ထပ်မံထွက်ပေါ်လာသော COVID-19 မျိုးကွဲများနှင့် ကူးစက်ပျံ့နှံ့နေသည့် အနေအထား

ထပ်မံထွက်ပေါ်လာသော COVID-19 မျိုးကွဲများနှင့် ကူးစက်ပျံ့နှံ့နေသည့် အနေအထား
လားရှိုးမြို့ ရပ်ကွက် (၇) မောသီရိကွက်သစ်ဈေးအနီးရှိ ဒေသခံများအား Pilot Project အစီအစဉ်ဖြင့် စက်တင်ဘာ ၄ ရက်က RDT Test Kit ဖြင့် စစ်ဆေးနေစဉ် (ဓာတ်ပုံ-စိုင်းထွန်းနေလှိုင်)
လားရှိုးမြို့ ရပ်ကွက် (၇) မောသီရိကွက်သစ်ဈေးအနီးရှိ ဒေသခံများအား Pilot Project အစီအစဉ်ဖြင့် စက်တင်ဘာ ၄ ရက်က RDT Test Kit ဖြင့် စစ်ဆေးနေစဉ် (ဓာတ်ပုံ-စိုင်းထွန်းနေလှိုင်)
Published 5 September 2021
ပြည့်ဖြိုးအောင်၊ ငြိမ်းငြိမ်းသူ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါကူးစက်ခံရများ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပြီး ကာကွယ်ဆေးများရရှိမှုအပေါ် မူတည်၍ ဦးစားပေးအုပ်စုများအလိုက် ဆေးထိုးနှံခြင်းများကို ပြုလုပ်လျက်ရှိကြသည်။

ကိုရိုနာဗိုင်းရပ်စ်မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်အသစ်များကို နိုင်ငံအချို့တွင် တွေ့ရှိနေပြီး အလွန်ကူးစက်မြန် ဒယ်တာဗိုင်းရပ်စ် မျိုးကွဲကြောင့် ကမ္ဘာတစ်ဝန်းတွင် ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာပြီး အထူးသဖြင့် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက် စည်းမျဉ်းများကို ဖြေလျှော့မှုများကြောင့် ဖြစ်သည်ဟု သိရသည်။    

ကမ္ဘာတစ်ဝန်း၌ ကာကွယ်ဆေးမထိုးနှံရသေးသော လူများနှင့် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့သည့်ဒေသများတွင် အလွန်ကူးစက်မြန် Delta ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပျံ့နှံ့မှုကြောင့် ကူးစက်မှုနှုန်း မြင့်တက်နေချိန်တွင် ဗိုင်းရပ်စ်မျိုးကွဲအသစ် ထွက်ပေါ်လာမှုကို စိုးရိမ်မှုများရှိနေကြသည်။

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ်များနှင့် ကူးစက်နိုင်မှုအခြေအနေ

ကမ္ဘာ့ကျန်းမားရေးအဖွဲ့က သတ်မှတ်ထုတ်ပြန်ထားသည့် Variant of Concern (စိုးရိမ်စရာမျိုးကွဲ) ဖြစ်သည့် Delta ၊ Alpha ၊ Beta ၊ Gamma တို့က နိုင်ငံအသီးသီး ကူးစက်ပျံ့နှ့ံလျက်ရှိပြီး၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် ပီးရူးနိုင်ငံတွင် Variant of Interest (စိတ်ဝင်စားဖွယ်မျိုးကွဲ) Lambda ကို စတင်တွေ့ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကိုလံဘီယာနိုင်ငံ၌ Variant of Interest (စိတ်ဝင်စားဖွယ်မျိုးကွဲ) Mu ဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်မျိုးကို ပထမဆုံးတွေ့ရှိခဲ့သည်။

