ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်သူ ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာက တတိယအဆင့်တွင် မထင်မှတ်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် ပြိုင်ပွဲများ မယှဉ်ပြိုင်သေးဘဲ ခေတ္တအနားယူဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိုဆာကာသည် ယခုပြိုင်ပွဲတွင် ဆီဒင် ၃ သတ်မှတ်ခံထားရပြီး တတိယအဆင့်အဖြစ် မြန်မာစံတော်ချိန် စနေနေ့ နံနက်အစောပိုင်း က ကနေဒါဆယ်ကျော်သက်တင်းနစ်မယ် လေလာဖာနန်ဒက်ဇ်နှင့် ယှဉ်ပြိုင်ကစားရာ မထင်မှတ်ဘဲ (၂-၁) ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။ အိုဆာကာသည် ပထမပွဲတွင် ၇-၅ ဖြင့် အနိုင်ရသော်လည်း ဒုတိယပွဲတွင် Tie-Break ကစား ပြီးနောက် ၆-၇ (၂-၇) ဖြင့် ပြန်လည်ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် နောက်ဆုံးပွဲမှာ အဆုံး အဖြတ်ဖြစ်လာသော်လည်း အသက် ၁၈ နှစ် သာရှိသေးသည့် ဖာနန်ဒက်ဇ်က ၆-၄ ဖြင့် ထပ်မံအနိုင်ယူကာ စုစုပေါင်း (၂-၁) ပွဲဖြင့် နိုင်ပွဲရရှိပြီး စတုတ္ထအဆင့် တက်ရောက်နိုင်ခဲ့သည်။
အိုဆာကာ (၂၃ နှစ်) သည် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ချန်ပီယံဆုနှစ်ကြိမ်(၂၀၁၈၊ ၂၀၂၀) အပါအဝင် ဂရင်းစလင်းချန်ပီယံဆု လေးကြိမ်ရရှိထားသူဖြစ်သည်။ သို့သော် ၎င်းအနေဖြင့် ရာသီအဖွင့် သြစတြေးလျအိုးပင်း ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင် ရာဖိအားများ ရင်ဆိုင်နေရပြီး ရလဒ်ပိုင်းကျ ဆင်းနေသလို ယူအက်စ်အိုးပင်းပြိုင်ပွဲ၌ တတိယအဆင့်မှ ထွက်ရခြင်းမှာ သုံးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ အနေနဲ့ နောက်ထပ်ပွဲစဉ်ကို ဘယ်တော့ကစား ဖြစ်မလဲဆိုတာ မသိသေးပါဘူး။ ပွဲကစားခြင်း ကနေ အချိန်ကာလတစ်ခုလောက် အနားယူ သင့်တယ်လို့ ကျွန်မထင်တယ်။ အနိုင်ရတဲ့ အခါမှာတောင် မပျော်ရွှင်တဲ့ခံစားမှုမျိုး ခံစားနေရတယ်။ ပြီးသွားရင် သက်သာသလိုဖြစ်သွားပြီး ရှုံးနိမ့်တဲ့အခါကျရင်လည်း အရမ်းဝမ်းနည်းရတယ်။ ဒါက ပုံမှန်အခြေအနေလို့ မထင်ပါဘူး" ဟု အိုဆာကာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ထို့ပြင် အမျိုးသားပြိုင်ပွဲ၌ ဆီဒင် ၃ ရရှိ ထားသည့် ဂရိကစားသမား ဆစ်ဆီပက်စ်မှာလည်း တတိယအဆင့်တွင် အသက် ၁၈ နှစ် အရွယ် စပိန်ကစားသမား ကားလို့စ်အယ်လ် ကာရက်ဇ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည်။ ဆစ်ဆီပက်စ်သည် ဒုတိယပွဲတွင် ၆-၄ နှင့် စတုတ္ထပွဲတွင် ၆-၀ ဖြင့် အနိုင်ရသော်လည်း ကျန်သုံးပွဲတွင် ၃-၆၊ ၆-၇ (၂-၇)၊ ၆-၇ (၅-၇) ဖြင့် ရှုံးနိမ့်သဖြင့် ပြိုင်ပွဲမှထွက်ခဲ့ရသည်။ ၎င်းအား အနိုင်ရသူ အယ်လ်ကာရက်ဇ်မှာ ၁၉၉၂ ခုနှစ် ပြင်သစ်အိုးပင်းနောက်ပိုင်း ဂရင်းစလင်း ပြိုင်ပွဲ စတုတ္ထအဆင့် တက်ရောက်ဖူးသူများအနက် အသက်အငယ်ဆုံးဖြစ်လာသည်။