ကိုဗစ်ကပေးသည့် ဝေဒနာ

ကိုဗစ်ကပေးသည့် ဝေဒနာ
တောင်ကြီးမြို့တွင် ကိုဗစ်ကူးစက်သူတို့၏ နေအိမ်ဝန်းကျင်ကို ပိုးသတ်ဆေးဖျန်းရန် ဆောင်ရွက်နေစဉ်
တောင်ကြီးမြို့တွင် ကိုဗစ်ကူးစက်သူတို့၏ နေအိမ်ဝန်းကျင်ကို ပိုးသတ်ဆေးဖျန်းရန် ဆောင်ရွက်နေစဉ်
Published 15 August 2021

တောင်ကြီးမြို့တွင် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း ရောဂါဖြစ်ပွားသူနှင့် သေဆုံးမှုနှုန်း တစ်ရှိန်ထိုး မြင့်တက်လာနေပြီ ဖြစ်သည်။ လက်ရှိ တတိယလှိုင်းကာလအတွင်း ကိုဗစ်ရောဂါဖြစ်ပွားနေသူများ၏ ခံစားနေရသော ဝေဒနာများ၊ ကျန်းမာရေးကောင်းမွန်လာအောင် နေထိုင်ပြုမူပုံတို့နှင့် အကြံပြုချက် စကားတို့ကို ထပ်ဆင့်တင်ပြ မျှဝေအပ်ပါသည်။

ကိုမင်းမင်းစိုးသည် ကိုဗစ်ကူးစက်သည့်ရက်မှ စရေတွက်လျှင် ငါးရက်အတွင်း ဝေဒနာခံစားခဲ့ရပြီး ခြောက်ရက်မြောက်နေ့တွင် သက်သာကောင်းမွန်ခဲ့ရကြောင်း သူက ဆိုသည်။ စတင်ကူးစက်ချိန်က နေအိမ်သားများမှ တစ်ဆင့်ကူးစက်ခံရခြင်းဖြစ်ပြီး Mask နှစ်ထပ်တပ်ခြင်း၊ လက်ဆေးခြင်းများလည်း လိုက်နာကြောင်း၊ အိမ်ပြင်ထွက်လေ့လည်း မရှိကြောင်း၊ မည်သို့မည်ပုံကူးစက်ခံ လိုက်ရမှန်း နားမလည်ကြောင်း ရှင်းပြသည်။ ကိုဗစ်ရောဂါ ခံစားရချိန် အစားအသောက်များကို စားချင်စိတ်မရှိလည်း ကိုယ်ခံအားကောင်းစေရန် စားသောက်နေထိုင်ခဲ့သဖြင့် ငါးရက်မြောက်နေ့တွင် အနံ့ပြန်ရလာခြင်းဖြစ်ကြောင်း သိရသည်။

သူ၏နေအိမ်တွင် စျေးတွင်စျေးရောင်းသော ဇနီးသည်အမျိုးသမီးကို စတင်စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် သူမအား Quarantine Center သွားရောက်နေထိုင်စေပြီး နေအိမ်ရှိ ကျန်အိမ်သားများကိုလည်း စစ်ဆေးရာမှ အိမ်သားငါးဦးတွင် ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဇနီးသည် ကွာရန်တင်းစင်တာရောက်ပြီး နှစ်ရက်အကြာတွင် ကိုမင်းမင်းစိုးတို့ နေအိမ်ရှိ အိမ်သားများတွင် ရောဂါလက္ခဏာများ ပြလာခြင်းဖြစ်ကြောင်း၊ ဖြစ်ဖြစ်ချင်း လက္ခဏာမပြဘဲ လူကောင်းအတိုင်းပင်ရှိကြောင်း၊ စစ်ပြီးနှစ်ရက်အကြာတွင် ကိုယ်လက်ကိုက်ခဲခြင်း အနံ့ပျောက်ခြင်းများ ဖြစ်လာရကြောင်း ဆိုသည်။