COVID-19 မျိုးဗီဇပြောင်းပိုးဖြစ်သည့် Lambda သည်နိုင်ငံ ၂၉ နိုင်ငံနှင့် Mu သည် နိုင်ငံ ၃၉ နိုင်ငံ သို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပီရူးနိုင်ငံတွင် တတိယလှိုင်းဖြစ်ပွားမှုသည် Lambda ကြောင့်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“ပီရူးနိုင်ငံမှာဆိုရင် သူ့ရဲ့တတိယလှိုင်း ဖြစ်တယ်ဆိုတာက Lambda ကြောင့်ဖြစ်တာ ဖြစ်ပါတယ်။နောက်ပိုင်းမှာမှ ဒယ်လ်တာ ဗီဇပြောင်းပိုးက ဝင်ရောက်ကူးစက်တာဖြစ်ပြီး Lambda ရော၊ Delta ရော ဝင်ရောက်ကူးစက်တာဖြစ်ပါတယ်။ တောင်အမေရိကတိုက်မှာရှိတဲ့ နိုင်ငံမှာဖြစ်ပွားမှုတွေများတာကို တွေ့ရပါတယ်။ အဲဒီနိုင်ငံတွေမှာတော့ ဖြစ်ပွားမှုရဲ့ အဓိကလက်သည် ၈၀ ရာခိုင်နှုန်းကျော်ဟာ Lambda ကြောင့် ဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ Lambda သည် Variant of Interest အဆင့်၌သာရှိသေးပြီး ဆက်လက်သုတေသန ပြုလုပ်ရမည်ဖြစ်ကာ ၎င်းသည်တောင်အမေရိကတိုက်တွင်ရှိသည့် နိုင်ငံများတွင် ဖြစ်ပွားမှုအများဆုံးတွေ့ရကြောင်း သိရသည်။

“Lambda နဲ့ပတ်သက်လို့ ဂျပန်နဲ့ စပိန်မှာလုပ်တဲ့သုတေသန။ အဲဒီသုတေသနကတော့ အကဲဖြတ်သုံးသပ်ထားခြင်း လောလောဆယ် မရှိသေးပါဘူး။ ပိုပြီးတော့ရောဂါကူးစက်မှုကို များစေတယ်။ ကာကွယ်ဆေးရဲ့ အာနိသင်ကိုလည်း ထိရောက်မှုနည်းစေတယ်ဆိုပေမယ်လို့ ဒါနဲ့ပတ်သက်လို့ ထောက်ခံထားတဲ့ အထောက်အထား မရှိသေးပါဘူး” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

Lambda ဗိုင်းရပ်စ်မျိုးကွဲသည် တောင်အမေရိကနိုင်ငံများတွင် အများဆုံးတွေ့ရှိထားသည်ဟု ဆိုသော်လည်း အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံတွင် ယင်းမျိုးကွဲကို ပထမဆုံးအကြိမ် တွေ့ရှိထားကြောင်း သြဂုတ် ၁၅ ရက်က ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် Lambda ဗိုင်းရပ်စ်မျိုးကွဲကို Variant of Interest (စိတ်ဝင်စားဖွယ်မျိုးကွဲ) ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတ်မှတ်ထားသော်လည်း ဓာတ်ခွဲလေ့လာမှုအရ ယင်းမျိုးကွဲတွင် ကာကွယ်ဆေးထိုးနှံမှုမှ ထွက်ရှိလာသော ပဋိပစ္စည်းများကို ခုခံနိုင်သည့် မျိုးကွဲများရှိနေသည်ကို တွေ့ရှိထားကြောင်း သိရသည်။

ယင်း Lambda မျိုးကွဲက ပြင်းထန်သည့် ဆက်လက်ခြိမ်းမြောက်မှု တစ်ရပ်ဖြစ်နေသည်ကို လူအများက သတိပြုမိဖွယ်မရှိကြောင်း သုတေသီများက သတိပေးထားသည်။

