ လုံးဝကြီးမတွေ့တာတော့မဟုတ်ဘူး။ပျောက်သွားတာတော့မဟုတ်ဘူး။ ရှိနေသေးတယ်။ ဇွန်၊ ဇူလိုင်လလောက်တော့ ရောဂါကူးစက်မှု မများတော့ဘူး” ဟု လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ်လ နောက်ဆုံးပတ်တွင်တော့ လားရှိုးမြို့တွင်း သွားလာမှုမှာ များပြားလာသည်ကို တွေ့မြင်ရသည်။ မြို့တွင်းသွားလာမှုများလည်း ယခင်ကလောက် တင်းကျပ်မှု သိပ်မရှိတော့။ အိမ်စျေးဆိုင် အတော်များများ ပြန်လည်ဖွင့်လှစ်လာခဲ့ကြသည်ကို တွေ့ရသည်။

“မြို့တွင်းသွားလာမှုက ဇွန်၊ ဇူလိုင်နဲ့မတူတော့ဘူး။တော်တော်များလာတယ်။ မြို့တွင်းမှာ ကားတွေတော်တော်များတယ်။ လမ်းဘေးစျေးဆိုင်တွေလည်း တော်တော်များလာတာ တွေ့တယ်။ ပင်စင်ထုတ်ရက်တို့၊ လစာထုတ်ရက်တို့ဆို ပိုဆိုးတယ်။ဘဏ်အနီးတစ်ဝိုက် ကားတွေပိတ်တဲ့အထိ စည်တယ်။ ပိတ်ရက်တွေ ရှည်လာတော့ စီးပွားရေးအခြေအနေအရ ကြာကြာတောင့်မခံနိုင်တော့ဘူး။ ရောဂါကြောက်လို့ အရင်က အိမ်တွင်းအောင်းနေသူတွေလည်း အရောင်းအဝယ်တွေ ပြန်လုပ်လာကြတယ်” ဟု လားရှိုးမြို့နေ ဒေသခံတစ်ဦးဖြစ်သူက ပြောသည်။

 (၃)

သြဂုတ် ၁၇ ရက်မှ ၃၀ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုတွင် ရှမ်းပြည်နယ်မှ ၁၄ ရက်ဆက်တိုက် အများဆုံးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုများအရ သိရသည်။

သြဂုတ် ၁၆ ရက် ည ၈ နာရီမှ သြဂုတ် ၁၇ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၃၃၀၆ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၅၇၄ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူ ၁၁ ဦးရှိကြောင်း၊ သြဂုတ် ၁၇ ရက် ည ၈ နာရီမှ သြဂုတ် ၁၈ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၈၇၈ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၈၂၈ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူ ကိုးဦးရှိကြောင်း သိရသည်။

ဆက်လက်ပြီး သြဂုတ် ၁၈ ရက် ည ၈ နာရီမှ သြဂုတ် ၁၉ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၅၉၀ တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၄၉၇ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူ ၁၄ ဦး၊ သြဂုတ် ၁၉ ရက် ည ၈ နာရီမှ သြဂုတ် ၂၀ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၃၀၀၉ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၇၅၆ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူ ကိုးဦး၊ သြဂုတ် ၂၀ ရက် ည ၈ နာရီမှ သြဂုတ် ၂၁ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၇၄၄ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၄၁၆ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူ ၁၂ ဦးရှိကြောင်း သိရသည်။

အလားတူ သြဂုတ် ၂၁ ရက် ည ၈ နာရီမှ သြဂုတ်၂၂ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၁၇၄ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၃၉၂ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူ ခုနစ် ဦး၊ သြဂုတ် ၂၂ ရက် ည ၈ နာရီမှ သြဂုတ် ၂၃ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၁၈၆ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၄၀၄ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူ ခုနစ်ဦး၊ သြဂုတ် ၂၃ ရက် ည ၈ နာရီမှ သြဂုတ် ၂၄ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၅၀၆ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၃၈၂ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူ ခုနစ်ဦး၊ သြဂုတ် ၂၄ ရက် ည ၈ နာရီမှ သြဂုတ် ၂၅ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ ၂၅၀၂ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၆၁၆ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူ ၁၁ ဦး ရှိကြောင်း သိရသည်။

