ပျံသန်းနိုင်သည့် တောင်ပံခတ်အားချင်း မတူညီပါ

ပျံသန်းနိုင်သည့် တောင်ပံခတ်အားချင်း မတူညီပါ
Published 5 September 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

“ဘဝသံသရာ” သီချင်းကို နားထောင်ပြီး အဓိပ္ပာယ်ကို ဖြတ်တောက် အကျယ်ဖွင့်ကြည့်ရာ ၃၁ ဘုံတွင် ကျင်လည်နေထိုင်လျက်ရှိကြသည့် သတ္တဝါအပေါင်းတို့သည် ကရွတ်ပေါ်တွင် ကင်းများလျှောက်နေသကဲ့သို့ အစမရှိ၊ အဆုံးမရှိ၊ မပြီးနိုင် မဆုံးနိုင်ဘဲ လည်ပတ်နေမည်ဟု သိရှိနားလည်မိပါသည်။ စာရေးသူအနေဖြင့် သတ္တဝါအားလုံးတို့၏ ဘဝသံသရာကို သိမြင်နားလည်နိုင်စွမ်း မရှိပါသော်လည်း စာရေးသူ၏ မိခင်၊ ဖခင် နှင့် အဘိုးအဘွားတို့ နေထိုင်ဖြစ်သန်းခဲ့ကြရသည်များကို မိခင်၊ ဖခင်နှင့် အဘိုးအဘွားတို့က စာရေးသူအား ပြောပြခဲ့သည်များနှင့် စာရေးသူတွေ့မြင် ကြုံတွေ့ကြားဘူးသည့် မိခင်၊ ဖခင်နှင့် အဘိုးအဘွားတို့၏ ဘဝ၊ စာရေးသူ ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် စာရေးသူ၏ဘဝနှင့် စာရေးသူ၏ တစ်ဦးတည်းသော သမီးကလေး ဖြတ်သန်းနေသည့် သမီးကလေး၏ဘဝစသည် ဘဝအစိတ်အပိုင်းသုံးမျိုးကို လေ့လာရာတွင် လုပ်ကိုင် ဆောင်ရွက်နိုင်စွမ်းသည် များစွာကွာခြားလျက်ရှိနေသည်ကို တွေ့မြင်နေရပါသည်။ အဆိုပါကွာခြားနေသည့် အခြေအနေကို စာဖတ်သူတို့အား ဝေမျှလိုပါသဖြင့် “ပျံသန်းနိုင်သည့် တောင်ပံခတ်အားချင်း မတူညီပါ” ဆိုသည့် ခေါင်းစဉ်ကို အသုံးပြုထားပါသည်။

စာရေးသူကို မုဆိုးချုံရွာမ၊ ဝက်လက်မြို့နယ်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းတိုင်း (ယခု စစ်ကိုင်းတိုင်းဒေသကြီး) တွင် မွေးဖွားခဲ့ပါသည်။ စာရေးသူ၏ မိခင်၊ ဖခင်၊ အဘိုး၊ အဘွား၊ အဘေး၊ အဘီ၊ အဘင် တို့သည် မုဆိုးချုံရွာမတွင် မွေးဖွားပြီး မုဆိုးချုံရွာမတွင်ပင် အခြေချနေထိုင်ကာ မုဆိုးချုံရွာမတွင် ခေါင်းချသေဆုံးခဲ့ကြသူများ ဖြစ်ကြပါသည်။ အများစုမှာလည်း သုံးဝမ်းကွဲ၊  လေးဝမ်းကွဲ စသည်ဖြင့် ဝမ်းကွဲများ လက်ထပ်အိမ်ထောင်ပြုထားကြသဖြင့် တစ်ရွာလုံးနီးပါးသည် တစ်ဦးနှင့်တစ်ဦး ဆွေမျိုးများဖြစ်နေကြပြီး ဆွေမျိုးစပ်ရာတွင်ပင် မိခင်ဘက်ကလည်း ဆွေမျိုးတော်စပ်၊ ဖခင်ဘက်ကလည်း ဆွေမျိုးတော်စပ်နှင့် ပတ်ချာလည်နေတတ်ပါသည်။ အသက်ကွာလျှင်ကြီးသူက ငယ်ရွယ်သူများကို မမွေးဖွားမီ ဗိုက်ထဲကတည်းကပင် သိရှိနေကြပါသည်။

