ကမ္ဘာ့လူဦးရေ၏ အလားအလာ ခုနစ်ရပ် - ၂

ကမ္ဘာ့လူဦးရေ၏ အလားအလာ ခုနစ်ရပ် - ၂
Photo:SMH
Photo:SMH
Published 3 September 2021
မိုးဧအောင်

အနာဂတ်သည် နိုင်ဂျီးရီးယား၊ အိန္ဒိယနှင့် အမေရိက

လူဦးရေအပြောင်းအလဲနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်ဒေသမှာ ဆာဟာရသဲကန္တာရ၏ တောင်ပိုင်းတွင်ရှိသော အာဖရိကနိုင်ငံအစု ဖြစ်သည်။ နိုင်ဂျာတို့သည် ကမ္ဘာတွင် ‘ရှင်မွေးလွန်း’ ဘွဲ့ကို ရယူနိုင်သူများဖြစ်ကာ နိုင်ဂျီးရီးယားတောင်ပိုင်းရှိ မာရာဒီဒေသ၌ အမျိုးသမီးတစ်ဦးလျှင် ကလေးရှစ်ဦးအထိ မွေးဖွားနှုန်းရှိနေသည်။ ယေဘုယျအားဖြင့် ဤဆာဟာရအာဖရိက ၄၆ နိုင်ငံကိုလာမည့် ဆယ်စုနှစ်များအတွင်း ထူးခြားသည့် တိုးတက်မှုနှုန်း ရလာမည်ဟု မျှော်လင့်ထားကြသလို ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ယခုရာစုနှစ်ကုန်တွင် ထိုဒေသ၏ လူဦးရေမှာ ၁.၃ ဘီလျံမှ ၄.၂ ဘီလျံသို့ တိုးတက်သွားလိမ့်မည်။ အခြားတစ်မူကွဲပြားသည့် ခန့်မှန်းချက်မျိုးစုံ မည်သို့ပင်ရှိနေစေကာမူ အားလုံးသော တူညီသည့် မျှော်မှန်းချက်မှာ ၂၁၀၀ ပြည့်နှစ်တွင် နိုင်ဂျီးရီးယားသည် လူဦးရေရင်းမြစ်အရ စူပါ,ပါ၀ါ ဖြစ်လာမည်။ ကမ္ဘာတွင် တတိယမြောက် လူဦးရေအများဆုံး တိုင်းပြည်၊ အလုပ်လုပ်နိုင်သည့်အရွယ်ကောင်း လူဦးရေ ဒုတိယမြောက် အများဆုံးတိုင်းပြည်ဖြစ်လာမည်ဟု The Lancet သုတေသနက တွက်ချက်ထားသည်။

အိန္ဒိယအနေနှင့် လူဦးရေဆိုင်ရာမူဝါဒ အရွှေ့အပြောင်းကိုမည်သို့ အကောင်အထည်ဖော်နေသည်ဖြစ်စေ၊ နိုင်ငံ၏ ကျယ်ပြောလှသည့် ဒေသနှင့် ဓလေ့ရိုးရာတို့အရ ၂၀၂၀ မှ ၂၀၅၀ ပြည့်နှစ်အကြား နောက်ထပ် ကလေး၂၇၃ သန်း မွေးဖွားလာပါဦးမည်။ The Lancet က ပြုလုပ်ခဲ့သော ဤလေ့လာချက်က တွေ့ရှိခဲ့သည်မှာ ၂၀၂၀ အလွန် ဆယ်စုအလယ်ပိုင်း၌ အိန္ဒိယ၏ အလုပ်လုပ်နိုင်သည့် အသက်အရွယ်လူဦးရေသည် တရုတ်နိုင်ငံထက် ကျော်လွန်သွားမည်ဖြစ်ပြီး ၂၁၀၀ ပြည့်နှစ်၌ ကမ္ဘာ့အသက်အရွယ်ကောင်းအများဆုံး တိုင်းပြည်အဖြစ် ရောက်ရှိသွားပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေ လေ့လာမှုအရ အမေရိကန်ပြည်ထောင်စုသည် စီးပွားရေးအင်အားကြီး တိုင်းပြည်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေလိမ့်မည်။ ကမ္ဘာအနှံ့မှ ဝင်ရောက်လာသူတို့ များပြားဆဲဖြစ်သလို ကမ္ဘာတွင် စတုတ္ထမြောက် အလုပ်လုပ်နိုင်သည့် လူဦးရေအများဆုံးရှိနိုင်ပြီး ၂၀၉၈ ခုနှစ်၌ တရုတ်၏ဂျီဒီပီကို ပြန်ကျော်သွားလိမ့်မည်။ တရုတ်ကြီးစိုးသည့် ကာလလွန်မြောက်ချိန်တွင် ကမ္ဘာ့စီးပွားရေးဇာတ်ခုံ၌ အာဖရိကန်နိုင်ငံများ၊ အိန္ဒိယတို့နှင့် အတူ အမေရိကန်ပြည်ထောင်စုက ‘ပန်းပန်လျက်’ ရှိနေပါမည်။

