တာလီဘန်အတွက် အမေရိကန်၏ ဒေါ်လာဘီလျံပေါင်းများစွာ

တာလီဘန်အတွက် အမေရိကန်၏ ဒေါ်လာဘီလျံပေါင်းများစွာ
Photo:AP
Photo:AP
Published 19 August 2021
ဖြိုးဟိန်းကျော်

အမေရိကန်တို့ ဒေါ်လာ ၈၃ ဘီလျံ ရင်းနှီးမြှုပ်နှံကာ ဆယ်စုနှစ်နှစ်ခုကြာ အချိန်ယူတည်ဆောက်ပြီး လေ့ကျင့်ပျိုးထောင်ပေးခဲ့သည့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်တိုအတွင်း လုံးလုံးလျားလျား ပြိုလဲပျက်သုဉ်းခဲ့ပြီးနောက်တွင် အမှန်တကယ် အကျိုးခံစားရသူမှာ တာလီဘန် တိုက်ခိုက်ရေးသမားများ ဖြစ်နေပေသည်။ တာလီဘန်တို့သည် နိုင်ငံရေးအာဏာကို လုယူနိုင်ရုံသာမကဘဲ လက်နက်ခဲယမ်းနှင့် ရဟတ်ယာဉ်များ အပါအဝင် အမေရိကန်တို့ ထောက်ပံ့ထားသည့် စစ်လက်နက်အင်အားကိုပါ ရရှိပိုင်ဆိုင်သွားခဲ့ပြီဖြစ်သည်။

တာလီဘန် တိုက်ခိုက်ရေးသမားများသည် အချက်အချာကျသော ခရိုင်များကို စီးနင်းတိုက်ခိုက်ခဲ့စဉ်က အာဖဂန်တပ်ဖွဲ့ဝင်များကို အနိုင်ယူခဲ့ရာတွင် ခေတ်မီစစ်လက်နက်ပစ္စည်းများကို သိမ်းယူနိုင်ခဲ့သလို ပြည်နယ်မြို့တော်များနှင့် အာဖဂန်စစ်အခြေစိုက်စခန်းများကို ထင်မှတ်မထားသော အမြန်နှုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင်လည်း တိုက်လေယာဉ်များအပါအဝင် ပိုကြီးမားသော အကျိုးအမြတ်များ ရရှိခဲ့ကာပြီးခဲ့သည့် သီတင်းပတ်ကုန်တွင်မူ အကြီးမားဆုံးဆုလာဘ်ဖြစ်သော မြို့တော်ကဘူးကိုပါ ထိန်းချုပ်ထားနိုင်ခဲ့သည်။

တာလီဘန်တို့ လျှပ်တစ်ပြက် စုဆောင်းရယူနိုင်ခဲ့သည့် အမေရိကန်က ထောက်ပံ့ထားသော အာဖဂန်စစ်တပ်၏ စစ်လက်နက် အသုံးအဆောင်များသည် ပမာဏအလွန်များပြားသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသော တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။ ယင်းကဲ့သို့ ကပြောင်းကပြန်အခြေအနေ ဆိုက်ရောက်လာမှုသည် အာဖဂန်အစိုးရ စစ်တပ်၏ မိမိဘာသာ ရပ်တည်နိုင်စွမ်းအပေါ် အမေရိကန်စစ်တပ်နှင့် ထောက်လှမ်းရေး အေဂျင်စီများ၏ အကဲဖြတ်မှု မှားယွင်းခဲ့ခြင်းကြောင့်ဖြစ်ကာ အချို့အခြေအနေတွင် အာဖဂန်တပ်ဖွဲ့ဝင်များသည် ခုခံတိုက်ခိုက်ခြင်းမပြုဘဲ ၎င်းတို့၏ယာဉ်များနှင့် စစ်လက်နက်များကို တာလီဘန်တို့ထံ အပ်နှံကာ အညံ့ခံခဲ့ကြသည်ဟု သိရသည်။