အလားတူ ၂၀၂၁ ခုနှစ် ဇန်နဝါရီက ကိုလံဘီယာနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့သည့် Mu ဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်စ်မျိုး ကွဲသစ်တစ်မျိုးကိုစောင့်ကြည့်လေ့လာနေပြီး B.1.621 မျိုးကွဲသစ် (Mu) ကို စိတ်ဝင်စားဖွယ် မျိုးကွဲအဖြစ်သတ်မှတ်ထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သြဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ယင်းမျိုးကွဲသည် ကာကွယ်ဆေးများ၏ ထိရောက်မှုကို ခံနိုင်ရည်ရှိသည့် အန္တရာယ်ရှိကြောင်း ဖော်ပြနေသည့် သန္ဓေပြောင်းမှုများရှိကြောင်း သိရသည်။

“Mu ရဲ့ဖြစ်ပွားမှုဟာဆိုရင် ကမ္ဘာကြီးရဲ့ဖြစ်ပွားမှုရဲ့ သုည ဒသမ ၁ ရာခိုင်နှုန်း အောက်ပဲရှိပါတယ်။ ဒါပေမဲ့စဖြစ်တဲ့ ကိုလံဘီယာမှာတော့ ၃၉ ရာခိုင်နှုန်းရှိပါတယ်။ အီကွေဒေါမှာဆိုရင် သုံးရာခိုင်နှုန်းလောက် ရှိနေပါတယ်။ တောင်အမေရိကတိုက်မှာဆိုရင် Mu ရော၊ Delta ရော နှစ်ခုပေါင်းပြီး ပျံ့နှံ့နေတဲ့သဘောရှိပါတယ်။ သူ့ကိုလည်း သတိထားစောင့်ကြည့်ရပါ့မယ်။ Delta နဲ့ ယှဉ်လိုက်ရင်တော့ စိုးရိမ်ရလောက်တဲ့ အဆင့်တော့မရှိပါဘူး” ဟု ဒေါက်တာ ခင်ခင်ကြီးက ပြောကြားသည်။

ကိုလံဘီယာတွင် Mu ဗိုင်းရပ်စ်မျိုးကွဲကို တွေ့ရှိခဲ့ပြီးနောက် အခြားတောင်အမေရိကနိုင်ငံများနှင့် ဥရောပတွင် ယင်းမျိုးကွဲကူးစက်ခံရသူများကို တွေ့ရှိခဲ့သည်။

COVID-19 ရောဂါကို ဖြစ်စေသည့် သန္ဓေပြောင်းမှုများသည် ဗိုင်းရပ်စ်၏ ဂုဏ်သတ္တိများအပေါ် သက်ရောက်မှု ရှိနိုင်သည့်အပြင် ဗိုင်းရပ်စ်ကို အလွယ်တကူ ကူးစက်ပျံ့နှံ့စေနိုင်ခြင်း၊ ကူးစက်ခံရသူကို ရောဂါပြင်းထန်စေခြင်းနှင့် ကာကွယ်ဆေးများ၊ ကုသဆေးများကို ခံနိုင်ရည်ရှိခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေဆဲ ဗိုင်းရပ်မျိုးကွဲများနှင့်ကာကွယ်ထိန်းချုပ်မှုအခြေအနေ

