နေပြည်တော်ကို လျှပ်စစ်အခြေခံသည့် လျှပ်စစ်ဘတ်စ်ကားလုပ်ငန်းများနှင့် မြို့ပတ်ရထားလမ်းများ၊ မြေအောက်ရထားလမ်းများဖြင့် မြို့အား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ် ၁၇ ရက် ပြုလုပ်သည့် နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေး စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့သည် ယခင်က အစိုးရ ရုံးစိုက်ရာဖြစ်သော်လည်း ယခုအခါ စီးပွားရေး ကုန်သွယ်မှု အဓိကဆောင်ရွက်လျက်ရှိသည့် မြို့တော်ဖြစ်ကြောင်း၊ အလားတူ မန္တလေးမြို့သည်လည်း ယခင်က မန်းနေပြည်တော်ဖြစ်ခဲ့ပြီး အထက်မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သကဲ့သို့ စီးပွားရေးအရလည်း အချက်အချာကျသည့် မြို့တော်ဖြစ်ကြောင်း၊ နေပြည်တော်သည် နိုင်ငံတော်အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သဖြင့် မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီစေရန် မြို့တော်အား တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခင်က နေပြည်တော်အား မပြည့်မစုံဖြင့် စတင်ဆောင်ရွက်ခဲ့ရသော်လည်း ယခုအခါ အတိုင်းအတာတစ်ခုအထိ ပြည့့်စုံမှုများ ရှိလာပြီဖြစ်ကြောင်း၊ သို့သော် ယခုထက် ပိုမိုပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မြို့အားလုံး၏ စံပြမြို့တော်တစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နေပြည်တော်ကောင်စီ နယ်မြေတွင် လူဦးရေသန်း ၂၀ အထိ နေထိုင်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သဖြင့် မြို့ပြစီမံကိန်းများ တည်ဆောက်ရာတွင် မြို့ပတ်ရထားလမ်းများ၊ ဘတ်စ်ကားလမ်းများ၊ လျှပ်စစ်ဘတ်စ်ကားလမ်းများနှင့် မြေအောက်ရထားလမ်းများ တည်ဆောက်နိုင်ရေးအတွက်ပါ ကြိုတင်စီမံဆောင်ရွက်ထားရန် လိုကြောင်း၊ နေပြည်တော်ဘူတာကြီးအား တစ်နိုင်ငံလုံး၏ ဗဟိုချက်ဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ လေကြောင်းပို့ဆောင်ရေးစနစ်များသည်လည်း နေပြည်တော်ကိုဗဟိုပြု၍ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ နေပြည်တော်ရှိလမ်းများ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့် ကိုက်ညီအောင် လက်တွေ့ကျသည့် အခြေခံအချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နေပြည်တော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပညာရေးကဏ္ဍတို့တွင် စံပြမြို့တော် ဖြစ်စေရေးအတွက် လိုအပ်သည့် သိပ္ပံကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး၊ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် အောင်ချက်မြင့်မားစေရေးတို့အတွက် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် နေပြည်တော်၌ မြို့နေလူဦးရေတိုးပွားပြီး မော်တော်ယာဉ်များ၊ မီးရထားများ၊ လျှပ်စစ်ရထားများ၊ လျှပ်စစ်ကားများ တိုးချဲ့ပြေးဆွဲလာသည့်အခါ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန် နည်းလမ်းရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။















