ဘာစီလိုနာအသင်း၏ လက်ရှိကြွေးမြီစုစုပေါင်းမှာ ယူရို ၁ ဒသမ ၃၅ ဘီလျံရှိသည်ဟု ဥက္ကဋ္ဌ လာပေါ်တာ အတည်ပြု

ဘာစီလိုနာအသင်း၏ လက်ရှိကြွေးမြီစုစုပေါင်းမှာ ယူရို ၁ ဒသမ ၃၅ ဘီလျံရှိသည်ဟု ဥက္ကဋ္ဌ လာပေါ်တာ အတည်ပြု
Photo: AFP
Photo: AFP
Published 18 August 2021

 

လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်း၏လက်ရှိကြွေးမြီစုစုပေါင်းမှာ ယူရို ၁ ဒသမ ၃၅ ဘီလျံအထိရှိနေသည်ဟု အသင်းဘဏ္ဍာရေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဥက္ကဋ္ဌ လာပေါ်တာက အတည်ပြုပြောကြားခဲ့သည်။

လာပေါ်တာက  ဥက္ကဋ္ဌဟောင်း ဘာတိုမူ အနေဖြင့် လိမ်ညာမှုပေါင်းများစွာ ပြုလုပ်ခဲ့သည်ဟုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့သည်။ ဘာစီလိုနာအသင်းသည် အကြွေး ယူရို ၁ဒသမ ၃၅ ဘီလီယံရှိနေသလို၊ အသားတင်အရှုံးမှာလည်း ယူရို ၄၅၁ သန်း ရှိနေသည်ဟု လာပေါ်တာက ဆိုသည်။ ဘာစီလိုနာအသင်းတွင် လစာငွေဖောင်းပွနေခြင်း က အဓိကပြဿနာဖြစ်နေပြီး ရရှိသည့် ဝင်ငွေ အရပ်ရပ်နှင့်ပင် လောက်ငခြင်းမရှိဘဲ ဝင်ငွေ ၏ ၁၀၃ ရာခိုင်နှုန်းအထိ လစာပေးနေရ ခြင်း ဖြစ်ကြောင်း သိရသည်။ 

မက်ဆီကို သက်တမ်း တိုးစာချုပ် ချုပ်ဆိုမည်ဆိုပါက လစာပေးချေ ရမှုမှာ ဝင်ငွေ၏ ၁၁၀ ရာခိုင်နှုန်းအထိ မြင့် တက်သွားမည်ဖြစ်ပြီး လာလီဂါအဖွဲ့ချုပ်ကလည်း လက်မခံသောကြောင့် လမ်းခွဲခဲ့ရခြင်း ဖြစ်ကြောင်း လာပေါ်တာက ရှင်းလင်းပြောကြား ခဲ့သည်။

 "၂၀၂၁ မတ်လ ၂၁ ဘဏ္ဍာရေးစာရင်းအရ အသင်းကြွေးမြီပမာဏက ယူရို ၁.၃၅ ဘီလျံ ရှိပါတယ်။ ဘာတိုမူဟာ ​အသင်းကို ရေတိုမှာ ထွက်ငွေများခဲ့ပြီး ရေရှည်မှာတော့ အကြွေးပိစေခဲ့ပါတယ်။ ကနဦး အကြွေးက ယူရို ၆၁၇ သန်းရှိပြီး အဲဒီထဲကို ကစားသမားတွေအတွက် ယူရို ၃၄၉ သန်း၊တရားသဘောင်စရိတ် ယူရို သန်း ၉၀၊ ရုပ်သံမူပိုင်ခွင့် ကြိုတင်ငွေ ယူရို ၇၉ သန်း၊ Espai Barca စီမံကိန်းအတွက် ယူရို ၅၆ သန်း ထည့်ပေါင်းရမှာပါ။ စုစုပေါင်းဆိုရင်တော့ ယူရို ၁.၃၅ ဘီလျံပေါ့။ ကျွန်တော်တို့ လစာ ငွေပေးချေမှုနှုန်းထားက ဝင်ငွေထက်များပြီး ၁၀၃ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ ဒါက ကျွန်တော်တို့ လုပ်နိုင်တာထက် ၂၀-၂၅ ရာ ခိုင်နှုန်းလောက် ပိုများနေတယ်"ဟု ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ပြောကြား ခဲ့သည်။

Most Read

Most Recent