ကုလသမဂ္ဂ ကလေးငယ်များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF အတွက် ရန်ပုံငွေပြိုင်ပွဲဖြစ်သည့် ၁၀ ကြိမ်မြောက် Soccer Aid ဘောလုံး ပြိုင်ပွဲကို မနေ့က ကျင်းပရာ ကမ္ဘာ့လက်ရွေးစင်များအသင်းက အိမ်ရှင်အင်္ဂလန်အသင်းကို ဂိုးပြတ် အနိုင်ရခဲ့ကြောင်း သိရသည်။
ယခုနှစ် Soccer Aid ပြိုင်ပွဲကို မန်ချက်စတာမြို့ရှိ မန်စီးတီးအသင်း ၏ အီတီဟတ်ကွင်း၌ ကျင်းပခဲ့ပြီး ကမ္ဘာ့လက်ရွေးစင်များအသင်းက (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ကမ္ဘာ့လက်ရွေးစင်များအသင်း၏ အသင်းခေါင်းဆောင်အဖြစ် မီတာ ၁၀၀ နှင့် မီတာ ၂၀၀ အပြေးပြိုင်ပွဲ ကမ္ဘာ့စံချိန်ရှင် ဂျမေကာကစားသမား ဟောင်း ယူစိန်ဘော့က ဆောင်ရွက်ခဲ့ပြီး ဗြိတိန်ဂီတ၊ ရုပ်ရှင်အနုပညာ ရှင်များနှင့် ရုပ်သံအစီအစဉ်တင် ဆက်သူများ၊ ဂန္ထဝင်ကစားသမား များအဖြစ် ရှေးဂစ်ဗင်(အိုင်ယာလန်)၊ ရောဘတ်တိုကားလို့စ် (ဘရာဇီးလ်)၊ ဗီယာရာ (ပြင်သစ်)၊ ဇာဘလက်တာ (အာဂျင်တီးနား)၊ မော်ဂန် (ဂျမေကာ)၊ နီဂယ်ဒီယွန်း (နယ်သာလန်)၊ ဆီးဒေါ့ဖ် (နယ်သာလန်)၊ ဖလက်ချာ (စကော့တလန်) နှင့် အမျိုးသမီး ကစားသမားများ ပါဝင်ခဲ့ကြသည်။
အင်္ဂလန်အသင်းတွင်လည်း ဗြိတိန် အဆိုတော် အော်လီမားစ်က အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး အိုလံပစ်ရွှေတံဆိပ်ဆုရှင် တာဝေး အပြေးချန်ပီယံ မိုဖာရာနှင့် ဂီတအနု ပညာရှင်များ၊ ရုပ်သံအစီအစဉ်တင် ဆက်သူများ၊ ဂန္ထဝင်ကစားသမား များအဖြစ် ဒေးဗစ်ဂျိမ်းစ်၊ ဂယ်ရီ နဗီးလ်၊ ကာရေဂါ၊ ပေါလ်စခိုးလ်၊ ဂျေမီရက်နက်ပ်၊ ရှောင်ရိုက်ဖီးလစ်၊ ဂျိုးကိုးလ်၊ ၀ိန်းရွန်နီနှင့် အမျိုးသမီး ကစားသမားများ ပါဝင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့လက်ရွေးစင်များအသင်း နည်းပြအဖြစ် ၀ါရင့်နည်းပြဟောင်း ဟယ်ရီရက်နက်ပ်၊ လက်ထောက် နည်းပြနှင့် နည်းပြအဖွဲ့ဝင်အဖြစ် အိုင်ယာလန်တိုက်စစ်မှူးဟောင်း ရော်ဘီကင်းနှင့် စကော့တလန်အမျိုး သမီးတင်းနစ်နည်းပြ ဂျူဒီမာရေးတို့ က ဆောင်ရွက်ပြီး အင်္ဂလန်အသင်း နည်းပြအဖြစ် ဆွီဒင်နည်းပြဟောင်း အဲရစ်ဆင်၊ အင်္ဂလန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဆီးမန်း၊ မီကာရစ် ချက်နှင့် ဗြိတိန်အဆိုတော် ရော်ဘီ ဝီလီယံတို့က နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ရန်ပုံငွေပွဲ ဖြစ်သောကြောင့် ဖျော်ဖြေရေးပုံစံ အဖြစ်သာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမပိုင်းတွင် ဂိုးမရှိသရေဖြစ်နေ သည်။ ၅၁ မိနစ်တွင် ကမ္ဘာ့လက်ရွေးစင်များအသင်း ဦးဆောင်ဂိုးစတင် ရရှိခဲ့ပြီး ဗြိတိန်ရုပ်သံတင်ဆက်သူ စီတီနေးက ၁၈ ကိုက်စည်းအပြင်ဘက်မှ ကန်သွင်းယူခဲ့သည်။ ၇၄ မိနစ်တွင်လည်း စီတီနေးကပင် ပယ် နယ်တီဧရိယာအတွင်းမှ ညာခြေ ကန်ချက်ဖြင့် ဒုတိယဂိုးထပ်မံသွင်း ယူခဲ့ပြီး မိနစ် ၉၀ တွင် ရုပ်ရှင်သရုပ်ဆောင် လီမက်က တတိယဂိုးသွင်းယူ ပေးခဲ့သည်။ ယခုနှစ်ပြိုင်ပွဲမှာ ၁၀ ကြိမ်မြောက် ယှဉ်ပြိုင်ကစားခြင်းဖြစ် ပြီး ငါးကြိမ်စီ အနိုင်ရဗိုလ်စွဲထားကြောင်း သိရသည်။