မုဆိုးချုံရွာမတွင် နေထိုင်လျက်ရှိကြသည့် ရွာသူရွာသား အားလုံးနီးပါးသည် လယ်ယာလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ကြပြီး လယ်ယာဧကများစွာပိုင်သူများ၊ လယ်ယာဧက အနည်းငယ်ပိုင်သူများနှင့် လယ်ယာအငှားလုပ်သူများအဖြစ်သာ ကွဲပြားခြားနား လျက်ရှိပါသည်။ ထူးခြားသည်မှာ စာရေးသူ၏ မိခင်ဘက်မှအဘိုးသည် တိုင်းရင်းဆေးဆရာတစ်ဦး ဖြစ်ပါသည်။ အများစုသည် မိမိရွာရှိ လုပ်ငန်းများတွင်သာ အားပြုလုပ်ကိုင်ကြပါသည်။ အဘိုး၏ ပြောပြချက်အရ မွေးဖွားသည်မှ ကွယ်လွန်သည်အထိ ရွှေဘိုမြို့ကိုပင် မရောက်ဖူးသူ အများအပြားရှိခဲ့ကြောင်း ပြောပြပါသည်။ အဘိုးအဘွားတို့ခေတ်အခါက ရွာသူရွာသားအချင်းချင်း ဂုဏ်ယူစွာ ပြောလေ့ရှိသည်မှာလည်း “ငါတို့က ရွာနယ်နိမိတ်ကျော်လွန်ပြီး မြစ်ကူးချောင်းခြားသွားပြီး လုပ်စားရတဲ့သူတွေ မဟုတ်ဘူးကွ” ဟုဆိုပါသည်။ အဓိပ္ပာယ်မှာ ရွာနယ်နိမိတ် အပြင်ဘက် အဝေးသို့ သွားရောက် အလုပ်လုပ်သူများသည် မိမိကျေးရွာတွင် ပျင်းရိသူ၊ လက်ကြောမတင်းသူ၊ မိမိကျေးရွာရှိလုပ်ငန်းများကို ကျွမ်းကျင်စွာတတ်မြောက်ရန် မကြိုးစားသူ၊ အလုပ်မကြိုးစားသဖြင့် စား၊ ဝတ်၊ နေရေး မပြည့်စုံ အခက်အခဲရှိနေသူများ ဖြစ်နေတတ်ပါသည်။

မုဆိုးချုံရွာမတွင် စာရေးသူတို့၏ ဘိုး၊ ဘွား၊ ဘီ၊ ဘင်များ မည်မျှအထိ အခြေချနေထိုင်ခဲ့ကြသည်ဆိုသည့် အခြေအနေသက်သေသဘောတရားကို ဖော်ပြထားသော ဆက်သွယ်ချက်တစ်ရပ်ကို တင်ပြပါမည်။ ရွာစကားလုံးများဖြင့် တိုက်ရိုက်အသုံးပြုပြီး တင်ပြရပါလျှင် “လူတစ်ကိုယ်၊ လှည်းနှစ်စီး၊ နွားသုံးရှဉ်း” ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ရွာတွင် လူတစ်ဦးသည် သူ၏ဘဝတစ်လျှောက်လုံး အလုပ်လုပ်ခဲ့မည်ဆိုပါက လှည်းနှစ်စီး၏ သက်တမ်းနှင့် တူညီမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ နွားလှည်းအသစ်တစ်စီးကို စတင်သုံးစွဲသည်မှ အိုဟောင်းပျက်စီးသည်အထိ သက်တမ်းနှင့် နောက်လှည်းအသစ်တစ်စီး အိုဟောင်းပျက်စီးသည်အထိ အသုံးပြုသည့် လှည်းနှစ်စီး၏ စုစုပေါင်း သက်တမ်းနှစ်ကာလသည် လူတစ်ဦး၏ အလုပ်လုပ်နိုင်သည့် သက်တမ်းကာလနှင့် တူညီမည်ဟု ဆိုပါသည်။ ထိုနည်းတူစွာ နွားသိုး (နွားငယ်) တစ်ရှဉ်း (နှစ်ကောင်) ကို စတင်ခိုင်းသည်မှ အိုမင်းသည်အထိ သက်တမ်းကာလအားဖြင့် တွက်ပါက စုစုပေါင်းနွားသုံးရှဉ်း၏ သက်တမ်းကာလသည် လူတစ်ဦးအလုပ်လုပ်နိုင်သည့် သက်တမ်းကာလနှင့် တူညီသည်ဟု မှတ်သားရပါသည်။ အထက်ဖော်ပြပါ ဆက်သွယ်ချက်ကို လေ့လာပါလျှင် လူတို့၏မျိုးဆက်ပေါင်းများစွာ အတွေ့အကြုံများက သိရှိခဲ့သည့် အသိအမြင် ဖြစ်ပါသည်။