မြန်မာနိုင်ငံတွင် COVID-19 နှင့် ပတ်သက်၍ မျိုးရိုးဗီဇပြောင်း ရောဂါပိုးပြောင်းလဲမှုများ ရှိမရှိ စမ်းသပ်လေ့လာများ ပြုလုပ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ဗီဇပြောင်းပိုးလေးမျိုးအထိ တွေ့ရှိထားပြီး Variant of Concern VOC သုံးမျိုးဖြစ်သည့် Alpha ၊ Beta ၊ Delta အပြင် Variants of Interest ထဲမှတစ်မျိုးဖြစ်သည့် Kappa စုစုပေါင်းလေးမျိုး တွေ့ရှိထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၈ ရက်တွင် COVID-19 မျိုးရိုးဗီဇကွဲ Delta မျိုးစိတ်ကူးစက်ခံရသူ ၁၅ ဦး တွေ့ရှိကြောင်း စက်တင်ဘာ ၁ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“ရောဂါပိုးရဲ့ ဘယ်မျိုးနွယ်ကလဲ။ ဘာတွေပြောင်းလဲမှုရှိသလဲ ဘယ်ဒေသမှာ ကျင်လည်နေတဲ့ မျိုးစိတ်လဲ စသည်ဖြင့် ဒါမျိုးတွေသိရအောင် လေ့လာတာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ထုတ်ပြန်ကြေညာချက်အရ ၁၅ ယောက် စမ်းသပ်ပါတယ်။ ၁၅ ယောက်စမ်းသပ်တဲ့အခါ မှာ ၁၅ ယောက်စလုံးကဆိုရင် ဒယ်လ်တာပိုးတွေ့ရှိရတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ဒယ်လ်တာပိုးတွေ့တဲ့သူက ၁၅ ယောက်ပဲရှိတယ်ဆိုတဲ့ အဓိပ္ပာယ်မရပါဘူး။ ၁၅ ယောက်စမ်းတာ ၁၅ ယောက်စလုံး ဒယ်လ်တာ တွေ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အဲဒီ ၁၅ ယောက်က ဘယ်လိုလူတွေကို စမ်းတာလဲဆိုရင် နံပါတ် (တစ်) အနေနဲ့ ရောဂါဖြစ်ပွားမှု အုပ်စုလိုက် ရောဂါဖြစ်ပွားမှု များများဖြစ်တဲ့နေရာက ဓာတ်ခွဲနမူနာတွေယူပါတယ်။ ရောဂါဖြစ်ပြီးရင် သေဆုံးသွားတယ်။ တစ်အိမ်တည်းမှာပင်ကို သူရဲ့မိသားစုဝင်တွေ ကူးစက်ပြီးတော့ သုံးယောက်သေသွားတယ်။ အဲဒီကဓာတ်ခွဲ နမူနာယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်ပြင်းထန်တာ ဘာကြောင့်ဖြစ်သလဲသိချင်လို့ ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

လက်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူများ၊ ကာကွယ်ဆေးထိုးနှံပြီးနောက် ရောဂါကူးစက်ခံရသူဟု ယူဆရသူများကို ဓာတ်ခွဲနမူနာကို စမ်းသပ်လေ့လာခဲ့ပြီး အသက်သုံးနှစ်နှင့် ၁၄ အရွယ်ကလေးများ၏ ဓာတ်ခွဲနမူနာများကိုယူ၍ မည်သည့်ဗီဇပြောင်းပိုး ရှိမရှိကိုစမ်းသပ်လေ့လာနေကြောင်း သိရသည်။

