၀ါခေါင်သည် မြန်မာပြက္ခဒိန်၏ ပဥ္စမမြောက်လ ဖြစ်သည်။ ၀ါခေါင်လတွင် ၂၉ ရက် ရှိသည်။ ရက်မစုံသောလဖြစ်သည်။ ကျောက်စာတို့၌ ၀ါခေါင်လအရေးအသားကိုတွေ့ရန် ခဲယဉ်းသည်။ ထို့ကြောင့် ၀ါခေါင်လကို ယခုခေတ်သုံးစကားနှင့်ပင် ကြံဆ၍ ရနိုင်သည်။ “ခေါင်” ဟူသောဝေါဟာရသည် အထက်၊ အလယ်၊ ဗဟို၊ အတွင်းဟူ၍ အဓိပ္ပာယ်ကောက်ယူနိုင်သည်။ ၀ါခေါင်လသည် ၀ါလယ်လပင်ဖြစ်သည်။ လှေသင်းအတွင်းဝန်မင်းကမူ “ခေါင်” ကို “မိုးခေါင်သည်” ဟူသောအနက်ကဲ့သို့ကောက်၍ ၀ါခေါင်ဆိုသည်မှာ ၀ါမဆို၊ ၀ါမကပ်ဟူသောသဘောသို့ သက်ရောက်သည်ဟု ဆိုသည်။ စင်စစ် ၀ါခေါင်လပြည့်ကျော် ၁ ရက်နေ့၌ ရဟန်းတော်တို့သည် ပစ္ဆိပဝါကို ကပ်နိုင်သည်။ ၀ါခေါင်လကိုကျောက်စာ၌ “နံကာ” ဟုအရေးများသည်။ “နံ” ဟူသောပုဒ်အတိုင်းပင် အချိန်ကာလကိုပြသည်။ “ကာ” ကို ကြံဆသောအခါ လယ်လုပ်ငန်းဟူ၍ပြဆိုသည်။ ထို့ကြောင့် “နံကာ” ကား လယ်လုပ်ချိန်၊ လယ်ထွန်ချိန်နှင့်ဆိုင်သောလဟု အဓိပ္ပာယ်ရသည်။ ဝေါဟာရလိနတ္ထဒီပနီ၌ကား နံကာသည် နိက္ခမနိယဟူသော ပါဠိမှ လာသည်ဟုဆိုသည်။ အဓိပ္ပာယ်မှာ “နေသည်အတွင်းခရီးမှ အပြင်ခရီးသို့ ထွက်ခြင်း” ပင် ဖြစ်သည်။ မျက်မှောက်ခေတ်တွင် ဤကြံဆပုံ ကြံဆနည်းကို အတွေးခေါင်သည်ဟု ဆိုကြပေလိမ့်မည်။
၀ါခေါင်လတွင် ရှေးမြန်မာမင်းများ ရှိစဉ်အခါက ရာသီပွဲတော်အဖြစ် စာရေးတံပွဲသဘင်ကို ဆင်ယင်ကျင်းပလေ့ရှိသည်။ ယင်းကိုရည်ညွှန်း၍ ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့လူးတား ၀ါခေါင်လဘွဲ့၌ - “ရုတုဝါခေါင်၊ တိမ်တောင်ပတ်ယှက်၊ သည်ရက်အခါ၊ မြတ်စွာထွတ်ထား၊ ရွှေစကားတွင်၊ ပွဲများခြိမ့်ခံ၊ စာရေးတံဟု၊ စီမံခင်းကျင်း၊ မင်းသားတသီး၊ မင်းသမီးနှင့်၊ မှူးကြီးမတ်ရာ၊ မြတ်သင်္ဃာတို့၊ ရတနာထွေပြား၊ အပါးပါးနှင့်၊ သကြားကြံချို၊ ဆိမ့်ယိုအုန်းသီး၊ ပျောသီးရွှေရောင်၊ မြဒေါင်းပေါင်တွင်၊ အသာတင်၍၊ သဘင်ခံပွဲ၊ ညံမစဲသား၊ ပုလဲရွှေမြင်၊ ငါးအင်ကလျာ၊ မိုးသူဇာသို့၊ ဖလ်ပြာတကောင်း၊ ရှိစုံပေါင်း၍၊ ဝပ်ညောင်းပန်ကြား၊ လျှောက်ဆိုထားသည်” ဟူ၍ စပ်ဆိုထား၏။
နံကာ (၀ါခေါင်) လမှာ ဇူလိုင်- သြဂုတ်အတွင်းတွင် ကျရောက်ပါသည်။ “နံ” မှာ “အချိန်ကာလအပိုင်းအခြား” ကို ဖော်ပြပြီး “ကာ” က “အလုပ်တာဝန်” ကို ရည်ညွှန်းသည်ဟု ထင်မြင်ယူဆကြသည်။ ထို့ကြောင့် “နံ” နှင့် “ကာ” ကို ပေါင်းလိုက်သောအခါ လယ်သမားဦးကြီးများ အလုပ်ရှုပ်ကြသည့်အချိန်ဟု ဆိုလိုကြောင်း ထင်ရှားသည်။ ကောက်စိုက်သောအခါ အပင်ငယ်များ ဖြစ်ထွန်းအောင် အထူးကြပ်မတ် ဂရုစိုက်ရပြီး ရေကိုလိုသလောက် သွင်းပေးရသကဲ့သို့ အပင်ငယ်များ ရေမမွန်းစေရန်အတွက် ရေပိုမရှိအောင်ချိန်ရသည်မှာလည်း မလွယ်ကူပေ။ အခုအခါတွင် ၀ါခေါင်လဟု ခေါ်ဝေါ်နေကြခြင်းမှာ ၀ါတွင်းသုံးလ၏အလယ် ဖြစ်သောကြောင့် ဖြစ်သည်။ ၀ါခေါင်လ၏ အထိမ်းအမှတ်ပန်းမှာ ခတ္တာပန်း ဖြစ်သည်။
၀ါခေါင်လသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် ပဥ္စမလဖြစ်၏။ မိုးဥတုတွင် ပါဝင်သည်။ ၀ါခေါင်လကို ရှေးအခါက “နံကာလ” ဟုလည်း ခေါ်ကြ၏။ ပုဂံခေတ် ကျောက်စာများတွင် ၀ါခေါင်ဟူ၍လည်းကောင်း၊ နံကာလဟူ၍လည်းကောင်း အရေးအသားနှစ်မျိုးစလုံးကို တွေ့ရ၏။ နံကာလအကြောင်းကို ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ “ထိုနံကာလ သဘောအဓိပ္ပာယ်ကိုကြံသော် အဘိဓာန်ကျမ်းတွင် သာဝဏော၊ နံကာလ၊ နိက္ခမနီယော၊ နံကာလဟူ၍ ပရိယာယ် နှစ်ပုဒ်ပြသည်။ အဘိဓာတ်ဋီကာတွင် အန္တောဝီထိတော ဗဟိ နိက္ခမတိ သူရိယော ဧတ္ထောတိ နိက္ခမနီယော၊ အဓိကရဏေ အနီယောဟူ၍ဖွင့်သည်။ အနက်ကား ဧတ္ထ၊ ဤကာလ၌။ သူရိယော၊ နေသည်။ အန္တော ဝီထိတော၊ အတွင်းခရီးမှ။ ဗဟိဝီထိ၊ ပြင်ခရီးသို့။ နိက္ခမတိ၊ ထွက်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့် နိက္ခမနီယော၊ နိက္ခမ နီယမည်၏။ အဓိကရဏေ၊ အဓိကရဏ သာဓန၌၊ အနီယော၊ အနီယပစ္စည်းတည်း ဟူ၍ဆိုသည်။ နိက္ခမနီယ သဒ္ဒါ ရွေ့လျော၍ မြန်မာဘာသာ နံကာလဝေါဟာရဖြစ်သည် ယူရန်ရှိ၏” ဟူ၍ ဖော်ပြထားလေသည်။ နံကာလ၏ အနက်အဓိပ္ပာယ်ကို လယ်လုပ်ချိန်၊ ထွန်ထယ်ချိန်၊ စိုက်ပျိုးချိန်ဟူ၍ ယူဆသည်လည်းရှိ၏။ ဗေဒင်အခေါ်အားဖြင့် ၀ါခေါင်လကို သိဟ်ရာသီဟု ခေါ်၏။ ထိုရာသီတွင် သရဝဏ်နက္ခတ်နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်၏။ ဖုသျှနက္ခတ်နှင့် နေမင်း ယှဉ်ပြိုင်လေသည်။ ရာသီရုပ်မှာ ခြင်္သေ့ရုပ်ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ မြန်မာလများအနက် ၀ါခေါင်လသည် “လယ်လုပ်ချိန်၊ ထွန်ထယ်ချိန်၊ စိုက်ပျိုးချိန်” ဖြစ်သည်နှင့်အညီ လယ်သမားဦးကြီးများအတွက် အရေးပါသည့် လတစ်လဖြစ်သကဲ့သို့ စိုက်ပျိုးရေးအပေါ် မှီခိုနေရသည့် မြန်မာကဲ့သို့သော နိုင်ငံအတွက်လည်း လွန်စွာအရေးပါသည့် လတစ်လဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
သြဂုတ် ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်