စာရေးသူ၏ဖခင်က သူ၏တစ်သက်တာ ကြိုးစားအားထုတ်ခဲ့ရသည့် အခြေအနေကို စာရေးသူအား ပြောပြရာတွင် မုဆိုးချုံရွာမ ပတ်ဝန်းကျင် အခြေအနေအားဖြင့် မိမိတို့မိသားစု ပိုင်ဆိုင်တည်ရှိနေသည့် အနေအထားသည် မိမိဖခင်၏ လုပ်အားလုပ်ကိုင်နိုင်စွမ်းအနေဖြင့် အမြင့်မားဆုံးဖြစ်ကြောင်းနှင့် ယခုထက် ပိုမိုကြိုးစားရန်မှာ မဖြစ်နိုင်တော့ကြောင်း၊ စတင်ကြိုး စားခဲ့သည်မှာ စာရေးသူ၏ မိခင်နှင့် ဖခင် အိမ်ထောင်ကျသည့် အချိန်တွင်ဖြစ်ပြီး ဖခင်ကြီးအနေဖြင့် မိမိ၏ ခြေထောက်တွင် ကပ်နေသည့် ဖုန်မှုန့် (မြေမှုန့်) ပင်လျှင် မိမိပိုင်ဆိုင်ခြင်းမရှိသည်ကို သတိပြုမိပြီး အဆိုပါအချက်ကို အမြဲမပြတ် သတိပေးနေကာ လယ်ယာမြေနှင့် အိမ်မြေကို ပိုင်ဆိုင်မှုရှိလာစေရန် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း ရှင်းလင်းပြောကြား ဆုံးမခဲ့ပါသည်။

စာရေးသူ သိတတ်စအချိန်တွင်မူ မိခင်၊ ဖခင်နှင့် စာရေးသူသုံးဦးသာရှိသည့် အိမ်ထောင်စုအနေဖြင့် လယ်မြေ ၁၁ ဧကကျော်၊ လှည်းနွားများ၊ အိမ်နှင့် အိမ်မြေစသည်တို့ကို ပိုင်ဆိုင်ပြီး ဖြစ်နေပါသည်။ အထက်ဖော်ပြပါ ပိုင်ဆိုင်မှုများမှ ရရှိသည်များကို အသုံးပြုကာ စာရေးသူအား ကျောင်းထားပေးခဲ့ခြင်း ဖြစ်ပါသည်။ စာရေးသူ၏ မိခင်၊ ဖခင်တို့မှာလည်း ရွာနှင့် ရွှေဘိုမြို့ကိုသာ ရောက်ရှိလေ့ရှိပြီး စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်တို့မှာ စာရေးသူကျောင်းတက်ရန် လိုက်ပို့ရသဖြင့်သာ ရောက်ရှိခြင်းဖြစ်ပါသည်။ ဤကား စာရေးသူ၏ မိခင်နှင့် ဖခင်တို့၏ဘဝ ဖြစ်ပါသည်။

စာရေးသူအား ကျောင်းထားပေးသည့် မိခင်၏ဆုံးမသြဝါဒစကားကို စာဖတ်သူများအား ဝေမျှလိုပါသည်။ ထိုစဉ်က အတန်းပညာ သတ္တမတန်း (ခုနစ်တန်း) သာ အောင်မြင်သည့် စာရေးသူ၏ မိခင်က အမြဲပြောကြားလေ့ရှိသည့် စကားမှာ “အမေက ငါ့သားစာမေးပွဲ အောင်ခြင်း၊ ကျခြင်းကို စိတ်မဝင်စားဘူး။ ကျောင်းနေလို့ ရသေးသလား။ ရလျှင် ကျောင်းနေပါ။ ကျောင်းသွားတက်ပါ။ ကျောင်းနေတဲ့ အချိန်မှာ အလုပ်လုပ်ဖို့ မစဉ်းစားပါနဲ့။ အလုပ်ဆိုတာ မသေမချင်း လုပ်ရမှာပါ။ မင်းမလုပ်ချင်ရင်လည်း လုပ်နေရမှာပါ။ ကျောင်းတက်လို့ရတုန်း ကျောင်းတက်ပါ” ဆိုသည့်မူကို လက်ကိုင်ထားရှိသည့်အပြင် “လူဆိုတာ စနစ်တကျ သင်ကြားပြမယ့်သူ မရှိခဲ့လျှင် ဘယ်လိုအသိပညာ၊ အတတ်ပညာကိုမှ သူ့အလိုလို တတ်မြောက်တယ်ဆိုတာ မရှိနိုင်ပါဘူး။ လူရဲ့ဉာဏ်ပညာဆိုတာ သူ့အလိုလို ဖွံ့ဖြိုးမလာနိုင်ပါဘူး” ဆိုသည့် သဘောတရားကို ယုံကြည်သူဖြစ်ပါသည်။

