သြစတြီးယားနိုင်ငံဖွား အမေရိကန် စီမံခန့်ခွဲမှုပညာရှင် ပီတာဒရက်ကာ (၁၉၀၉- ၂၀၀၅) ၏ အလွန်ကျော်ကြားသော စကားတစ်ရပ်ရှိသည်။ ယင်းမှာ “စီမံခန့်ခွဲမှုဟူသည် အရာများကို မှန်ကန်အောင်ပြုလုပ်ခြင်းဖြစ်ပြီး ခေါင်းဆောင်မှုဟူသည် မှန်ကန်သော အရာများကို ပြုလုပ်ခြင်းဖြစ်သည်” ဟူ၍ဖြစ်သည်။
ကမ္ဘာတစ်လွှား COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် လုပ်ငန်းကဏ္ဍအသီးသီးရှိ ခေါင်းဆောင်အဆင့်ဆင့်အတွက် အရေးပါလှသည့် စိန်ခေါ်မှုများကို ဖန်တီးဖြစ်ပေါ်စေခဲ့သည်။ ခေါင်းဆောင်မူဟူသည် မည်သည့်အခါမျှ လမ်းဆုံးမည်မဟုတ်သည့် ခရီးစဉ်တစ်ခုဖြစ်ပြီး စိန်ခေါ်မှုများအား အခွင့်အလမ်းများအဖြစ် ဆင့်ကဲပြောင်းလဲခြင်း၊ လိုက်လျောညီထွေပြုခြင်းနှင့် ပြောင်းလဲခြင်းတို့ လုပ်ဆောင်နိုင်သော အဖွဲ့အစည်းများသည်သာ ရောက်ရှိလာမည့် ကမ္ဘာလောကသစ်၌ ရှင်သန်ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။ ယနေ့နှင့် မနက်ဖြန်တို့၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် လက်တွေ့ရင်းမြစ်များဖြစ်ကြသည့် အကျပ်အတည်းကာလနှင့် ယင်းကာလအလွန်၌ ခေါင်းဆောင်မှု၊ ကြံ့ကြ့ံခံကာ တွန်းလှန်ကျော်လွှားနိုင်မှု၊ ဆန်းသစ်မွမ်းမံမှု၊ ပြောင်းလဲမှုနှင့် လိုက်လျောညီထွေပြုနိုင်စွမ်း၊ Virtual World များနှင့် အဝေးရောက်အလုပ်များ၊ Virtual Teams မှ ပို့ချပေးခြင်းနှင့် အွန်လိုင်းမှ ခေါင်းဆောင်မှုများ အစရှိသည်တို့ ဖွံ့ဖြိုးလာရန် အရေးကြီး၍လာသည်။
ဤနေရာ၌ နိုင်ငံတစ်ခုလုံးကို ဦးဆောင်သူဖြစ်ခဲ့ပါက သူ၏နောက်လိုက်ဟူသည် ပြည်သူတစ်ရပ်လုံးဖြစ်သည်။ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသော်လည်း ခေါင်းဆောင်မှုလုပ်ငန်းစဉ်ကို ဘုံသတ်မှတ်ချက်ထုတ်လိုက်ပါက အတူတူပင် ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာကို ပြီးမြောက်အောင်မြင်စေရန်အတွက် လူတစ်ဦးက အခြားသူများအပေါ် သြဇာလွှမ်းမိုးသက်ရောက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပြီးမြောက် အောင်မြင်နိုင်ရန်အတွက် ခေါင်းဆောင်များသည် သူတို့၏ ခေါင်းဆောင်မှုဆိုင်ရာ အသိဉာဏ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးပြုရသည်။
ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျွမ်းကျင်မှုနှင့် အသိဉာဏ်ပညာကို အသုံးပြုကာ ခေါင်းဆောင်မှု လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် သူ၏ယုံကြည်ချက်များ၊ တန်ဖိုးထားမှုများ၊ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာများ ကဲ့သို့သော ပင်ကိုအရည်အသွေးများက သူ၏ခေါင်းဆောင်မှုလုပ်ငန်းစဉ်အပေါ် လွှမ်းမိုးသက်ရောက်မှုရှိသည်။ အသိဉာဏ်ပညာနှင့် ကျွမ်းကျင်မှုက ခေါင်းဆောင်မှုလုပ်ငန်းစဉ်အပေါ် တိုက်ရိုက်သက်ရောက်သည်ဟုဆိုလျှင် သူ၏ပင်ကိုအရည်အသွေးများက သူ့အား အခြားသူများမှနေ၍ အတုမရှိအောင် ကွဲပြားခြားနားသည့် လက္ခဏာရပ်များကို ဖြစ်စေသည်။
ခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိဘယ်သူလဲ၊ မိမိဘာသိသလဲနှင့် မိမိဘာလုပ်နိုင်သလဲဟူသည်ကို ရိုးသားစွာဖြင့် ရှင်းရှင်းလင်းလင်း သိမြင်ထားရမည်ဖြစ်သည်။ ခေါင်းဆောင်မှုလုပ်ငန်းစဉ် အောင်မြင်ခြင်းရှိ မရှိ ဆုံးဖြတ်ရမည်မှာ ခေါင်းဆောင်ကိုယ်တိုင် မဟုတ်သကဲ့သို့ အခြားတစ်စုံတစ်ဦးလည်းမဟုတ်ဘဲ နောက်လိုက်များသာဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။ နောက်လိုက်များအနေဖြင့် သူတို့၏ ခေါင်းဆောင်အပေါ် မယုံကြည်ပါက သို့မဟုတ် ယုံကြည်မှုနည်းပါးပါက ခေါင်းဆောင်က သူတို့ကို ဆွဲဆောင်နိုင်မည် မဟုတ်ပါ။ သင်ကိုယ်တိုင်၏ ယုံကြည်မှုထက် သင်၏နောက်လိုက်များက သင်၏နောက်သို့ လိုက်ရန် ထိုက်တန်ပါ၏လောဟူသည့် ယုံကြည်မှုက အရေးကြီးသည်။
မည်သို့ပင်ဆိုစေကာမူ ခေါင်းဆောင်ဟူသည် အနေအထားတစ်ရပ်တွင် အကောင်းဆုံးလုပ်ဆောင်နိုင်မည့် လမ်းကြောင်းတစ်ရပ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်သတ် မှတ်ပေးရမည်ဖြစ်သည်။ ယင်းကဲ့သို့ ဆုံးဖြတ်သတ်မှတ်ပေးရာတွင် သူ၏နောက်လိုက်များအနေဖြင့် သူ၏ဦးဆောင်မှုနောက်သို့ လိုက်ရသည်မှာ ထိုက်တန်သည်ဟူသော ယုံကြည်မှု မျိုးရရှိရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
သြဂုတ်လ ၁၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်








