ကချင်ပြည်နယ် ရွှေကူမြို့အထက်ဘက် ရွှေပေါ်ကျွန်းစေတီတော် ကျွန်းဘက်တွင် ရွှေကျင်စက်လှေများ ရွှေလာတူးနေသောကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း The Daily Eleven သတင်းစာသို့ ဆက်သွယ် ပြောကြားသည်။
သြဂုတ်လဆန်းပိုင်းကတည်းက စက်လှေများပေါ်တွင် ရွှေမျှောဖောင်များတင်ပြီး ရွှေပေါ်ကျွန်းစေတီတော် တည်ရှိရာ ကျွန်းဦး၊ ငါဘတ်ဝကျေးရွာရှေ့တွင် စက်လှေအစင်း ၃၀ ခန့် လာရောက် ရွှေတူးဖော်နေခြင်းကြောင့် ရွာကမ်းပါး ပြိုကျမည်ကို စိုးရမ်နေရကြောင်း ငါဘတ်ဝရွာသားတစ်ဦးက ဆိုသည်။
၎င်းက “ဒီနေရာက အရင် ၁၀ နှစ်ကျော်ကတည်းက မုန်စုပ်စက်၊ လက်ယက်ကျင်းကိုမှ ဘယ်သူမှ မတူးခိုင်းဘူး။ ရွာဘက်လည်း ကမ်းပါးပြိုနိုင်တယ်။ ဘုရားဘက်ကိုလည်း ရေကြောင်းလှည့်နိုင်တယ်။ ရွှေဖောင် စက်လှေတွေကလည်း ဒီဘက်ဒေသက လူတွေပါပဲ။ အုပ်ချုပ်ရေးဘက်ကလည်း စာထုတ်ပြီး တားတယ်။ ဒါပေမဲ့ ခေတ်မကောင်းတော့ အောက်ခြေမှာ အပေးအယူနဲ့ ပြီးသွားတဲ့သဘော ရှိတယ်။ ဒေသခံတွေကလည်း ကြိမ်းလားမောင်းလားနဲ့ ပြီးနေကြတာ။ စက်နဲ့ ဖြိုလိုက်တော့ ကမ်းပါးတွေက ခဏပဲ ပြိုပြိုသွားတော့ ရွာသားတွေက စိုးရိမ်ကြတယ်”ဟု ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် လအနည်းငယ်အကြာတွင် ဧရာဝတီမြစ်ကြောင်းအတွင်း တရားမဝင် ရွှေတူးသူများဖြင့် ပြည့်နှက်နေကြောင်း ကွင်းဆင်း တွေ့ရှိချက်များအရ သိရသည်။ လက်ရှိတွင် မြစ်ကြီးနားမြို့ အထက်ပိုင်းနှင့် မြစ်ဆုံကြား၊ မြစ်ကြီးနားမြို့နှင့် ဆင်ဘိုမြို့ကြားတွင် ထောင်နှင့်ချီသော ရွှေတူးသည့် ဘာလီ (စက်လှေပေါ်တွင် ရှစ်လက်မှ ၁၀ လက်မ ဗြုန်းအိုးဖြင့် မျှောတိုက်ကာ ရွှေကျင်သည့် စက်လှေ) များ၊ စက်လှေငယ်များဖြင့် ရွှေကျင်သူများ၊ ကမ်းပါး မျှောတိုက်သူများ ရှိကြောင်း ဒေသခံများ၏ ပြောကြားမှုနှင့် ကွင်းဆင်း တွေ့ရှိချက်များအရ သိရသည်။
ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် ရွှေ နှင့် သယံဇာတများကို စက်ယန္တရားကြီးများဖြင့် တူးဖော်နေမှုအပေါ် ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီက ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို မေ ၁ ရက်က ထုတ်ပြန်ခဲ့သည်။ မေခ ၊ မလိခမြစ်နှင့် ၎င်းတို့၏ မြစ်လက်တက်များ ဖြစ်သည့် ရှန်ခ၊ ထီခ၊ ဒါခ၊ တန်ခ၊ ကျိုင်ခ၊ ဖုန်အင်ခ၊ ဖုန်ကျန်ခ၊ အင်စီခ၊ မုန်ရန်ခ၊ အင်ဂျာခ၊ လုံဂါဘော် ဒေသများတွင် ရွှေနှင့် အခြားသယံဇာတများကို စက်ယန္တရားများဖြင့် တူးဖော်နေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မည်သူမဆို စက်ယန္တရားများဖြင့် ရွှေနှင့် အခြားသယံဇာတများ တူးဖော်ခြင်းကို လုံးဝမပြုလုပ်ရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းမှအပ အခြားနည်းဖြင့် မြေနေရာ အမြောက်အမြား မယူရန်၊ စက်ယန္တရားဖြင့် သယံဇာတ တူးဖော်မည့်သူကို နေရာပြခြင်း၊ မြေနေရာရောင်းခြင်း၊ မြေနေရာ ငှားရမ်းခြင်း၊ ထောက်ခံအားပေးခြင်း မပြုကြရန်၊ အထက်ပါအချက်များ ဆောင်ရွက်သူများကို အမည်ပျက်စာရင်း တင်သွင်းပြီး မှတ်တမ်းထားကာ ကချင်လူမျိုးများ အပါအဝင် နိုင်ငံတကာမှ သိအောင် ထုတ်ပြန်ကြေညာမည့်အပြင် လူမှုရေးပြစ်ဒဏ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဂွမ်ရောင်ဂွမ်စာဌာနေ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။