“ပထမဆုံး ညောင်းကိုက်သွားတာ။ ခါးဆစ်တွေ ကိုက်လာတာ။ ဒါကပထမရက်။ နောက်ဒုတိယရက်မှာ ခေါင်းတွေကိုက်ပြီး ကိုယ်တွေလက်တွေ ပိုကိုက်လာပြီး မလှုပ်ချင်တော့ဘူး။ အနံ့တွေလည်း ပျောက်သွားတာ။ အစားစားချင်စိတ်တွေပါ ပျောက်လိုက်လာတာ။ သူများတွေပြောတာ ကိုယ်ကမစားရင် ကိုယ့်အဆုတ်တွေကို မွှေတော့မှာပေ့ါ။ ကိုယ်ခံအားမကောင်းရင်လေ။ ထမင်းကို ဆီလေးဆမ်း ကြက်ဥပြုတ်လေးနဲ့ စားတယ်။ မစားချင်လည်း ဝင်အောင်စားတာပေ့ါ။ သူ့ဘာသူတော့ ဝင်သွားတာပဲ။ အနံ့တွေကတော့ ဘာမှမရဘူး။ ကြက်သွန်နီလှီးလည်း အနံ့မရဘူး။ ကျားနှစ်ကောင် ပရုတ်ဆီလည်း လက်ထဲပွတ်ရှူတော့လည်း အနံ့မရဘူး။ သုံးရက်လောက်ကတော့ ဘာမှကိုမစားချင်ဘူး။ အသိမိတ်ဆွေတွေကတော့ စားဖို့ပြောတာနဲ့ စားတယ်။ အနံ့မရတာ ဘာမှမရဘူးဗျာ။ ကြက်သားပြုတ်ကြော်လေး စားပေ့ါ။ ကိုယ့်ပါးစပ်ထဲ ဘာကြီးဝင်သွားမှန်း မသိဘူး။ ကြက်သားတွေ ထမင်းတွေတော့ သိတာပေ့ါ။ အနံ့ခံလို့မရတာ အဲဒီလိုဖြစ်တာ” ဟု ကိုဗစ်ကူးစက်ခံရသူ ကိုမင်းမင်းစိုးက သူ့အတွေ့အကြုံကို ပြောပြသည်။

ကိုမင်းမင်းစိုးသည် တောင်ကြီးမြို့ရှိ သတ်မှတ်ထားသော Quarantine Center တွင် သွားရောက်နေထိုင်ခဲ့ပြီး ထိုစင်တာတွင် နှစ်ရက်တစ်ကြိမ် ကျန်းမာရေးအားကစားများ ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက်ရကြောင်း၊ ကျန်းမာရေး ဆေးဝါးပစ္စည်းများနှင့် စားသောက်စရာများ ထောက်ပံ့ပေးခြင်းမရှိခဲ့ကြောင်း သိရသည်။ စင်တာတွင် ဆရာဝန်မရှိသော်လည်း အရေးပေါ်အတွက် အောက်ဆီဂျင်အိုးများ သိုလှောင်ထားရှိသည်ကို သိရကြောင်း သူကဆိုသည်။ မိမိလိုအပ်သော ဆေးဝါးနှင့် စားသောက်စရာများကို ပြင်ပတွင် မိသားစုထံမှာယူ၍ စင်တာတွင် လာပို့ခိုင်းရကြောင်း သူကဆိုသည်။

“သူက ပုံမှန်တုပ်ကွေးလိုပဲ။ ဒုတိယရက်မှ ခါးဆစ်တွေကိုက်လာတယ်။ နောက်ရက်တော့ တစ်ကိုယ်လုံးကို ကိုက်တာလှုပ်ကို မလှုပ်ချင်တာ။ ကျွန်တော်တို့က ဆီးချို၊ သွေးတိုးမရှိတော့ သုံးရက်တော့ ခံရတယ်။ ငါးရက်ကျော်တော့မှ သူ့ဘာသာသူ အနံ့ပြန်ရလာတယ်။ ငါးရက်ကို သုံးရက်လောက် အိပ်ရာထဲလှဲချင်နေတာ အသည်းအသန်ကို ခံစားရတယ်။ ခေါင်းတွေကိုက်ပြီး မထောင်နိုင်ဘူး။ နုန်းနေတာပေ့ါ။ ပုံမှန်တော့ ကိုယ်လက်ကိုက်ခဲပြီး အနံ့တွေပျောက်သွားတာပေ့ါ။ ရောဂါအခံ၊ ဆီးချိုဘာညာရှိရင်တော့ အောက်ဆီဂျင်ကျပြီး ဝုန်းခနဲဖြစ်ပြီး ဆရာမနိုင်တော့ဘူး။ ကျွန်တော့် စခန်းအတွေ့အကြုံပေ့ါဗျာ။ ကွာရန်တင်းစင်တာမှာတော့ အစားအသောက် လာရောက်လှူဒါန်းသူရှိတော့ အဆင်ပြေတယ်။ တစ်ခါတစ်ခါတော့ အန်ချင်တယ်။ အန်လိုက်တော့ သက်သာသွားတာ တစ်ကြိမ်တော့ ဖြစ်တယ်။