လူသားဟူသည် မြို့ပြမျိုးစိတ်များ

တိတိကျကျ နှစ်ကာလတစ်ခုကို ညွှန်းဆိုရခက်သော်ငြား ၂၀၀၀ ပြည့်နှစ်လွန်ကာလများ၌ မနုဿလူသားတို့သည်မြို့ပြ၌ ပျော်မွေ့ရှင်သန်ကြသည့် မျိုးစိတ်များ ဖြစ်လာကြသည်။ လက်ရှိကမ္ဘာ့လူဦးရေ၏ ထက်ဝက်မှာ မြို့ပြအရပ်၌ နေထိုင်ကြ၏။ ၂၀၁၈ ခုနှစ် ကုလသမဂ္ဂအစီရင်ခံစာအရ မြို့ပြနေထိုင်မှုနှုန်း ဆက်လက်မြင့်မားဆဲဖြစ်ပြီး ၂၀၅၀ ပြည့်တွင် ကမ္ဘာ့လူဦးရေ၏ ရာခိုင်နှုန်း ၇၀ အထိ မြို့ကြီးများ၌ နေလာကြဦးမည်။ အထူးသဖြင့် အာရှတိုက်တွင် လူဦးရေ ၁၀ သန်းကျော်သည့် ‘ကုဋေကြွယ်မြို့ကြီးပြကြီး’ (Megacities) ၃၀ ကျော် ယခုရှိပြီးဖြစ်သည်။ မြို့ပြအရေအတွက်ရော၊ နေထိုင်သူဦးရေပါ တရိပ်ရိပ်တက်နေဆဲ။ ဆိပ်ကမ်းရှိသော မြို့ပြဇုန်ကြီးများ၌ အခြေစိုက်နေထိုင်သူ များပြားဆဲဖြစ်၏။ ထို့ကြောင့် ကြီးမားကျယ်ပြန့်လှသည့် ဆိပ်ကမ်းမြို့ကြီးများသည် လူသားတို့၏ အနာဂတ်ခြေချရာဟု တစ်ယောက်ယောက်က သေချာပေါက် ပြောလာခဲ့သည်ရှိသော် ပင်လယ်ရေမျက်နှာပြင် သေချာပေါက် မြင့်တက်လာသည့်အရေးကို မည်သို့စဉ်းစားထားပါသနည်းဟု ပြန်လည်မေးခွန်းထုတ်စရာ ရှိလာပါ၏။

