စီရော်နယ်လ်ဒိုနှင့် အီကာဒီတို့ကို အလဲအထပ် ပြုလုပ်ရန် ဂျူဗင်တပ်စ် နှင့် PSG တို့ ဆွေးနွေးမည်ဟု သတင်းထွက်ပေါ်လာ

စီရော်နယ်လ်ဒိုနှင့် အီကာဒီတို့ကို အလဲအထပ် ပြုလုပ်ရန် ဂျူဗင်တပ်စ် နှင့် PSG တို့ ဆွေးနွေးမည်ဟု သတင်းထွက်ပေါ်လာ
Photo: Getty Images
Photo: Getty Images
Published 19 July 2021

စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းနှင့် ပြင်သစ်ထိပ်သီးကလပ် PSG အသင်းတို့သည် တိုက်စစ်မှူးများဖြစ်သည့် စီရော်နယ်လ်ဒိုနှင့် အီကာဒီတို့ကို အလဲအထပ်ပြုလုပ်ရန် ဆွေးနွေးကြမည်ဟု မီဒီယာများက ဖော်ပြလျက်ရှိသည်။

ဂျူဗင်တပ်စ်အသင်း၏ နည်းပြဖြစ်သူ အယ်လီဂရီသည် စီရော်နယ်လ်ဒိုကို အလွန်သဘောကျသူဖြစ်ပြီး စီရော်နယ်လ်ဒိုနှင့် လက်တွဲရမည်ကို ဝမ်းမြောက်မိသည်ဟု မကြာသေးမီက ပြောကြားခဲ့သော်လည်း စီရော်နယ်လ်ဒိုကိုယ်တိုင်ကမူ ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာရန် စဉ်းစားလျက်ရှိနေသည်။

ဂျူဗင်တပ်စ်အသင်း၏ အနာဂတ်ခြေလှမ်းများကို စီရော်နယ်လ်ဒိုသည် စိတ်ပျက်လျက်ရှိသလို၊ ချန်ပီယံလိဂ်အောင်မြင်မှုအတွက် အာမခံချက်မရှိသည့် အနေအထားဟု ခံစားနေရသည့်အတွက် အသင်းတွင် ဆက်မကစားလိုတော့ဟု သတင်းများထွက်ပေါ်နေပြီး ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲရန် အသင့်ရှိနေပြီဟုလည်း သိရှိရသည်။

PSG အသင်းသည် ယခုရာသီတွင် ထိပ်တန်းအပြောင်းအရွှေ့များ ပြုလုပ်ထားပြီး ချန်ပီယံလိဂ်အောင်မြင်မှုအတွက် အကြီးအကျယ် ပြင်ဆင်လျက်ရှိသည်။

PSG အသင်းသည် လက်ရှိအချိန်တွင် ရာမို့စ်၊ ဒွန်နာရမ်မာ၊ ဟာကီမီ၊ ၀ိုင်နယ်လ်ဒမ်း စသည့် ကစားသမားများကို ခေါ်ယူထားပြီး အသင်းတွင် နေမာ၊ ဘာပေတို့ကဲ့သို့ ကစားသမားများကိုလည်း ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

တိုက်စစ်ပိုင်းတွင် မက်ဆီကို ထပ်မံအားဖြည့်လိုသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ကုန်ကျစရိတ် အလွန်ကြီးမားနိုင်သည့်အပြင် စီရော်နယ်လ်ဒိုကို ခေါ်ယူမည်ဆိုပါက ဂျူဗင်တပ်စ်အသင်း အလိုရှိနေသည့် အီကာဒီနှင့် အလဲအထပ် ပြုလုပ်နိုင်သည့်အတွက် စီရော်နယ်လ်ဒိုကို ပိုမိုပစ်မှတ်ထားလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အီကာဒီသည် PSG အသင်းထံသို့ မပြောင်းရွှေ့လာမီက ဆမ်ဒိုးရီးယားနှင့် အင်တာမီလန်အသင်းတို့တွင် (၇)နှစ်ကြာကစားခဲ့ပြီး အောင်မြင်သည့် ကစားသမားဘဝကို တည်ဆောက်နိုင်ခဲ့သည်။

သို့ရာတွင် PSG အသင်းတွင်မူ ပုံမှန်နေရာပျောက်ဆုံးလျက်ရှိသဖြင့် စီးရီးအေသို့ ပြန်လည်ပြောင်းရွှေ့လိုနေပြီး၊ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ရန်လည်း စိတ်ဝင်စားနေရာ ယင်းအလဲအထပ်မှာ ဖြစ်ပေါ်လာဖွယ်ရှိသည်ဟု မီဒီယာများက ဆိုနေသည်။ 

Most Read

Most Recent