ကျွန်တော့်အတွေ့အကြုံနဲ့ဆိုရင် အကောင်းကြီးကနေ ကိုက်ခဲဖျားပြီး နှာမွှန်ပြီး အနံ့မရတော့ဘူးဆိုရင် ဘာမှကြောက်စရာမလိုဘူး။ ထမင်းဆီဆမ်း၊ ကြက်ဥပြုတ်တွေ စားသင့်သလောက်တော့ စားရမယ်။ ဆန်ပြုတ် စွပ်ပြုတ်တွေ မစားချင်ဘူးဆိုလည်း စားသင့်တယ်။ ငါးရက်ကျော်ပြီး အနံ့တွေဘာတွေ ပြန်ရချိန်မှာတော့ အကုန်လန်းလန်းဆန်းဆန်းကို ပြန်ဖြစ်သွားတာ အဲဒီလိုပဲ။ အကောင်းပကတိ ဖြစ်သွားတာ။ လမ်းလေးဘာလေး လျှောက်ပေ့ါ ဒါပဲ။ ကျွန်တော်ဆိုရင် ချောင်းတော့မဆိုးဘူး။ တချို့တော့ ချောင်းဆိုးတယ်။ သလိပ်တွေ ဘာတွေပွလာတော့မှ ရေနွေးလေး သောက်ရတာပေ့ါ။ စင်တာမှာ အောက်ဆီဂျင်တိုင်းစက်၊ သွေးပေါင်ချိန်တိုင်းစက်ပဲ ထားပေးတယ်။ ဆေးတော့မပေးဘူး။ ကိုယ့်ဘာသာကိုယ် ကျန်းမာရေး ဂရုစိုက်ပြီးနေရတယ်။ ကျွန်တော်လည်း မက်စ်နှစ်ထပ်တပ်တယ်။ လက်ဆေးတယ်။ ဟန်းဂျယ်လည်း သုံးတယ်။ ဒီဟာကြီးက သူ့ဘာသူ ဝင်လာတာဗျ။ ကျွန်တော့်အသိတွေထဲမှာလည်း အဲဒီလိုပဲအိမ်မှာပဲနေတာကို ဖြစ်သွားတာပေါ့နော်။ ဒါကြီးက ကျွန်တော့်အထင် ရာသီတုပ်ကွေးနဲ့ ကိုဗစ်နဲ့ သွားပူးတာလား မသိဘူး။ လက်ဆေးတယ်ဗျ။ ဒါပေမဲ့ ဖြစ်ချင်ဖြစ်တာပဲ။ ကျွန်တော်နဲ့အတူ စင်တာမှာတွေ့တဲ့သူကလည်း ရပ်ကွက်ထဲ အိမ်ငှားနေတာ။ အိမ်ရှင်ရဲ့သားမှာ တွေ့တာ။ အဲဒီတစ်ရပ်ကွက်လုံးမှာ အဲဒီအိမ်ကို ရပ်ကွက်ကနေ မိုးကုတ်ဝိပဿနာကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာခိုင်းတာပေ့ါ။ အဲဒီမှာ နှစ်ယောက်လားပဲ လွတ်တာအကုန်တွေ့တာ။ တွေ့တာကလည်း သန်သန်မာမာကြီးတွေ။ ချောင်းလည်းမဆိုးဘူး။ ဘာမှမဖြစ်ဘဲ ၁၀ ရက် နေသွားရသူတွေလည်း ရှိတယ်။ မသိဘူးဗျာ။ ကျွန်တော်တို့လည်း ကောင်းနေတာပဲ။ နှာလည်းမစေး ချောင်းလည်းမဆိုးဘူးတဲ့။ ကျွန်တော့်အခန်းကပ်လျက်မှာနေသွားတဲ့ ကောင်လေးသုံးယောက်လည်း အတူတူပဲ။ သူတို့ ၁၀ ရက်သာ ပြည့်သွားတယ်။ ဘာမှကိုမဖြစ်တာ။ လူက စိတ်ဓာတ်ကျသွားတာပေ့ါ။ အဲဒီဟာက စိတ်ဓာတ်နဲ့လည်း ဆိုင်တယ်။ စိတ်ဓာတ်ခွန်အား မြင့်တင်နေဖို့လိုတယ်” ဟု ပြန်လည်ကောင်းမွန်လာသော ကိုမင်းမင်းစိုးက ပြောသည်။