အမေရိကန်တို့အနေဖြင့် အာဖဂန်စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို ရေရှည်တည်တံ့အောင် တည်ဆောက်နိုင်ခဲ့ခြင်းမရှိပုံနှင့် ၎င်းတပ်ဖွဲ့များပြိုလဲခဲ့ရသည့် အကြောင်းရင်းများကို စစ်ရေးအကဲခတ်များက အချိန်ကြာမြင့်စွာ လေ့လာဆန်းစစ်ကြမည်ဖြစ်သည်။ သို့သော် အခြေခံအကြောင်းရင်းမှာ သိသာထင်ရှားနေကာ အီရတ်တွင်ဖြစ်ခဲ့သည့် အခြေအနေနှင့် မတူညီခဲ့ခြင်းဖြစ်ပေသည်။ အာဖဂန်တပ်ဖွဲ့ဝင်များသည် လက်နက်ခဲယမ်းအင်အား သာလွန်သော်လည်း စွမ်းဆောင်ရည်နည်းပါးကာ အဓိကအားဖြင့် မရှိမဖြစ်လိုအပ်သော တိုက်ပွဲဝင်လိုစိတ်ပျောက်ဆုံးနေသူများ ဖြစ်နေသည်။

“စိတ်အားထက်သန်မှုနဲ့ စီမံအုပ်ချုပ်နိုင်စွမ်းကို ငွေနဲ့ဝယ်လို့မရနိုင်” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်၏ အဓိကပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက သြဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတဂျော့ဂျ်ဒဗလျူဘုရှ်နှင့် သမ္မတဘားရက်အိုဘားမား အစိုးရလက်ထက်တို့တွင် အာဖဂန်စစ်ပွဲမဟာဗျူဟာကို ညွှန်ကြားခဲ့သူတစ်ဦးဖြစ်သည့်သည့် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဒေါက်လု(တ်) ကလည်း အာဖဂန်တို့သည် လက်ဆုပ်လက်ကိုင်ပြနိုင်သော အင်အားအရင်းအမြစ်များ ရရှိထားသော်လည်း ပို၍အရေးကြီးသော လက်ဆုပ်လက်ကိုင်မပြနိုင်သည့် အရင်းအမြစ်များ ကင်းမဲ့နေသည်ဟု ဆိုသည်။

“စစ်ပွဲတွေရဲ့ အခြေခံသဘောတရားအရ စိတ်ဓာတ်ခွန်အားဟာ ရုပ်ဝတ္ထုပစ္စည်း အင်အားထက် အဓိကကျပါတယ်။ စိတ်ဓာတ်၊ စည်းကမ်းသေဝပ်မှု၊ စီမံအုပ်ချုပ်မှုစွမ်းရည်၊ တပ်ဖွဲ့တွေရဲ့ စုစည်းညီညွတ်မှုတွေက လူသူအင်အား လက်နက်ခဲယမ်း အင်အားထက်ပိုပြီး အဓိကကျပါတယ်။ အာဖဂန်နစ္စတန်မှာ ကျွန်တော်တို့လို အပြင်လူတွေက ရုပ်ဝတ္ထုပစ္စည်းတွေကိုသာ ထောက်ပံ့ပေးနိုင်ပြီး အာဖဂန်ပြည်သူတွေကသာ စိတ်ဓာတ်ခွန်အားကို ပေးစွမ်းနိုင်ပါတယ်” ဟုလည်း ၎င်းကပြောသည်။

တာလီဘန် သောင်းကျန်းသူများကမူ အာဖဂန်စစ်တပ်ထက် အင်အားပိုနည်းပြီး ခေတ်မီဆန်းသစ်သော လက်နက်ကိရိယာများနှင့် လေကြောင်းပစ်ကူအင်အား မရှိသော်လည်း အာဖဂန်စစ်တပ်ထက် သာလွန်ကြောင်း လက်တွေ့ပြသနိုင်ခဲ့ပေသည်။ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများကလည်း ယင်းကဲ့သို့ တာလီဘန်တို့၏အသာရမှု အနေအထားကို အကြီးအကျယ် လျှော့တွက်ခဲ့ကြသလို သမ္မတဂျိုးဘိုင်ဒင်က အာဖဂန်မှ အမေရိကန်တပ်များကို အလုံးစုံရုပ်သိမ်းမည်ဟု ယခုနှစ် ဧပြီလအတွင်း ကြေညာခဲ့သည့်နောက်ပိုင်းတွင်လည်း တာလီဘန်တို့၏ ပွဲသိမ်းထိုးစစ်ဆင်မှုသည် အံံ့မခန်းလောက်အောင် အောင်မြင်မှုရလိမ့်မည် ဆိုသည်ကို ကြိုတင်တွက်ဆနိုင်ခဲ့ခြင်း မရှိပေ။