“ကာကွယ်ဆေးထိုးထားတဲ့သူတွေ၊ ကာကွယ်ဆေးထိုးပြီးသားမှာ ပိုးတွေ့တဲ့သူတွေ ယူပါတယ်။ ကာကွယ်ဆေးထိုးပြီးလျက်နဲ့ ပိုးကူးစက်မှုပြန်ဖြစ်တာဟာ ဘာ Variant ကြောင့်ဖြစ်မလဲ ဒါတွေသိချင်လို့ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေမှာ ရောဂါဖြစ်ပွားမှုပိုးတွေ့တာရော ဘယ်ဗီဇပြောင်းပိုးကြောင့်လဲသိချင်လို့ သုံးနှစ်အရွယ်နဲ့ ၁၄ နှစ်အရွယ် ကလေးနှစ်ယောက်ကို ဓာတ်ခွဲနမူနာယူပါတယ်။ ဒါ့အပြင် သာမန်လက္ခဏာဘာမှ အထွေအထူး ပြင်းပြင်းထန်ထန် မရှိဘူး။ သာမန်လက္ခဏာလောက်ပဲ ခံစားရတဲ့သူကရော ဘယ်လိုဗီဇပြောင်းပိုးတွေ ကူးစက်ခံရလဲ ဒါတွေကြည့်ချင်လို့ ဒီလိုအားဖြင့် ဒါတွေယူပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရောဂါကူးစက်စပြုလာသည့် ဇွန်လကုန်ပိုင်းက မျိုးရိုးဗီဇ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး စစ်ဆေးမှုအရ Alpha ဗီဇပြောင်းပိုးရှိသူ လေးဦး၊ Beta ဗီဇပြောင်းပိုးရှိသူ လေးဦး၊ Delta ဗီဇပြောင်းပိုးရှိသူ ခုနစ်ဦးတွေ့ရှိခဲ့ပြီး Variant of Interest ဗီဇပြောင်းပိုးဖြစ်သည့် Kappa ပိုးတွေ့ရှိသူလေးဦး တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိထားစောင့်ရမည့် အန္တရာယ်ရှိနိုင်သည့် ဗီဇပြောင်းပိုး ၁၁ မျိုးရှိပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိထားစောင့်ကြည့်ရမည့် အန္တရာယ်ရှိနိုင်သော ဗီဇပြောင်းပိုး ၁၁ မျိုးအနက် B.1.466.2 ဗီဇပြောင်းပိုး တွေ့ရှိသူတစ်ဦးရှိပြီး ဓာတ်ခွဲနမူနာ ၂၀ အခြေခံ၍ စစ်ဆေးချက်အရ Alpha ၊ Delta ၊ Beta ၊ Kappa နှင့် B.1.466.2 ဗီဇပြာင်းပိုးတွေ့ရှိ သူ ၂၀ ရှိခဲ့သည်။

“အဓိကကတော့မျိုးကွဲတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့ လုပ်ဆောင်တဲ့အချက်က သိပ်လွယ်ပါတယ်။ COVID စည်းကမ်းတွေဖြစ်တဲ့ Mask တပ်မယ်။ လက်ဆေးမယ်။ လက်ကို သေချာသန့်စင်အောင် ဆေးမယ်။ လူအုပ်စုရှောင်မယ်။ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေမယ်။ ကိုယ့်အိမ်မှာနေမယ်။ ဘယ်မှာပဲနေနေ လေကောင်းလေသန့်ရတဲ့နေရာမှာ နေမယ်။ အခန်းကျဉ်းတို့၊ အလုံပိတ်ခန်းထဲမှာ မနေဘူး။ တစ်ခုခုလုပ်မယ်ဆိုရင်တောင် လေကောင်းလေသန့်ရတဲ့နေရာမှာ ဒါမျိုးတွေလုပ်သင့်တယ်ပေါ့နော်။ ကာကွယ်ဆေးထိုးနှံဖို့ အခွင့်အလမ်းရှိတဲ့သူတွေအနေနဲ့ဆို ကာကွယ်ဆေးထိုးနှံဖို့လိုတယ်။ ဒါအဓိကပေါ့နော်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများကို အသက် ၁၈ နှစ်အထက် လူဦးရေ ၃၆ ဒသမ ၉ သန်းကို ဦးစားပေး ထိုးနှံပေးလျက်ရှိပြီး သြဂုတ် ၃၁ ရက်အထိ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသည့် လူဦးရေ ၂၁၀၄၉၃၄ ဦး၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၂၆၆၂၃၆၄ ဦး၊ထိုးနှံပြီးစီးသည့်လူဦးရေ စုစုပေါင်း ၄၇၆၇၂၉၈ ဦးနှင့် ထိုးနှံပြီးစီးသည့် အကြိမ်ရေ စုစုပေါင်း ၆ ဒသမ ၉သန်း (၆၈၇၂၂၃၂) ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“ကျွန်မတို့အနေနဲ့ သေသေချာချာ မထိန်းချုပ်နိုင်ဘူးလားဆိုတော့ မဟုတ်ပါ ဘူး။ လက်ရှိမှာ ဗီဇပြောင်းပိုးတွေက ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများကို ပျံ့နှံ့ရောက်ရှိနေပြီဖြစ်တယ်။ တစ်နေ့တခြား ထိန်းချုပ်နိုင်သာ ဒီလောက်အခြေအနေကို ရောက်ရှိတာဖြစ်ပါတယ်။ WHO ရဲ့ ထုတ်ပြန်ချက်အရ အယ်လ်ဖာနဲ့ ဒယ်လ်တာက ကူးစက်မှု ပြင်းထန်တယ်။ မြန်ဆန်တယ်။ ရောဂါဖြစ်ပွားမှုအနေနဲ့ ဆေးရုံတက်ရောက်ရမှုတွေ၊ သေဆုံးမှုတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် တတိယလှိုင်းမှာ ကူးစက်မှုတွေ၊ ပျ့ံနှံ့ဖြစ်ပွားမှုတွေများတယ်လို့ သုံးသပ်ရပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါကူးစက်ပြန့်ပွားမှု သြဂုတ်လကုန်နောက်ပိုင်း လျော့ကျလာပြီး ကူးစက်မှု စတင်ခဲ့သည့် မေ ၂၇ ရက်မှ သြဂုတ် ၂၀ ရက်အထိ ဓာတ်ခွဲနမူနာ စစ်ဆေးနိုင်မှုအရ အတည်ပြုလူနာ ၃၇၀၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁၅၀၀၀ ကျော်ရှိခဲ့သည်။