ထို့ကြောင့်လည်း စာရေးသူမှာ ကျောင်းတက်နေရင်းဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာနတွင် နည်းပြအဖြစ် အလုပ်စတင်ဝင်ရောက်ခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာန၊ ပါမောက္ခ (ဌာနမှူး) အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင်မူ စာရေးသူမှာ တစ်လလျှင် ကျပ်တစ်သိန်းခန့် စိုက်ထုတ်သုံးစွဲနေရသည့်အပြင် အနေအထိုင် အစားအသောက် ခက်ခဲပင်ပန်းမှုကြောင့် ကျန်းမာရေးအခြေအနေပါ ယိုယွင်းကျဆင်းလာသည့်အတွက် မခံနိုင်သည့် နောက်ဆုံး အသက် ၅၁ နှစ်အရွယ် အလုပ်မှ ထွက်ခွာရန် ကြိုးစားခဲ့ရာ အငြိမ်းစားပေးခြင်းကို ခံယူခဲ့ရပါသည်။ သို့မဟုတ် အငြိမ်းစားရရှိခဲ့ပါသည်။ စာရေးသူ အလုပ်မှထွက်ခွာရန် ကြိုးစားခဲ့ရပုံများကို အဆင်ပြေသည့်အချိန်တွင် သီးခြားဆောင်းပါးတစ်ပုဒ်ဖြင့် တင်ပြပါမည်။ ဤကား စာရေးသူ၏ ဘဝဖြစ်ပါသည်။

အခါအခွင့်သင့် ကြုံကြိုက်သည့်အတွက် စည်းကမ်းတကျ နေထိုင်ဆောင်ရွက်တတ်သည့် လူ့အဖွဲ့အစည်းမှသည် စည်းပျက်၊ ကမ်းပျက် ဖြစ်လာသည့် အခြေအနေတစ်ရပ်ကို စာရေးသူ ငယ်စဉ်ဘဝ တွေ့ကြုံခဲ့ရသည့် အခြေအနေနှင့် မြို့ကြီးပြကြီးသို့ ရောက်ရှိပြီးချိန် တွေ့ကြုံခဲ့ရသည့် အခြေအနေကို နှိုင်းယှဉ်ဖော်ပြပါမည်။ စာရေးသူတို့၏ ကျေးရွာသူရွာသားများ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် လယ်ကွင်းများအနီးတွင် မန္တလေးမြို့မှ မြစ်ကြီးနားမြို့အထိ ရောက်ရှိနိုင်သည့် မီးရထားသံလမ်းကြီး တည်ရှိနေပါသည်။ စာရေးသူတို့ ငယ်စဉ်အချိန်အခါက စာပို့ရထားဟု ခေါ်ဆိုသည့် မီးရထားကြီး၏ အသံကြားပြီဆိုလျှင် သို့မဟုတ် အဆိုပါ မီးရထားကြီး ရထားသံလမ်းပေါ်တွင် ခုတ်မောင်းသွားသည်ကို တွေ့မြင်ရသည်နှင့် တစ်ပြိုင်နက် ကောက်စိုက်နေသူများ၊ ပျိုးနုတ်နေသူများ၊ နံနက်ပိုင်းအတွက် အလုပ်လုပ်နေသူမှန်သမျှ ရပ်နားကြရပါသည်။ မီးရထားလာသည့် အချိန်သည် အလွန်တိကျ မှန်ကန်သည့်အတွက် နာရီကြည့်ရန်ပင်မလိုအပ်ပါ။ လယ်ပိုင်ရှင်နှင့် လယ်လုပ်သူများ အားလုံးက သဘောတူလက်ခံပြီး ဖြစ်နေသည့် အချိန်သတ်မှတ်ထားချက်ဖြစ်ပါသည်။