“မျှော်လင့်ချက်ကို နည်းလမ်းတစ်ခုအဖြစ် အသုံးမပြုဘူးဆိုရင် အမေရိကန်တပ်တွေကို အလျင်စလို ရုပ်သိမ်းမှုဟာ အာဖဂန်လုံခြုံရေးတပ်တွေကို စွန့်ခွာသွားတော့မယ်ဆိုတဲ့ လက္ခဏာကို ပြသရာရောက်နေတယ်” ဟု ၂၀၀၁ ခုနှစ် အာဖဂန်စစ်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သလို သမ္မတဒေါ်နယ်ထရန့်လက်ထက်၌ ယာယီကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ခရစ္စမေလာက ပြောသည်။

ကိုလံဘီယာတက္ကသိုလ်မှ နိုင်ငံတကာနှင့်  အများပြည်သူရေးရာဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်သလို အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်မှူးများ၏ အကြံပေးဟောင်းလည်းဖြစ်သူ စတီဖင်ဘစ်ဒယ်လ်ကလည်း သမ္မတဘိုင်ဒင်၏ ကြေညာချက်သည် အာဖဂန်စစ်တပ်၏ ပြိုလဲမှုကို အစပျိုးပေးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့သည်။ မိတ်ဖက်အမေရိကန်များ အိမ်ပြန်တော့မည်ကို ၎င်းတို့သိရှိသွားချိန်တွင် ရင်ဆိုင်တိုက်ပွဲမဝင်ဘဲ အရှုံးပေးလိုသော စိတ်ခံစားချက်သည် တောမီးပမာ ပျံ့နှံ့သွားစေခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

အမေရိကန် ပြည်ထောင်စုသည် အာဖဂန်တွင် တာလီဘန်များကို တိုက်ခိုက်ကာ ကဘူး၌ အစိုးရ၏ နိုင်ငံရေးအုတ်မြစ်ကို ချဲ့ထွင်တည်ဆောက်ပြီး အကျင့်ပျက်ခြစားမှုနှင့် ခရိုနီဝါဒ လွှမ်းမိုးနေသည့်နိုင်ငံတွင် ဒီမိုကရေစီစနစ်ဖော်ဆောင်ရန် ကြိုးပမ်းနေစဉ်မှာပင် ယုံကြည်စိတ်ချရသော အာဖဂန်ကာကွယ်ရေး အင်အားစုကို တည်ထောင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သော်လည်း အပြည့်အဝမှတ်တမ်းတင်မခံရသည့် ကွန်မန်ဒိုများအပါအဝင် အာဖဂန်တပ်ဖွဲ့ဝင် အချို့ရှိနေသည့်တိုင် အမေရိကန်နှင့် နေတိုးမဟာမိတ်တို့ တည်ထောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့တစ်ခုလုံးအနေဖြင့်ဆိုသော် ရေရာခိုင်မာမှုမရှိသည့် အခြေအနေဖြစ်နေကာ အမေရိကန် အရပ်ဘက်ခေါင်းဆောင်များနှင့် စစ်ရေးမဟာမိတ်များ၏ မအောင်မြင်မှုသည် အာဖဂန်စစ်တပ်ကို ပြိုလဲစေသည့် တွန်းအားဖြစ်ခဲ့သည်ဟု မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ အာဖဂန်စစ်ပွဲအကြောင်း ကာလရှည် လေ့လာအကဲခတ်သူတစ်ဦးဖြစ်သည့် အန်သိုနီကော့စ်မန်းက သုံးသပ်ခဲ့သည်။

အာဖဂန်စစ်တပ်ကို တည်ဆောက်ခဲ့သည့် လုပ်ငန်းစဉ်သည် အမေရိကန်၏ ရက်ရောလှသည့် အထောက်အပံ့များအပေါ် လုံးလုံးလျားလျားမှီခိုနေပြီး ပင်တဂွန်သည် အာဖဂန်စစ်သည်များ၏ လစာကိုပင် ပေးချေခဲ့ရသည်။ ၎င်းငွေကြေးထောက်ပံ့မှုနှင့် ဖော်မပြနိုင်လောက်အောင် များပြားသော လောင်စာဆီများကို အကျင့်ပျက် အာဖဂန်အရာရှိများက ကဲ့ဝှက်ရယူခဲ့ကြပြီး အစိုးရစုံစမ်းစစ်ဆေးရေးမှူးများကလည်း လစာ စာရင်းတွင်ပါဝင်သော်လည်း အမှန်တကယ် တာဝန်ထမ်းဆောင်ခြင်းမရှိသည့် စစ်သည်များကို လိမ်လည်စာရင်းပြကာ အလွဲသုံးစားလုပ်မှုများရှိခဲ့သည်ဟု သိရသည်။