ဘောလုံးပွဲများကို ကြည့်ရင်း ညဘက်အိပ်ရေးပျက်ရာမှ စတင်၍ တုပ်ကွေးဖျားနာရာမှ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ငါးရက်ကျော် ပြန်လည်ကောင်းမွန်လာသော်လည်း ညဘက်အိပ်မရသောဝေဒနာ ကျန်ရစ်ကြောင်း ကိုဇေယျာငြိမ်းက သူ့အတွေ့အကြုံကို ရှင်းပြသည်။

“အဓိကတော့ အိပ်ရေးပျက်ရာကနေ စတာပေ့ါ။ ကျွန်တော်က ယူရိုဘောလုံးပွဲတွေ ဘာတွေကြည့်တော့ အိပ်ရေးပျက်ရာကနေ ဖျားတာပေ့ါ။ ပိုးကတော့ အရင်ကတည်းက ဝင်ပြီးသားနေမှာပေ့ါ။ သုံးရက်လောက်ဖျားတယ်။ တစ်ရက်လောက် သက်သာတယ်။ ငါးရက်လောက်ဖျားတယ်။ အဖျားတော့ ပျောက်သွားပေမဲ့ ချောင်းဆိုးကျန်တယ်။ ဝမ်းသွားတယ်။ ခေါင်းကိုက်တယ်။ ခုချိန်အထိတော့ ညဘက်အိပ်မပျော်တာဖြစ်တယ်။ ဖျားတဲ့ဆေးပဲ သောက်ပြီးနေခဲ့တာ။ ကျွန်တော်တို့က လူငယ်ဆိုတော့ ကိုယ်ခံအားကောင်းတော့ အရမ်းကြီး တခြားဆေးမလိုဘူးထင်တယ်။ အဓိကတော့ အစားစားတာပေ့ါ။ စားတော့အဖျားလည်း မတာရှည်လိုက်သလိုပဲ။ အကြံပေးချင်တာကတော့ အစားဝင်အောင်စားဖို့ပဲ။ ကိုဗစ်ကအစားဝင်အောင်စားဖို့ အရေးကြီးတယ်လို့ ထင်တယ်။ ကျွန်တော်နဲ့ အတူနေတဲ့သူတွေကလည်း အစားဝင်အောင် စားတဲ့သူတွေက မြန်မြန်သက်သာတယ်။ အစားဝင်နည်းတဲ့သူကတော့ ရက်ရှည်ခံရတာပေ့ါ” ဟု ကိုဇေယျာငြိမ်းက သူ့အတွေ့အကြုံကို ရှင်းပြသည်။

တစ်ယောက်နှင့်တစ်ယောက် ရောဂါဝေဒနာ ခံစားရပုံချင်း မတူညီကြောင်း၊ ကိုယ်ခံစွမ်းအားအပေါ် မူတည်၍ ကျန်းမာရေးကောင်းမွန် သက်သာလာကြောင်း ကိုဗစ်ရောဂါ ပျောက်ကင်းသက်သာလာသော မလှလှက သူ့အတွေ့အကြုံကို ရှင်းပြသည်။

“ဖျားတာကနေ ချောင်းဆိုးလာတာ။ ဒီလိုပဲလေ ရာသီတုပ်ကွေးလိုလိုနဲ့ ဖျားတာ။ ကျွန်မဖျားတာက သုံးရက်လား နှစ်ရက်လားမသိဘူး ဖြစ်တာဒီလိုပဲ။ သူ့လက္ခဏာ အကုန်ပြတာ ခံစားရတာပဲ။ အကုန်ဖြစ်တာပဲ။ ဒါပေမဲ့ ဖြစ်ချင်သူဖြစ်တယ် မဖြစ်ချင်တဲ့သူ မဖြစ်ဘူးလေ။ ခန္ဓာကိုယ်ချင်း ကွာသေးတယ်လေ။ တချို့ဆို မင်းသမီးမင်းသားအတိုင်းပဲ ကနေတာပဲ။ ဒါကတော့ ရောဂါဝေဒနာ အခံရှိသလို ဖြစ်တာပေ့ါ။ ရင်ဘတ်တွေ အောင့်တာလည်း ရှိတာပေ့ါ။ ခဏနေ အောင့်လိုက် မအောင့်လိုက်ပေ့ါ။ ချောင်းလေးတော့ နည်းနည်းတော့ ကျန်တာပေ့ါ” ဟု ကိုဗစ်ရောဂါ ပျောက်ကင်းသက်သာလာသော မလှလှက သူ့အတွေ့အကြုံကို ရှင်းပြသည်။

စားဝတ်နေရေး ထောက်ပံ့ရန်နှင့် စိတ်ဓာတ်မြှင့်တင်ရေး အားပေးရန်လိုအပ်

တောင်ကြီးမြို့ရှိ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သောက်ရေသန့်လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်စသည့် လုပ်ငန်းစုတွင် ဆောင်ရွက်နေသော ဝန်ထမ်းတစ်ဦးဖြစ်သူ မနွယ်နီပြောကြားချက်အရ ကိုဗစ်ရောဂါသည် ကြောက်စရာမဟုတ်ကြောင်းနှင့် ရောဂါဝေဒနာ ကူးစက်ခံထားရသူများသည် အားငယ်သွားတတ်သဖြင့် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးရန် အားပေးစကားများများ ပြောပေးကြရန် လိုအပ်ကြောင်း ထောက်ပြသည်။ ထို့ပြင် ရောဂါခံစားနေရချိန် ကောင်းမွန်စွာအိပ်စက် အနားယူရန် လိုအပ်ကြောင်း၊ ဘာသာရေးကိုလည်း မမေ့သင့်ကြောင်း၊ စိတ်တည်ငြိမ်စေရန် တရားထိုင်ခြင်းနှင့် အောက်ဆီဂျင် ကောင်းမွန်စွာ ရရှိစေရန် အသက်ရှူလေ့ကျင့်ခန်းကိုလည်း လုပ်ပေးသင့်ကြောင်း သူမကအကြံပြုထားသည်။