ယင်းအပြင် သြဂုတ် ၂၅ ရက် ည ၈ နာရီမှ သြဂုတ် ၂၆ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၆၃၅ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၇၅၆ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူ ခြောက်ဦး၊ သြဂုတ် ၂၆ ရက် ည ၈ နာရီမှ သြဂုတ် ၂၇ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၆၈၈ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၇၉၈ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူ ကိုးဦး၊ သြဂုတ် ၂၇ ရက် ည ၈ နာရီမှ သြဂုတ် ၂၈ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၉၃၂ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၆၀၃ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူခြောက်ဦး၊ သြဂုတ် ၂၈ ရက် ည ၈ နာရီမှ သြဂုတ် ၂၉ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ ၃၁၆၆ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၅၄၉ ဦးဖြင့် အများဆုံးဖြစ်ပြီး သေဆုံးသူ သုံးဦး၊ သြဂုတ် ၂၉ ရက် ည ၈ နာရီမှ သြဂုတ် ၃၀ ရက် ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၃၅၈၃ ဦး တွေ့ရှိရာတွင် ရှမ်းပြည်နယ်မှ ၆၂၅ ဦးဖြင့် အများဆုံး ဖြစ်ပြီး သေဆုံးသူရှစ်ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အတူ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 မျိုးရိုးဗီဇပြောင်းလဲသော ပိုးတွေ့ရှိသူ ၁၅ ဦးရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ရောဂါကူးစက်ခံရသူများတွင် နေပြည်တော်မှ ငါးဦး၊ ရန်ကုန်မှနှစ်ဦး၊ မန္တလေးမှနှစ်ဦး၊ စစ်တွေ၊ တောင်ငူ၊ မော်လမြိုင်၊ မုံရွာ၊ကလေးနှင့် လားရှိုးမြို့တို့မှတစ်ဦးစီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လားရှိုးမြို့တွင် ဇွန် ၉ ရက်မှ စက်တင်ဘာ ၃ ရက် ည ၈ နာရီအချိန်အထိ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသူပေါင်း ၂၆၆၂ ဦး ရှိခဲ့ပြီး ရောဂါသက်သာသဖြင့် ဆေးရုံဆင်းခွင့်ရသူမှာ ၂၁၈၁ ဦးရှိ နေပြီဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါပိုး ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ကုသရင်း သေဆုံးခဲ့သူမှာ သုံးလနီးပါးကာလအတွင်း ၁၅၄ ဦးထိရှိနေပြီး ဆေးရုံတက်ရောက်နိုင်ခြင်းမရှိသေးဘဲ သေဆုံးသူများလည်း ရှိနေကြောင်း သိရသည်။

စက်တင်ဘာ ၃ ရက် ညပိုင်းအထိ COVID-19 ရောဂါပိုးကူးစက်မှုကြောင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၅၄ ဦး၊ ပညာရေး ဒီဂရီကောလိပ် ကုသဆောင်တွင် ၂၅၄ ဦး၊ ပညာရေးဒီဂရီကြပ်မတ် ကုသဆောင်တွင် ၁၉ ဦး တက်ရောက်ကုသနေကြောင်း သိရသည်။

လားရှိုးမြို့တွင် ဇွန်လအတွင်းမှစတင်ခဲ့သည့်  ကိုဗစ်တတိယလှိုင်းသည် စက်တင်ဘာလ ပထမပတ်အတွင်း ရောဂါကူးစက်သူ နေ့စဉ်ရှိနေခဲ့သော်လည်း ဇွန်၊ ဇူလိုင်လများထက်  မြို့တွင်းရောဂါ ကူးစက်ပျံ့နှံ့မှုမှ ရောဂါကူးစက်မှု ကျဆင်းလာခဲ့ခြင်းကြောင့် မြို့နေပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းများနှင့်အညီ ကျန်းမာရေးအသိ၊ သတိများစွာဖြင့် ရှေ့ဆက်နေထိုင်သွားကြရင်း ရောဂါကူးစက်မှုကို ထပ်မံလျှော့ချနိုင်ပါစေကြောင်း ရေးသားလိုက်ရပါသည်။