လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးအား နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သြဂုတ် ၂၇ ရက်တွင် အမှုဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဒေါက်တာဝင်းမြတ်အေးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးတွေ့ရှိချက်အရ ဒေါက်တာ ဝင်းမြတ်အေးသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသည့်ဒေသများသို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် လည်းကောင်း၊ နိုင်ငံတော်၏ အရေးကြီးကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်းကောင်း အသုံးပြုရန် ရဟတ်ယာဉ်တစ်စီးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ရက်တွင် စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ကြောင်းသိရသည်။
ထိုသို့ စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ရာတွင် တည်ဆဲဥပဒေ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း အမိန့်ကြော်ငြာစာအမှတ်(၃၅/၂၀၁၇)တို့ကို ဖောက်ဖျက်ခြင်း၊ စာချုပ်ပါ စည်းကမ်းချက်များအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ အကြံပြုချက်များကို ထည့်သွင်းစဉ်းစားခြင်း မပြုခြင်းတို့ကြောင့် ရဟတ် ယာဉ်တစ်စီးကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငှားရမ်းသည့်ကိစ္စတွင် စာရင်းစစ်ဆေးတွေ့ရှိချက်များအရ ပျံသန်းချိန် နာရီစုစုပေါင်း ၇၂၀ အတွက် ငှားရမ်းခ မြန်မာငွေကျပ်သန်း ၅၁ဝဝ ကျော်နှင့် အမေရိကန်ဒေါ်လာ ၅၈၅ဝဝဝ ပေးချေခဲ့သော်လည်း အမှန်အသုံးပြုခဲ့ချိန် ၈၄ ဒဿမ၉၅ နာရီသာ ဖြစ်သဖြင့် လျော့နည်း ပျံသန်းချိန် ၆၃၅ ဒဿမ ဝ၅ နာရီအတွက် အမေရိကန်ဒေါ်လာ ၃၅၉၅၄၂၃ (USD ၃ဒဿမ၅ သန်းကျော်) ပိုမို ပေးချေ ခဲ့ခြင်းသည် နိုင်ငံတော်၏ ငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်း ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်မှုတွင်ပါရှိသည်။
ထို့ပြင် ဒေါက်တာဝင်းမြတ်အေးသည် အရေးကြီးကိစ္စများ ဆောင်ရွက်ရာတွင် ရဟတ်ယာဉ်တစ်စီးကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ကုမ္ပဏီတစ်ခုဖြင့် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ရာ၌ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ဘေးသင့်သူများအတွက်သာ သုံးစွဲခွင့်ရှိသော အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေမှသုံးစွဲ ထားခြင်း၊ ရဟတ်ယာဉ်ဝယ်ယူမှုအတွက် စီးပွားရေးရာကော်မတီနှင့် ယခင် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခဲ့မှုမရှိခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ သဘောထားတောင်းခံမှုမရှိခြင်း၊ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ ရဟတ်ယာဉ် နောက်ကျရောက်ရှိခဲ့သည့် အခြေအနေကိုကြိုတင်သိရှိခဲ့ပြီးဖြစ်သော်လည်း ကုမ္ပဏီနှင့်လိုအပ်သလို ပြန်လည်ညှိနှိုင်းခြင်း၊ စာချုပ်ပြင်ဆင်ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့မှုမရှိဘဲ ပေါ့လျော့စွာဆောင်ရွက်ခဲ့သဖြင့် ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့် အခြားဆက်စပ်ကုန်ကျစရိတ်များအတွက် နိုင်ငံတော်၏ ငွေကြေး၊ ပိုင်ဆိုင်မှု မြန်မာငွေကျပ် ၂၃ဝ၄၈ သန်းကျော်ကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း သိရသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးသည် ဝယ်ယူပြီးသော နိုင်ငံတော်ပိုင်ရဟတ်ယာဉ်အား ထိန်းသိမ်းပြုပြင်ခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီတစ်ခုကိုလုပ်ငန်းအပ်နှံရေး သဘောတူစာချုပ်ချုပ်ဆိုငှားရမ်းခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီလိုက်နာ ဆောင်ရွက်မှုမရှိခြင်း၊ Operation and Maintenance စာချုပ်အရ ကြိုတင်ပြင်ဆင်မှုကာလ ၂၀၂ဝပြည့်နှစ် မတ် ၂ဝရက်မှ မေ ၃၁ ရက်အထိ ဝန်ဆောင်စရိတ် အမေရိကန်ဒေါ်လာ ၂ရဝဝဝဝ ကိုသာ ပေးချေသင့်သော်လည်း စာချုပ်တွင်မပါဘဲ ရဟတ်ယာဉ်မရောက်သေးသည့် ၂၀၂၀ ပြည့်နှစ် ဇွန် ၁ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ငါးလအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၄၉၂၆၆၇ ကို ပေးချေခဲ့ခြင်း၊ ရဟတ်ယာဉ် နောက်ကျရောက်ရှိခဲ့သည့် အခြေအနေကို ကြိုတင်သိရှိခဲ့ပြီး ဖြစ်သော်လည်း စာချုပ်ချုပ်ဆိုသည့် ကုမ္ပဏီနှင့်လိုအပ်သလို ပြန်လည် ညှိနှိုင်းမှုမရှိခြင်း၊ စာချုပ်ပြင်ဆင်ချုပ်ဆိုမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော် ၏ ငွေကြေ ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာဆုံးရှုံးစေခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်သဖြင့် ဒေါက်တာဝင်းမြတ်အေးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းတွင် သြဂုတ် ၂၇ ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်မှုအရသိရသည်။