စာရွက်စာတမ်းများအရ အာဖဂန်စစ်တပ်တွင် တပ်ဖွဲ့ဝင်အင်အား သုံးသိန်းဝန်းကျင် ရှိနေသော်လည်း အမှန်တကယ်အားဖြင့် ယင်းအရေအတွက်လောက်ရှိမနေခဲ့သလို အဓိကတိုက်ပွဲများတွင် လက်ရွေးစင်အထူးတပ်ဖွဲ့ဝင်အင်အား အနည်းကိုသာ မှီခိုအားထားနေရခြင်းဖြစ်သည်။

အာဖဂန် ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်က သုံးစွဲခဲ့သည့် ဒေါ်လာ ၁၄၅ ဘီလျံထဲမှ ၈၃ ဘီလျံခန့်သည် အာဖဂန်စစ်တပ်နှင့် ရဲတပ်ဖွဲ့အတွက် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိချုပ်ရုံး၏ အဆိုအရ သိရသည်။ အာဖဂန်စစ်ပွဲအခြေအနေကို စောင့်ကြည့်ရန် ယင်းအဖွဲ့အား အမေရိကန် ကွန်ဂရက်က ၂၀၀၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာတွင် အာဖဂန်ကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့သည့် စစ်ပွဲအတွက် အမေရိကန်က ဒေါ်လာ ၈၃၇ ဘီလျံအပြင် ဒေါ်လာ ၁၄၅ ဘီလျံ ထပ်မံသုံးစွဲခဲ့သည်။

လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အာဖဂန် တပ်ဖွဲ့ဝင်များအတွက် အမေရိကန်က ရင်းနှီးမြှုပ်နှံခဲ့သည့် ပမာဏဖြစ်သော ဒေါ်လာ ၈၃ ဘီလျံသည် ယမန်နှစ်တွင် အမေရိကန် မရိန်းတပ်မကြီးတစ်ခုလုံးအတွက် သုံးစွဲခဲ့သော ဘတ်ဂျက်၏ နှစ်ဆနီးပါးရှိနေသလို ယမန်နှစ်၌အမေရိကန်ပြည်သူ သန်း ၄၀ ခန့်အတွက် အစားအသောက်များ ထောက်ပံ့ပေးရန် လျာထားခဲ့သည့် ပမာဏထက်လည်း အနည်းငယ်ပိုများနေသည်။

“The Afghanistan Papers” ဟု အမည်ရသည့် စာအုပ်ကို ရေးသားခဲ့သော သတင်းထောက်တစ်ဦးဖြစ်သူ ခရိတ်ဝှစ်တ်လော့ခ်ကလည်း အမေရိကန်စစ်တပ်မှ လေ့ကျင့်ရေးဆရာများသည် အာဖဂန်တပ်သားသစ်များကို အနောက်နိုင်ငံများတွင် ကျင့်သုံးသည့် နည်းလမ်းများအတိုင်း အတင်းအကျပ် ပုံသွင်းရန် ကြိုးပမ်းခဲ့ပြီး အမေရိကန်ပြည်သူများ၏ အခွန်အခများကို အမှန်တကယ် အလားအလာ ကောင်းမွန်သော စစ်တပ်တစ်တပ်အတွက် ရင်းနှီးမြှုပ်နှံနေခြင်း ဟုတ်မဟုတ်ကိုမူ အသေအချာ တွေးဆခဲ့ခြင်းမရှိဟု ၎င်း၏စာအုပ်တွင် ရေးသားခဲ့သည်။

အမေရိကန်၏ စစ်မဟာဗျူဟာသည် အာဖဂန်စစ်တပ်၏ စွမ်းဆောင်ရည်အပေါ် တည်မှီနေပုံရသော်လည်း ပင်တဂွန်သည် အာဖဂန်များအနေဖြင့် ၎င်းတို့အစိုးရအတွက် အသက်ပေးလိုစိတ် ရှိမရှိဆိုသည်ကိုမူ အာရုံစိုက်မှု နည်းပါးခဲ့ခြင်းမှာ အံ့အားသင့်ဖွယ် ကောင်းနေသည်ဟုလည်း ၎င်းကရေးသားခဲ့သည်။