စာရေးသူတို့ အလယ်တန်းသို့ ရောက်ရှိပြီး မြို့ကြီးပြကြီးတွင် ကျောင်းနေသည့် အချိန်သို့ ရောက်ရှိလာသည့် အချိန်တွင်မူ မီးရထား သွားလာချိန်များမှာ အတော်ပင် ပျက်စီးသွားပြီ ဖြစ်ပါသည်။ အချိန်သတ်မှတ်ထားချက်မှာ မရှိတော့လောက်အောင်ပင် ဖြစ်သွားပါသည်။ လာချင်သလိုလာ၊ သွားချင်သလိုသွားသည့် အခြေအနေသို့ ရောက်ရှိသွားပါတော့သည်။ တစ်ခါတစ်ရံ ဒီနေ့ မီးရထားမလာတော့ဘူးတဲ့ဆိုသည့် အသံများကိုပင် ကြားလာရပါသည်။ ထိုစဉ်အချိန်အခါက ခရီးသွားလာရာတွင် မီးရထားတစ်ခုတည်းကိုသာ အားပြုသွားလာရသည့်အတွက် ခရီးသည်အပေါင်းတို့မှာ အချိန်မမှန်သည့် မီးရထားများအပေါ်တွင် ငါးပိသိပ်၊ ငါးချဉ်သိပ် ပြုလုပ်ထားသကဲ့သို့ ကျပ်ညပ်ပြီး လိုက်ပါကြရပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ပျောက်ကွယ်သွားစေခဲ့သည့် လက္ခဏာရပ် အမှတ်အသားများဖြစ်ပါသည်။

စာရေးသူ၏သမီး ကြီးပြင်းနေထိုင်ရသည့် အခြေအနေမှာ ရန်ကုန်မြို့တွင် ဖြစ်သည့်အတွက် စာရေးသူ ကြီးပြင်းခဲ့ရသည့် မုဆိုးချုံရွာမဖြင့် နှိုင်းယှဉ်ပါက အသိ၊ အမြင်၊ အတွေ့အကြုံ၊ အတွေးအခေါ်၊ လေ့လာစူးစမ်းသည့်သဘာဝမှာ မနှိုင်းယှဉ်သာလောက်အောင်ပင် ကွာခြားလျက်ရှိနေပါသည်။ သမီးမှာသုံးနှစ်သမီးအရွယ်ကတည်းကပင် စင်ကာပူ၊ ထိုင်း စသည့် မိမိတို့ တိုင်းပြည်နိုင်ငံအနီးတွင်ရှိသည့် နိုင်ငံများတွင်လချီကာ နေထိုင်သည့် အခွင့်အရေးရရှိခဲ့သည့်အပြင် အင်္ဂလိပ်စကားကို ရေးသားပြောဆိုရာတွင်လည်း စာရေးသူကဲ့သို့ မြန်မာစကားကိုအခြေခံပြီး စဉ်းစားခြင်း မဟုတ်ဘဲ တိုက်ရိုက်စဉ်းစားပြောဆိုနိုင်သည့် အခြေအနေဖြစ်ပါသည်။ ယနေ့အချိန်အသက် ၁၈ နှစ်ပင် မပြည့်သေးသည့် စာရေးသူ၏သမီးမှာ အမေရိကန် ပြည်ထောင်စုရှိ ကောလိပ်သို့ တက်ရောက်နိုင်ရန် မိမိဘာသာ ကြိုးစားအားထုတ်ခဲ့ပြီး တစ်ယောက်တည်း သွားရောက်ကာ တက်ရောက်လျက် ရှိနေပါသည်။ ဤကားစာရေးသူသမီး၏ ဘဝဖြစ်ပါသည်။