တတိယလှိုင်းအတွင်း အများဆုံးရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခု ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ဖြစ်သည်။

“ကျွန်မအနေနေနဲ့ နိုင်ငံရပ်ခြားကနေပြီးတော့ အသွင်ပြောင်း ပိုးတွေ၊ ဗီဇပြောင်းပိုးတွေရှိမလာဖို့အတွက် လေဆိပ်၊ ရေဆိပ်မှာလည‌်း စောင့်ကြပ်ကြည့်ရှုခြင်းတွေ လုပ်နေပါတယ်။ ခုဆိုရင်ရောဂါဖြစ်ပွားမှုများ နေသေးတဲ့ မြို့နယ် ၅၈ မြို့နယ်မှာလည်း စစ်ဆေးမှုတွေကို လုပ်နေပါတယ်။ စစ်ဆေးမှုတွေ လုပ်တဲ့အခါ ပိုပြီးတော့စစ်ဆေးဖို့ လိုပါတယ်။ ဘာဖြစ်လို့ စစ်ဆေးဖို့ လိုတာလဲဆိုရင် များများစစ်ဆေးနိုင်မှသာ ပိုးတွေ့ရှိသူများမယ်။ ပိုးတွေ့ရှိသူများမှသာ သူတို့ကို လိုအပ်တဲ့ကုသမှုတွေပေးနိုင်မယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ကိုဗစ်တတိလှိုင်းအတွင်း ရောဂါကူးစက်မှုပျံ့နှံ့မှု လျော့ကျလာပြီး ဖြစ်သော်လည်း  ကမ္ဘာ့တစ်ဝန်းက စိုးရိမ်နေကြသည့် ကူးစက်မြန် ဒယ်တာဗိုင်းရပ်စ်အပါအဝင် မျိုးရိုးဗီဇပြောင်းဗိုင်းရပ်များအသစ်၏ အန္တရာယ်ကို ကာကွယ်ဟန့်တားနိုင်ရန် ကိုဗစ်ကာကွယ်ဆေးမဖြစ်မနေ ထိုးနှံခြင်းအပြင် ကိုဗစ်ရောဂါစည်းကမ်း သတ်မှတ်ချက်များအတိုင်း ပြည်သူများကလိုက်နာနေထိုင်ရန် လိုအပ်ဆဲဖြစ်သည်။