ကလေးမြို့ပေါ်မှ ပရဟိတအဖွဲ့များက Mobile Clinic ဖြင့် ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များတွင် ရှိသော နာမကျန်း ဖြစ်နေသူများကို လိုက်လံကုသပေးလျက် ရှိသည်ဟု သိရသည်။
“ကျွန်တော်တို့ Mobile Clinic သွားတာက ဆေးရုံ ဆေးခန်းကို မလာနိုင်တဲ့သူတွေ၊ အဲဒီလိုလူတွေ ရှိတဲ့နေရာမျိုးတွေကို သွားတာ။ ကျွန်တော်တို့ လုပ်နေတာကြာပါပြီ။ အခု ကိုဗစ် တတိယလှိုင်း စကတည်းက လုပ်နေတာပါ။ ရွာတွေမှာ လုပ်နေတဲ့ ရွာက ပရဟိတသမားတွေနဲ့ ချိတ်ဆက်ပြီး သွားတာပါ။ သူတို့ရွာမှာ ကျန်းမာရေးအရ လိုအပ်ခဲ့ရင် သူတို့က ဖိတ်တယ်။ ကျွန်တော်တို့ကလည်း ဒါမျိုးလုပ်နေတာ သိနေတယ်။ နှစ်ဘက် ချိတ်ဆက် သွားရတာပေါ့။ ရွာတွေဘက်ကတော့ မနက်စာ စားဖို့ လူနာတွေ စုထားပေးဖို့ ကုသပေးဖို့ နေရာတွေ လုပ်ပေးထားရတာပေါ့။ ကုသတာကတော့ ကိုဗစ်မှ မဟုတ်ဘူး အထွေထွေရောဂါ အကုန်ုလုံးကို ကြည့်ပေးလိုက်တော့တာပါ” ဟု Kalay Volunteer အဖွဲ့မှ ကိုမင်းနိုင်စိုးက ပြောကြားသည်။
ကလေးမြို့တွင် COVID-19 ရောဂါဖြစ်ပွားမှု များပြားခဲ့ပြီး အခြားရောဂါအခံရှိသူများနှင့် ကိုဗစ် မဟုတ်သောရောဂါ ဖြစ်ပွားလာပါက ဆေးကုရန်အတွက် ဆေးရုံဆေးခန်းများသို့ မသွားလာနိုင်ကြသူများအတွက် အခက်အခဲများ ရှိကြသည်ဟု သိရသည်။
“ကုသမှုကတော့ ဆရာဝန်တွေက ကြည့်ပေးတယ်။ သူတို့ သောက်နေကြဆေးတွေ ပြကြတယ်။ လိုအပ်တာကို ထပ်မံညွှန်ကြား ကုသပေးပါတယ်။ ကိုဗစ်ဆိုရင်လည်း ဖြစ်လား မဖြစ်ဘူးလား စစ်ပေးတယ်။ ကိုဗစ်ဖြစ်နေလို့ အောက်ဆီဂျင် ကျနေတယ်ဆိုရင်လည်း စင်တာတွေနဲ့ ချိတ်ပေးတယ်။ လူနာတွေကို ဘယ်လို နေထိုင်ရမယ်။ ဘယ်ဆေး သောက်ရမယ်။ ဘယ်လို ကာကွယ်မှုလုပ်ရမယ် ဆိုတာတွေကို ညွှန်ကြားကုသ ပေးပါတယ်။ အခုလို Mobile Clinic အနေနဲ့ သွားတာက အရင်တုန်းကလည်း သွားပါတယ်။ ရောဂါတွေ ဆိုးဆိုးရွားရွား ဖြစ်နေတယ်ဆိုရင် အဲဒီဒေသ၊ နေရာက ဗော်လန်တီယာတွေနဲ့ ချိတ်ဆက်သွားပါတယ်။ သွားရောက် ကုသတဲ့အခါ အခမဲ့ ကုသပေးတာပါ။ ကိုဗစ် စစ်ဆေးတယ် ဆိုရင်လည်း အခမဲ့ စစ်ဆေးပေးပါတယ်။ လှူထားတဲ့ဟာတွေ ရှိသလောက်ပေါ့။ နယ်မြေခံတွေက ကျွန်တော်တို့အဖွဲ့ကို ပြန်လှူပေးတာတွေ ရှိတယ်။ ကျွန်တော်တို့က မေတ္တာသွား၊ မေတ္တာပြန် လုပ်တာပါ”ဟု ပရဟိတပြုလုပ်နေသူတစ်ဦးက ပြောကြားသည်။
ကလေးမြို့တွင် COVID-19 ရောဂါ ဖြစ်ပွားနှုန်းသည် မြို့ပေါ်တွင် ကျဆင်းလျက် ရှိသော်လည်း မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု များပြားနေဆဲ ဖြစ်သည်ဟု သိရသည်။
“လုပ်တာကတော့ ကလေးဗော်လန်တီယာက ဦးဆောင်မှုပေးတဲ့ သဘောပါ။ လုပ်ငန်းလုပ်တဲ့အခါ ကလေးမြို့ပေါ်က ပရဟိအသင်းတွေ ဗော်လန်တီယာတွေ အားလုံးနဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေ သူနာပြုဆရာမတွေ ပူးပေါင်း ဆောင်ရွက်ကြတာပါ။ ပူးပေါင်း ဆောင်ရွက်မှုပေးနိုင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲ ဆောင်ရွက်သွားပါတယ်။ အားလုံးနဲ့ တိုင်ပင်ဆွေးနွေး လုပ်ကြတာ များပါတယ်” ဟု ကိုမင်းနိုင်စိုးက ဆိုသည်။















