ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း၏ ဇနီးဖြစ်သူ ပြန်လွတ်

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း၏ ဇနီးဖြစ်သူ ပြန်လွတ်
Published 2 September 2021

ဖမ်းဆီးခံခဲ့ရသည့် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း၏ ဇနီးဖြစ်သူ မခင်စန္ဒာဝင်း ပြန်လွတ်လာခဲ့ကြောင်းကို မခင်စန္ဒာဝင်းကိုယ်တိုင် ဦးနိုင်ငံလင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၁ ရက်က ရေးသားထားသည်။

မခင်စန္ဒာဝင်းအနေဖြင့်  Khin sandar win အကောင့် ပျက်သွားသည့်အတွက် ၎င်း၏ အမျိုးသားဖြစ်သူ ဦးနိုင်ငံလင်းအကောင့်ကို သုံးရခြင်းဖြစ်ပြီး သြဂုတ် ၃၀ ရက် ည ၈ နာရီတွင် ၎င်းအား အိမ်သို့ ပြန်ပို့ပေးခဲ့ကြောင်း ရေးသားထားသည်။

“ကျွန်မ ကိုနိုင်ငံလင်းရဲ့ အမျိုးသမီးပါ။ ကျွန်မ Khin Sandar Win အကောင့် ပျက်သွားလို့ပါ။ ကျွန်မ အမျိုးသားအကောင့်နဲ့ သုံးမှာပါ။ ကျွန်မကို ၃၀.၈. ၂၀၂၁  ည ၈ နာရီလောက်မှာ အိမ်သို့ ပြန်ပို့ပါတယ်” ဟု မခင်စန္ဒာဝင်းက ဦးနိုင်ငံလင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ထိုသို့ အိမ်ပြန်ပို့ရာတွင် မခင်စန္ဒာဝင်း အပါအဝင် လေး၊ ငါးဦးခန့်ရှိပြီး ၎င်းတို့ကိုလည်း ၎င်းတို့၏ အိမ်များသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း မခင်စန္ဒာဝင်းက  ဆက်လက် ရေးသားထားသည်။

သို့သော် ၎င်းအနေဖြင့် မျက်လုံး အဝတ်စည်းခံထားရသည့်အတွက် အခြားသောသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ သိရှိခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

“ကျွန်မနဲ့အတူ ဖမ်းဆီးထားသော လူတွေလည်း ကျွန်မ အပါအဝင် လေးယောက်၊ ငါးယောက်လောက်​​ ပါတယ်။ သူတို့ရဲ့ နေအိမ်တွေကို လိုက်ပို့ပေးပါတယ်။ ညီမ အတိအကျတော့ ဘယ်သူတွေလဲ ဆိုတာတော့ အတိအကျ မသိပါဘူး။ မျက်လုံးစည်းထားလို့ပါ။ သားလေးနဲ့ ကျွန်မ ပြန်ဆုံတာပါ။ ညီမ ပြည်သူကို တင်ပြတာပါ”ဟု မခင်စန္ဒာဝင်း က ရေးသားထားသည်။

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း၏ ဇနီးဖြစ်သူ မခင်စန္ဒာဝင်း အနေဖြင့် PDF များကို ရိက္ခာထောက်ပံ့သည်ဟု ဆိုကာ သြဂုတ် ၂၅ ရက်က အင်းစိန်ထောင်အနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

မခင်စန္ဒာဝင်းအနေဖြင့် မတ်လမှစ၍ သန်လျင်မြို့နယ်၊ လှည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်များရှိ PDF များထံ လစဉ်ဆန် နှင့် ဆီများ ထောက်ပံ့ပေးခဲ့ကြောင်း သြဂုတ် ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent