သတင်းမီဒီယာဆိုင်ရာ ဘက်လိုက်မှုများ

သတင်းမီဒီယာဆိုင်ရာ ဘက်လိုက်မှုများ
Published 14 August 2021

သတင်းမီဒီယာဆိုင်ရာ ဘက်လိုက်မှု (Media Bias) သည် သတင်းရေးသားသူ ဂျာနယ်လစ်များနှင့် သတင်းထုတ်ဝေသူတို့က လူထုမီဒီယာကိုအသုံးချပြီး ပကတိတရားကို ဖုံးကွယ်ကာ ဘက်လိုက်တင်ပြမှုမျိုးကို ခေါ်ဆိုသည်။ ဘက်လိုက်မှုဆိုသည်မှာ သတ်မှတ်ချက်တစ်ခုခုကို သွေဖည်ပြီး လမ်းကြောင်းပြောင်းသွားခြင်းဖြစ်သည်။ မီဒီယာဘက်လိုက်မှုဆိုသည်မှာ သတင်းသမားတို့ လိုက်နာစောင့်ထိန်းအပ်သည့် ကိုယ်ကျင့်တရားနှင့် စံသတ်မှတ်ချက်များကို ချိုးဖောက်ပြီး လူပုဂ္ဂိုလ်အရသော်လည်းကောင်း၊ ရေးသားသည့် သတင်းဆောင်းပါးများဖြင့်သော်လည်းကောင်း ဘက်လိုက်ခြင်းကို ခေါ်ဆိုသည်။

သတင်းဘက်လိုက်မှုတွင် သတင်းထိန်ချန်မှုလည်း ပါဝင်သည်။ သတင်းဆိုသည်မှာ အားလုံးဖော်ပြရန် မဟုတ်သော်လည်း အချို့သော တိုင်းပြည်များတွင် အစိုးရ၏လွှမ်းမိုးမှုကြောင့် သတင်းအမှန်ကို အပြည့်အစုံတင်ပြ၍ မရနိုင်သည်များလည်း ရှိနိုင်သည်။ တစ်ခါတစ်ရံတွင် စျေးကွက်အနေအထားအရလည်း သတင်းဘက်လိုက်မှုများ ရှိနိုင်သည်။ ဥပမာအားဖြင့် သတင်းမီဒီယာကို ပိုင်ဆိုင်သူကြောင့်၊ သတင်းပိုင်ဆိုင်သူနှင့် ပတ်သက်မှု အနေအထားကြောင့်၊ သတင်းဖတ်သူအနေအထားကြောင့်၊ ကြော်ငြာသူ၏ ဖိအားများကြောင့်လည်း သတင်းဘက်လိုက်မှု ရှိနိုင်သည်။

သတင်းမီဒီယာဘက်လိုက်မှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာ စောင့်ကြည့်ရေးအဖွဲ့ (Watchdog Groups) များ နိုင်ငံတကာတွင် ခေတ်စားလာသည်။ ထိုအဖွဲ့သည် သတင်းမီဒီယာလောက၏ ဘက်လိုက်ပြီး ရေးသားဖော်ပြချက်များကို ပြန်လည်ဖော်ထုတ် တင်ပြပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။ သတင်းဘက်လိုက်မှုသည် များသောအားဖြင့် နိုင်ငံရေးပါတီများ၊ ပြည်သူ့ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးဝါဒသဘောတရားများတွင် သိသာမြင်သာ ပေါ်ထွက်လာတတ်သည်။

အခြားမီဒီယာဘက်လိုက်မှုများအနေဖြင့် ကြော်ငြာဘက်လိုက်မှု (ကြော်ငြာရှင် ကျေနပ်နှစ်သက်မှုရစေရန် သတင်းဆောင်းပါးကို သာသာထိုးထိုး မြှောက်ပင့်ရေးသားခြင်း)၊ ကုမ္ပဏီအသင်းအဖွဲ့ဘက်လိုက်မှု (ကုမ္ပဏီပိုင်ရှင် ကျေနပ်စေရန် သတင်းဆောင်းပါးကို မြှောက်ထိုးပင့်ကော်ရေးသားခြင်း)၊ ခေတ်ရေစီးကြောင်းအတိုင်း ဘက်လိုက်မှု (မင်းသားမင်းသမီး နာမည်ကြီးသူများ သို့မဟုတ် နာမည်မရသေးသူများကို မသိမသာ ထိုးတင်ပေးခြင်း) နှင့် လူပြိန်းကြိုက်ဘက်လိုက်မှု (ကြုံခေါင့်ကြုံခဲသတင်းများ ဥပမာ- လေယာဉ်ပျက်ကျသည့် သတင်းနှင့် သာမန်သတင်းများ။ ဥပမာ- ကားတိုက်သည့် သတင်းများတွင် သာမန်အဖြစ်အပျက်ထက် ထူးကဲစွာစိတ်ခံစားမှုများ ထည့်သွင်းရေးသားခြင်း) တို့ ရှိကြသည်။ အခြားဘက်လိုက်မှုများတွင် လူမျိုးရေး၊ အသားအရောင်၊ ဘာသာရေး၊ လိင်ခွဲခြားမှု၊ အသက်အရွယ်၊ ပတ်ဝန်းကျင်၊ လူမျိုးစုများလည်း ပါဝင်ပတ်သက်နိုင်သည်။

ရစ်ချတ်အယ်လင်နယ်ဆင်ဆိုသူက ၂၀၀၄ ခုနှစ်တွင် Tracking Propaganda to the Source: Tools for Analyzing Media Bias ဟူသည့် စာအုပ်တစ်အုပ်ရေးခဲ့သည်။ သူက သတင်းမီဒီယာ ဘက်လိုက်မှုရှိ မရှိကို အချက် ၁၂ ချက်ဖြင့် တိုင်းတာနိုင်ကြောင်း ဖော်ပြထားသည်။ ထိုအချက်များမှာ (၁) ထိုသတင်းသမား (ဂျာနယ်လစ်) ၏ နိုင်ငံရေးရာ၊ ယဉ်ကျေးမှုဆိုင်ရာ အမြင်သဘောထား (အထူးသဖြင့် ထိုသူသည် မီဒီယာလောကတွင် အခြေကျနေသည့် အီလစ်/အကြံပြုနိုင်သည့် ၀ါရင့်သမ္ဘာရင့်လား၊ သတင်းသမားပေါက်စ အလုပ်သင်လေးလား)၊  (၂) ထိုသတင်းသမား၏ ယခင်အသက်မွေးဝမ်းကျောင်းအလုပ်နှင့် ဆက်နွှယ်ခဲ့မှုများ၊ (၃) နိုင်ငံရေးနှင့်ပတ်သက်၍ဖြစ်စေ၊ လုပ်ငန်းနှင့်ပတ်သက်၍ဖြစ်စေ သူ့အမြင်သူ့အတွေး ထုတ်ဖော်ချက်များ/ ထိုသူ၏ ရပ်တည်ချက်သဘောထားအမြင်၊ (၄) ထိုသူ၏ လေ့လာမှုအား/စာဖတ်အား/ကောက်ချက်ချနိုင်မှု၊ (၅) သတင်းဇာတ်လမ်း တစ်ခုအပေါ် သုံးသပ်အား/အကြံပြုနိုင်စွမ်း၊ (၆) သတင်းဖြစ်စဉ်တစ်ခုအပေါ်တွင် နှိုင်းယှဉ်သုံးသပ်နိုင်စွမ်း၊ (၇) အကောင်းမြင် သို့မဟုတ် အဆိုးမြင် ဘက်နှစ်ဘက် ပိုင်းဖြတ်သုံးသပ်နိုင်စွမ်း၊ (၈) မီဒီယာတွင် ဆုံးဖြတ်သုံးသပ်နိုင်သူတစ်ယောက်အနေဖြင့် အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်စွမ်း၊ (၉) သတင်းလား ကြော်ငြာလား အတင်းလား သတင်းလား ပိုင်းဖြတ်နိုင်စွမ်း၊ (၁၀) ၀ါဒဖြန့်တာလား သတင်းလား ပြည်သူအတွက်လား အစိုးရအတွက်လား ခွဲခြားပိုင်းဖြတ်နိုင်စွမ်း၊ (၁၁) ကျွမ်းကျင်ပညာရှင် ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် အစရှိသူတို့၏ ပြောဆိုရေးသားချက်များကို အဆိုးအကောင်း အကျိုးအကြောင်း ကောင်းစွာ ယှဉ်ပြဖော်ထုတ်နိုင်စွမ်းနှင့် (၁၂) သူရရှိထားသည့် ခံစားခွင့်လစာများ သူနှင့် နောက်ကွယ်အဖွဲ့အစည်းများ ပတ်သက်မှု အထောက်အပံ့ခံ ဟုတ်မဟုတ် စသည်တို့ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ သတင်းသမားများအနေဖြင့် သတင်းမီဒီယာဆိုင်ရာ ဘက်လိုက်မှုများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန် လိုအပ်သကဲ့သို့ ဖတ်ရှုသူများအနေဖြင့်လည်း သတင်းများ၌ ဘက်လိုက်မှုရှိမရှိကို ဆန္ဒစွဲကင်းစွာ မှန်မှန်ကန်ကန် အကဲဖြတ်တတ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ် ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent