Tour de France မေဂျာစက်ဘီးပြိုင်ပွဲ ကျင်းပပြီးစီးသွားပြီဖြစ်ပြီး ယူအေအီးအသင်းမှ ဆလိုဗေးနီးယား စက်ဘီးသမား ပိုဂါကာ (၂) နှစ်ဆက်တိုက် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
၁၀၈ ကြိမ်မြောက် Tour de France စက်ဘီးပြိုင်ပွဲကို ဇွန် ၂၆ ရက် မှ ဇူလိုင် ၁၈ ရက်အထိ ရက်သတ္တပတ် သုံးပတ်ကျော်ကြာ ကျင်းပခဲ့ပြီး အဆင့်စုစုပေါင်း ၂၁ ခု ယှဉ်ပြိုင်ခဲ့ရသည်။
မူလက ယင်းပြိုင်ပွဲကို ဇူလိုင် ၂ ရက်မှ ၂၅ ရက်အထိ ကျင်းပရန်စီစဉ်ထားသော်လည်း တိုကျိုအိုလံပစ်ပြိုင်ပွဲနှင့် ရက်တိုက်နေသဖြင့် ရှေ့တိုး၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲတွင် အသင်း ၂၃ သင်းမှ ကစားသမားစုစု ပေါင်း ၂၂၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခရီးအကွာအဝေး ၃၄၁၄ ဒသမ ၄ ကီလိုမီတာ (၂၁၂၁ ဒသမ ၆ မိုင်)ကို ယှဉ်ပြိုင်ခဲ့ရသည်။
ချန်ပီယံဆုရရှိသူ ပိုဂါကာသည် အဆင့်အလိုက် ပွဲစဉ်များအနက် တစ်ဦးချင်း စံချိန်ယူပွဲစဉ်ဖြစ်သည့် အဆင့် ၅၊ တောင်တက်တောင်ဆင်းပွဲစဉ်ဖြစ်သည့် အဆင့် ၁၇ နှင့် ၁၈ တွင် အနိုင်ရခဲ့ပြီး စုစုပေါင်းယှဉ်ပြိုင်ချိန် ၈၂ နာရီ ၅၆ မိနစ် ၃၆ စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည်။
၎င်းအနေဖြင့် ဒုတိယနေရာမှ ဒိန်းမတ်စက်ဘီးသမား ဗင်ဂီဂါ့ဒ် (ဂျမ်ဘို-ဗစ်မာအသင်း) ထက် ၅ မိနစ် စက္ကန့် ၂၀ အသာဖြင့်လည်းကောင်း၊ တတိယနေရာမှ အီကွေဒေါစက်ဘီးသမား ကာရာပက်ဇ် (Ineos Grenadiers အသင်း) ထက် ၇ မိနစ် ၀၃ စက္ကန့်အသာဖြင့်လည်းကောင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။
ပိုဂါကာသည် အဆင့် ၈ ပွဲစဉ်မှစ၍ပြိုင်ပွဲပြီးဆုံးချိန်အထိ အဝါရောင်ဂျာစီ (ထိပ်ဆုံးမှဦးဆောင်သူ ဝတ်ဆင်ရသည့် ဂျာစီ) တောက်လျှောက်ဝတ်ဆင်ယှဉ်ပြိုင်ခွင့်ရပြီးနောက် ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အသက် ၂၂ နှစ်သာရှိသေးသည့် ပိုဂါကာသည် Tour de France ပြိုင်ပွဲ တွင် (၂) နှစ်ဆက်တိုက် အနိုင်ရဗိုလ်စွဲခြင်းဖြစ်ပြီး (၂) နှစ်ဆက် ချန်ပီယံဖြစ်ဖူးသူများအနက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင် ပိုဂါကာသည် တောင်တက်တောင်ဆင်းပွဲစဉ်များတွင် ရမှတ်အများဆုံးနှင့် လူငယ်ကစားသမားများအနက် စံချိန်အကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ရမှတ်အများဆုံး အစိမ်းရောင်ဂျာစီဆုကို နာမည်ကြီး ဗြိတိန်စက်ဘီးသမား ကာဗန်ဒစ်ရှ် (Deceuninck - Quick - Step အသင်း) နှင့် အသင်းလိုက်ဆုကို Bahrain Victorious အသင်းတို့က ရရှိခဲ့ကြောင်း သိရသည်။