“ဝန်ထမ်းတွေက ပေါ့စတစ်မြင်လိုက်တာနဲ့ လန့်သွားကြတာ။ ကြောက်တယ်ဆိုတာထက် အားငယ်သွားကြတာ။ ကိုယ်တွေက အတည်ပြုလူနာတွေကို အားပေးရတယ်။ သူတို့က ဘာပြောလဲဆိုတော့ အလုပ်အကိုင်။ သူတို့က အလုပ်မပျက်ချင်ဘူး။ လစာမရရင် အဆင်မပြေဘူး အဲဒီလိုပေ့ါ။ အစိုးရအနေနဲ့ ထောက်ပံ့နိုင်တာမရှိဘူး။ ဝန်ထမ်းတွေကို Test Kit နဲ့ စစ်ပေးရတယ်။ သူတို့က ဘာမှမဖြစ်ဘူး။ တချို့လည်ချောင်း နည်းနည်းနာတယ်။ တချို့နှာစေးတာ ရှိတယ်။ ဘာမှမဖြစ်ကြဘူး။ ကိုယ်တွေကကူးမှာ ကြောက်တာထက် သူတို့ကိုအားပေးစကား ပြောပေးရတယ်။ အိမ်သားတွေကိုလည်း ပြန်စစ်ပေးရတယ်။ ဆေးတွေကိုလည်း အိမ်တိုင်ရာရောက် ပို့ပေးတယ်။ အလုပ်ထုတ်လိုက်ပြီလားပေ့ါ။ ပေ့ါစတစ်တွေကို အလုပ်နားလိုက်တယ်။ အလုပ်မထုတ်ဘူး။ လစာပေးတယ်။ ဆေးတွေလည်း ပို့ပေးတယ်။ အခုကတော့ အလုပ်တွေက နားထားတာတော့ ဟုတ်တယ်။ ဒီရောဂါ ကိုယ်ခံအားမှာ မူတည်မယ်ထင်တာပဲ။ အာဟာရရှိတာတွေ စားဖို့၊ ဘယ်လိုအခြေအနေဖြစ်ဖြစ် အိပ်ရာထဲလဲမသွားဖို့ အဲဒီလိုတော့ အားပေးပါတယ်။ ဟိုတယ်လုပ်ငန်းမှာလည်း ဝန်ထမ်းရှိသလောက် ၂၀ ဦးဆိုလည်း အကုန်လုံးကို Test Kit စစ်ပေးရတယ်။ ရောဂါပိုးတွေ့ရင်လည်း နားထားရတယ်။ ဆောက်လုပ်ရေးဆိုက်တွေကိုတော့ အကုန်နားလိုက်ရတယ်။ နေ့စားသမားတွေကိုတော့ ထိန်းချုပ်လို့မရဘူး။ ဆိုက်တွေအကုန်လုံး ပိတ်လိုက်ရတယ်ရှင့်။ နောက်ပြီး အရောင်းဆိုင်လည်း နားထားရတယ်။ ဟိုတယ်ကတော့ ပိတ်ထားရတယ်။ တည်းနေသူတွေတော့ ရှိတာပေ့ါ။ သူတို့လည်း ဘယ်မှတော့မသွားကြဘူး။ ပိတ်ထားတဲ့သဘောပါပဲ။ ဝန်ထမ်းက သန့်ရှင်းရေးတို့ဘာတို့ ရှိတာပေ့ါ။ သောက်ရေသန့်ကတော့ အလှည့်ကျဂျူတီနဲ့ ပို့ပေးရတယ်။ ရေကစားသောက်ကုန်ထဲပါတယ် ဆိုတော့နားလိုက်လို့မရဘူး။ အရောင်းထွက် သွားနေရတယ်ရှင့်” ဟု ဝန်ထမ်း မနွယ်နီက ဆိုသည်။

တောင်ကြီးမြို့နယ်တွင် သြဂုတ် ၉ ရက်က ကိုဗစ်ကပ်ရောဂါ အတည်ပြုလူနာ ၄၇ ဦး ထပ်တွေ့ပြီး သေဆုံးလူနာ လေးဦးရှိကာ ဆေးရုံ တက်ရောက်ကုသနေသော လူနာပေါင်း ၉၀၀ ကြောင်း တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

သြဂုတ် ၃ ရက်ထုတ်ပြန်ချက်တွင် အတည်ပြုလူနာပေါင်း ၂၀၀၇ ဦး၊ သေဆုံးလူနာပေါင်း ၁၁၈ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သြဂုတ် ၄ ရက်တွင် အတည်ပြုလူနာသစ်ပေါင်း ၁၇၃ ဦး၊ သေဆုံးလူနာကိုးဦး၊ သြဂုတ် ၅ ရက်တွင် ပိုးတွေ့လူနာ ၈၆ ဦး၊ သြဂုတ် ၆ ရက်တွင် ပိုးတွေ့လူနာ ၉၁ ဦး၊ သေဆုံးလူနာတစ်ဦး၊ သြဂုတ် ၇ ရက်တွင် လူနာ ၆၀ ဦး၊ သေဆုံးလူနာ ၁၀ ဦး၊ သြဂုတ် ၈ ရက်တွင် လူနာသစ်ရှစ်ဦး၊ သေဆုံးငါးဦး၊ သြဂုတ် ၉ ရက်တွင် လူနာ ၄၇ ဦး၊ သေဆုံးလူနာလေးဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ တတိယလှိုင်းကာလအတွင်း အတည်ပြုလူနာပေါင်း ၂၄၇၂ ဦးနှင့် ရောဂါပိုးကြောင့် သေဆုံးလူနာပေါင်း ၁၄၇ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် နေအိမ်ပြင်ပထွက်ခွင့်ကတ်မပါရှိဘဲ အပြင်ထွက်သွားလာသူ တောင်ကြီးမြို့မှ ၁၃ ဦးနှင့် အေးသာယာမြို့မှ သုံးဦး စုစုပေါင်း ၁၆ ဦးအား သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သြဂုတ် ၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။