ကိုဗစ် - ၁၉ ကပ်ဆေးခြင်း

ကိုဗစ် - ၁၉ ကပ်ဘေးကြောင့် သေဆုံးရသူ ကမ္ဘာသူ၊ ကမ္ဘာသား စုစုပေါင်း ၄.၃ သန်းဆိုသည့် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသော တရားဝင်ကိန်းဂဏန်းမှာ အမှန်တကယ်သေဆုံးမှုအောက် လျော့နည်းပါသည်။ မေလအတွင်း ပြုလုပ်ခဲ့သော ၀ါရှင်တန်စတိတ်တက္ကသိုလ်၏ ခန့်မှန်းချက်အရ ယခုဂဏန်း၏ နှစ်ဆနီးပါး ခုနစ်သန်းရှိပြီး The Economist မဂ္ဂဇင်းကတော့ သေဆုံးသူ ၁၀ သန်းဟု ခန့်မှန်းခဲ့၏။ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရသည့်တိုင် ကိုဗစ် - ၁၉ သည် ယခင်ပေါ်ပေါက်ခဲ့ဖူးသည့် ကမ္ဘာ့ကပ်ရောဂါကြီးများနှင့် နှိုင်းစာလျှင် ကမ္ဘာ့လူဦးရေအပေါ် ထိခိုက်မှုများလွန်းသည်ဟု မဆိုသာပါ။ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း သေဆုံးသူစုစုပေါင်း ၅၈ သန်းရှိပြီး နှစ်စဉ်ကမ္ဘာ့လူဦးရေတိုးနှုန်းမှာ တစ်နှစ်လျှင် သန်း ၈၀ ရှိပါသည်။ ၁၉၁၈ ခုနှစ် စပိန်တုပ်ကွေးကပ်နှင့် နှိုင်းယှဉ်ပါက ထိုအချိန်က သေဆုံးခဲ့သည့် လူသန်း ၅၀ မှာ ကမ္ဘာ့လူဦးရေကို ၁ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားစေခဲ့၏။ ထို့ထက် ရာစုနှစ်ခြောက်ခုစော၍ ပေါ်ပေါက်ခဲ့သော အာရှဥရောပ၊ မြောက်အာဖရိကမှသည် ဥရောပတိုက်ထိ ပြန့်နှ့ံခဲ့သည့် Black Death ပလိပ်ကပ်ဘေးက ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကို သေရွာအရောက် ခေါ်သွားခဲ့ဖူး၏။

သို့သော် ကိုဗစ်-၁၉ မှာ နိုင်ငံတစ်ခုချင်းအလိုက် လူဦးရေအပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှု ရှိနေသည်။ ယခုကပ်ဘေးကို အကြီးအကျယ် ခံစားလိုက်ရသည့် သန်းချီသော သေဆုံးသူများမှာ ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံ၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ အဇာဘိုင်ဂျန်၊ ဘူဂေးရီးယားစသည့် အရှေ့ဥရောပဒေသအခြေစိုက်နိုင်ငံသားများ ဖြစ်ကြသည်။ သူတို့သည် ‘လူဦးရေဆိုင်ရာ သုံးထပ်ကွမ်း ထိုးနှက်ချက်’ ကို ခံစားနေကြရသည့် နိုင်ငံများဖြစ်နေသဖြင့် ကိုဗစ်ကပ်ရောဂါက ပိုဆိုးအောင် တွန်းပို့လိုက်သည်မှာ အမှန်ဖြစ်ပါသည်။

သူငယ်ထက် သက်ကြီးပိုင်းကများ

နိုင်ငံအလိုက် ရှုပ်ထွေးလှသော အမျိုးသားရေးအခြေပြုလားရာ လမ်းကြောင်းများနှင့် စူးစိုက်ရာ တိုးတက်မှုနယ်ပယ်အလိုက် ကမ္ဘာ့လူဦးရေ၏ အသက်ဖွဲ့စည်းပုံမှာ ပြောင်းလဲလျက်ရှိသည်။ ဆေးပညာ၏ တိုးတက်မှုနှင့်အတူ အသက်တို့ ပိုရှည်လာသလို မွေးနှုန်းတို့ ကျဆင်းလာကြ၏။ လက်ရှိ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းများဖြစ်ပြီး ၂၀၅၀ တွင် ထိုအသက်အပိုင်းအခြားက လူဦးရေ၏ ၁၅ ရာခိုင်နှုန်းထိ ရှိလာပါမည်။ ကမ္ဘာလုံးဆိုင်ရာ အသက်အလယ်ကိန်းမှာ ၁၉၆၅ ခုနှစ်တွင် ၂၂ နှစ်သာ ရှိခဲ့သော်လည်း ယခုအခါ ၃၁ နှစ် ရှိနေပြီဖြစ်သည်။

ဤသို့ သက်ကြီးပိုင်းများလာသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပင်စင်ခံစားခွင့်များကို မေးခွန်းထုတ်လာကြသည်။ ထို့ကြောင့် သက်ကြီးပိုင်းလူဦးရေ အလျင်အမြန်တိုးလာသည့် နိုင်ငံများအနေနှင့် ဤပြဿနာများကို အချိန်မဆိုင်း ဖြေရှင်းပေးရန် လိုအပ်သည်။

သတင်းကောင်းအနေနှင့် ဖော်ပြရန်ရှိသည်မှာ အခြားသောအရာများ ခွင့်တူညီမျှရှိကြမည်ဆိုလျှင် သက်ကြီးပိုင်းတို့များပြားသည့်လောကမှာ ပိုမိုငြိမ်းချမ်းသည့်အကြောင်းဖြစ်၏။ ယခုဆယ်စုနှစ်များအတွင်း ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ နိုင်ငံရေးနှင့်ပတ်သက်၍ အသုံးချနိုင်ဖွယ် တွေ့ရှိချက်မှာ လူ့အဖွဲ့အစည်း၏ အသက်အပိုင်းအခြား ဖွဲ့စည်းဖြစ်တည်မှု၊ တစ်နည်းဆိုသော် သက်ကြီးပိုင်းနှင့် သက်ငယ်ပိုင်းအချိုးအဆသည် အကြမ်းဖက်မှုများ ပေါ်ပေါက်ခြင်းနှင့် ခိုင်ခိုင်မာမာ ဆက်စပ်လျက်ရှိပါသည်။ အလွယ်ကူဆုံး ရှင်းပြရသော် သက်လတ်ပိုင်း ၃၃ နှစ်နှင့် ယင်းထက်ငယ်ရွယ်သော အသက်အပိုင်းအခြား လူဦးရေများပြားသည့် အာဖရိကန်နိုင်ငံများတွင် အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုနှင့် မြို့ပြပဋိပက္ခများ ပိုမိုများပြားကြ၏။ ထို့ကြောင့် နောင်လာမည့်ဆယ်စုနှစ်များအတွင်း လူဦးရေပုံသဏ္ဌာန်ပြောင်းလဲမှုဖြစ်စဉ် ပြည့်ဝလာသည်နှင့်အမျှ ကမ္ဘာကြီးသည် ပို၍နေချင့်စဖွယ်အရပ် ဖြစ်တန်ရာရှိပါသည်။

လူဖြူနည်း၊ ဆံဖြူများ၊ ပိုစိမ်းလန်းမည့် ကမ္ဘာကြီး

၂၀၁၉ ခုနှစ်တွင် ကုလသမဂ္ဂ၏ လူမှုစီးပွားရေးရာဌာနက လက်ရှိအနေအထားအသီးသီးကို အခြေပြုလျက် ဟောကိန်းထုတ်ခဲ့ရာ ၂၁၀၀ ပြည့်နှစ်၌ ကမ္ဘာ့လူဦးရေသည် ၁၀.၈ ဘီလျံရှိ၍ မွေးဖွားနှုန်းမှာ ၂.၁ ရာခိုင်နှုန်းဝန်းကျင် ရှိမည်ဟု ဆိုသည်။ ဤအဆိုမှန်ပါစေကြောင်း ဆုတောင်းရပါ၏။ အဘယ်ကြောင့်ဆိုသော် အခြားအဖွဲ့အစည်းများက ဤရာစုအကုန်၌ ကမ္ဘာ့လူဦးရေမှာ ထိုးကျသွားမည်ဟု မှန်းဆချက်များ ရှိနေ၍ဖြစ်သည်။

ဗီယင်နာအခြေစိုက် နိုင်ငံတကာအသုံးချစနစ် စိစစ်ရေး အင်စတီကျုက ၂၀၇၀ ပြည့်နှစ်တွင် ၉.၅ ဘီလျံရှိမည့် ကမ္ဘာ့လူဦးရေမှာ တဖြည်းဖြည်းကျဆင်းပြီး ၂၁၀၀ ပြည့်နှစ်တွင် ကိုးဘီလျံသာရှိတော့မည်ဟု ယုံကြည်နေသည်။ The Lincet ၏ လေ့လာချက်ကမူ ကုလသမဂ္ဂ၏ ခန့်မှန်းချိန်ထက်စော၍ မွေးဖွားနှုန်းကျဆင်းမှု ဖြစ်နိုင်ပြီး ၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ ၈.၈ ဘီလျံနှင့် မွေးနှုန်းက အမျိုးသမီးတစ်ဦးလျှင် ကလေး ၁.၇ သာ မွေးဖွားနိုင်စွမ်းရှိမည်ဟု ဆိုသည်။ ကမ္ဘာအနှံ့ ထိုသို့ကျဆင်းသွားမည့် မွေးဖွားနှုန်းကို ပြန်လည်တည့်မတ်နိုင်ရန်အတွက် လူသားတို့၌အတွေ့အကြုံ မရှိဖူးသေးပါ။

တကယ်တော့ ဤဂြိုဟ်ကမ္ဘာ၏အနာဂတ် ရေရှည်တည်တ့ံစေရန်အလို့ငှာ ၂.၁ ဟူသော မွေးဖွားနှုန်းကသာ အခရာဖြစ်၏။ အမျိုးသမီးတစ်ဦးက ကလေး ၂.၁ ဦးကို မျိုးဆက်ချန်ရစ်နိုင်သည်ဆိုသော ဤကိန်းဂဏန်းကို ဒသမတစ်နေရာစာသာ အပေါင်းအနုတ် အလျှော့အတင်း ပြုလုပ်သွားခြင်းဖြင့် နောင်လာမည့် နှစ် ၁၈၀၊ သက္ကရာဇ် ၂၃၀၀ ပြည့်တွင် လူဦးရေ ၃၆ ဘီလျံထိ မြေကမ္ဘာ၌ ရှင်သန်နေထိုင်နိုင်သည်။ ထိုသို့မဟုတ်ဘဲ အချို့ခန့်မှန်းချက်များအတိုင်း မွေးနှုန်းကျဆင်းခဲ့သော် ထိုကာလ၌ ကမ္ဘာ့လူဦးရေ နှစ်ဘီလျံသာ ကျန်ရစ်ပါလိမ့်မည်။

ကျွန်ုပ်တို့ ရှင်သန်နေရသည့် ယခုရာစုနှစ် ၂၁ မှာမူ ယူနီဗာစတီကောလိပ်မှ လူဦးရေစာရင်းအင်းပညာရှင် ပေါမော်လန် ပြောစကားအရ ‘လူဖြူနည်း၊ ဆံဖြူများ၊ ပိုစိမ်းလန်း’ သည့် အရောင်စုံသော ကမ္ဘာကြီးပင်ဖြစ်သည်။ ‘လူဖြူနည်း’ ဆိုသည်မှာ အာဖရိကန်လူဦးရေက ဥရောပလူဦးရေထက် တောက်လျှောက် မြင့်တက်သွားပုံကို ပြော၏။ ‘ဆံဖြူများ’ ဆိုခြင်းက နိုင်ငံတိုင်းလိုလို သက်ကြီးပိုင်းလူဦးရေ တိုးပွားလာခြင်းကို ညွှန်း၏။ ‘ပိုစိမ်းလန်း’ ဆိုသည်ကတော့ ပိုမိုချမ်းသာလျက် တည်ငြိမ်သော ကမ္ဘာ့လူဦးရေပုံစံ ‘အထိုင်ကျ’ ပါက သဘာဝဝန်းကျင်အတွက် ကျယ်ကျယ်ပြန့်ပြန့် ကောင်းကျိုးဆောင်လာနိုင်မည့် နိမိတ်ဖြစ်၏။

အထက်တွင်ညွှန်းဆိုခဲ့သည့် အလားအလာများနှင့်အတူ ပိုမိုငြိမ်းချမ်းသော ကမ္ဘာကြီးလည်း ဖြစ်နိုင်ပါစေသတည်း။