စာရေးသူတို့၏ မုဆိုးချုံရွာမတွင် မူလတန်းကျောင်းသာရှိသဖြင့် အတန်းပညာ စတုတ္ထတန်း (လေးတန်း) အောင်မြင်ပြီးသည်နှင့် ပဥ္စမတန်း (ငါးတန်း) မှ စတင်ကာ မြို့ကြီးပြကြီးများသို့ အလယ်တန်း တက်ရောက်နိုင်ရန် သွားရောက်ကြရပါသည်။ စာရေးသူမှာ မူလတန်းတက်ရောက်စဉ် စတုတ္ထတန်း (လေးတန်း) အထိ ကိုရင်ဝတ်ဖြင့်သာ နေထိုင်ခဲ့ပြီး စတုတ္ထတန်း (လေးတန်း) အောင်မြင်ပြီးချိန်မှသာ လူထွက်ကာ ပဥ္စမတန်း (ငါးတန်း) သို့ တက်ရောက်ရန် စစ်ကိုင်းမြို့သို့ မိခင်က လိုက်ပို့ခဲ့ပါသည်။ စာရေးသူနှင့် မိခင်တို့မှာ သံသေတ္တာ အဟောင်းကလေးတစ်လုံး ဖြင့် စစ်ကိုင်းမြို့သို့ ရောက်ရှိခဲ့ပြီး စာရေးသူက မိခင်ကို တွယ်ကပ်နေမည်ကို စိုးရိမ်သဖြင့် စာရေးသူ အိပ်ပျော်နေချိန် မိခင်မှာရွာသို့ ပြန်သွားခဲ့ပါသည်။ စာရေးသူအိပ်ရာက နိုးသည့်အချိန်တွင်မူ မိခင်အိမ်ပြန်သွားသဖြင့် ရက်ပေါင်းများစွာ မျက်ရည် နှင့်မျက်ခွက် ဖြစ်နေခဲ့ရပါသည်။

ယနေ့ အချိန်အခါတွင်မူ သမီးသည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရာတွင် ရန်ကုန်မြို့မှ မလေးရှား၊ မလေးရှားမှ ကာတာ၊ ကာတာမှ အမေရိကန်ပြည်ထောင်စုသို့ တစ်ဦးတည်းသွားရောက်ခဲ့ပြီး စာရေးသူငယ်စဉ်ကကဲ့သို့ သံသေတ္တာအဟောင်းကလေးဖြင့် မဟုတ်တော့ပါ။ မိခင်၊ ဖခင်ကိုလည်း တွယ်ကပ်နေသည့် အနေအထား မတွေ့မြင်ရတော့ပါ။ ယခုကဲ့သို့ ခွဲခွာရသည့်အတွက်လည်း မျက်ရည်နှင့် မျက်ခွက် ဖြစ်မနေတော့ပါ။ ယုံကြည်ချက်အပြည့်ဖြင့် သင်ယူတတ်မြောက်လိုသည့် အတတ်ပညာများကို လေ့လာသင်ယူရန် အဆင်သင့်ဖြစ်နေပါသည်။

စာရေးသူနှင့် မိခင်၊ ဖခင်တို့ ကာလအခြေအနေ၊ စာရေးသူနှင့် သမီးတို့ကာလအခြေအနေတို့သည် မျိုးဆက်တစ်ခုနှင့်တစ်ခုအကြား ကွာဟမှုမှာ များစွာခြားနားလျက်ရှိနေပါသည်။ စာရေးသူ၏ မိခင်၊ ဖခင်တို့၏ ပျံသန်းနိုင်မှုမှာ မုဆိုးချုံရွာမတွင်သာဖြစ်ပြီး စာရေးသူ၏ ပျံသန်းနိုင်မှုမှာ ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိမြို့များနှင့် ကျေးရွာများတွင်သာ ဖြစ်ပါသည်။ စာရေးသူ၏သမီး ပျံသန်းနိုင်မှုမှာ ကမ္ဘာပေါ်ရှိမြို့ကြီးများ ဖြစ်သဖြင့် တောင်ပံခတ်အား သို့မဟုတ် ပျံသန်းနိုင်မှု စွမ်းအားမှာ မနှိုင်းယှဉ်နိုင်အောင်ပင် ကွာခြားလျက်ရှိနေပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြရပါလျှင် “ဘဝသံသရာ” သီချင်းတွင် ဖော်ပြထားချက်အရ သတ္တဝါအပေါင်းတို့သည် ကရွတ်ပေါ်တွင် ကင်းများလျှောက်နေသကဲ့သို့ အစမရှိ၊ အဆုံးမရှိ လည်ပတ်လျက်ရှိနေသည်ဟု တင်ပြထားပါသည်။ သို့သော်လည်း အထက်ပါ တွေ့ရှိဖော်ပြချက်များအရ လူသတ္တဝါများသည် မျိုးဆက်တစ်ဆက်နှင့် တစ်ဆက် ပျံသန်းနိုင်သည့် အကွာအဝေးများမှာ တူညီခြင်းမရှိဘဲ တောင်ပံခတ်အားသည်လည်း ပိုမိုကောင်းမွန်လာပြီးလျှင် ဝေးသည်ထက်ဝေးသည့် နေရာများဆီသို့ ပျံသန်းသွားလာနိုင်သည့် စွမ်းရည်များမှာ လွန်စွာထက်မြက်သည် ထက်ထက်မြက်လျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။