ပျက်စီးလွယ်သော သို့မဟုတ် ပျက်စီးနေသောနိုင်ငံ

ပျက်စီးလွယ်သော သို့မဟုတ် ပျက်စီးနေသောနိုင်ငံ
Published 13 July 2021

The Fund For Peace(FFP) က မေ ၂၀ ရက်တွင် ထုတ်ပြန်သော ၂၀၂၁ ခုနှစ်အတွက် Fragile States Index တွင် မြန်မာနိုင်ငံသည် အဆင့် ၂၃ ဖြင့် Alert အုပ်စုတွင် ပါဝင်နေသည်ကို ဝမ်းနည်းဖွယ် တွေ့ရှိရသည်။ ယင်း Index သည် နိုင်ငံအားလုံး တွေ့ကြုံနေရသည့် ပုံမှန်ဖိအားများကို မီးမောင်းထိုးပြရုံမျှမက ယင်းဖိအားများက ကျရှုံးမှုချောက်ကမ်းပါးဆီသို့ နိုင်ငံတစ်နိုင်ငံအား တွန်းပို့နေသည့်အချိန်အခါကိုပါ သတ်မှတ်ပေးလျက်ရှိသည့် အလွန်အရေးကြီးသော Tool တစ်ခု ဖြစ်သည်ဟု FFP က ဆိုသည်။ လူမှုသိပ္ပံမူဘောင်နှင့် ဆော့ဖ်ဝဲအသုံးပြုမှုပေါ်၌ တည်ဆောက်လျက် Fragile States Index က အားနည်းချည့်နဲ့ပြီး ကျရှုံးနေသည့် နိုင်ငံများ၌ ဖြစ်ပေါ်နေသည့် သက်ဆိုင်ရာအကြောင်းအရာများကို မီးမောင်းထိုးပြခြင်းဖြင့် နိုင်ငံရေးအန္တရာယ်သုံးသပ်ချက် ပြုလုပ်လျက် မူဝါဒချမှတ်သူများနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်နိုင်ကြရန် ပဋိပက္ခသတိပေးချက်ကို စောစီးစွာထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းလည်း FFP က ပြောကြားထားသည်။

ကမ္ဘာပေါ်တွင် အားကောင်းမောင်းသန်နိုင်ငံများနှင့် ပျက်စီးလွယ်သည့် ချည့်နဲ့သော နိုင်ငံများကို နှိုင်းယှဉ်ရာ၌ အလွန်အားနည်းသည့် နိုင်ငံများကို Failed State ဟုလည်းကောင်း၊ Fragile State ဟုလည်းကောင်း ခေါ်ဆိုခဲ့သည်။ ဝေဖန်သူများစွာတို့သည် နိုင်ငံများ သို့မဟုတ် လူ့အဖွဲ့အစည်းများ မှားယွင်းသွားနိုင်သည့် များပြားလှစွာသော နည်းလမ်းများကို စဉ်းစားရာတွင် အမြင်တစ်ခုတည်းမှကြည့်ခြင်းကို အလွန်ထုံအ,သော အမှုဟု သဘောတူကြသည်။ သပွတ်အူဖွဲ့နေသည့် အကြမ်းဖက်မှုများကို မထိန်းချုပ်နိုင်ခြင်းကြောင့် နိုင်ငံများ ချည့်နဲ့သွားနိုင်သကဲ့သို့ တိုင်းရင်းသားလူမျိုးစုတို့အကြား သို့မဟုတ် နိုင်ငံရေးအရ သဘောထားကွဲလွဲသူများအကြား နာကြည်းချက်များကို ပြန်လည်သင့်မြတ်အောင် မပြုလုပ်နိုင်ခြင်းကြောင့်လည်းကောင်း၊ အိမ်နီးချင်းများနှင့် စစ်ဖြစ်နေသောကြောင့်လည်းကောင်း၊ ရာဇဝတ်မှုများနှင့် ဒုစရိုက်လုပ်ငန်းများအတွက် ကောင်းမွန်သည့်နေရာ ဖြစ်နေသောကြောင့်လည်းကောင်း၊ အဂတိလိုက်စားမှုများ အကြီးအကျယ် ဖြစ်ပေါ်နေသောကြောင့် လည်းကောင်း၊ နိုင်ငံသားတို့၏ လူ့အခွင့်အရေးများကို အကြီးအကျယ် ဖိနှိပ်နေသောကြောင့် လည်းကောင်း ပျက်စီးလွယ်သော နိုင်ငံများအဖြစ်သို့ ဦးတည်သွားတတ်သည်။ အုပ်ချုပ်ရေး၏ မရှိမဖြစ်အရာများကိုပင် စွမ်းဆောင်နိုင်ခြင်း မရှိလောက်အောင် နိမ့်ကျသည့်  စီးပွားရေးနှင့် နိုင်ငံရေးစနစ်များကြောင့် အင်အားချည့်နဲ့ကာ ပျက်စီးလွယ်သော နိုင်ငံများအဖြစ်သို့လည်း ကျရောက်သွားတတ်သည်။

မည်သို့ပင်ဆိုစေကာမူ ပျက်စီးလွယ်သော နိုင်ငံများအဖြစ် သတ်မှတ်ရာတွင် ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) တို့၏ အဓိပ္ပာယ် သတ်မှတ်ချက်များအပါအဝင် ဖော်ပြချက်အသီးသီးတို့နှင့် ပတ်သက်၍ နားလည်သဘောပေါက်မှု၌ သဘောထားကွဲလွဲမှုများစွာ ရှိသည်။ ထို့ကြောင့် ပျက်စီးလွယ်သောနိုင်ငံများဟူ၍ စာရင်းပြုစုခြင်းထက် ပျက်စီးလွယ်သောစနစ်များအကြောင်း စဉ်းစားရန်လိုလာသည်။ နိုင်ငံအဆင့်၌ ပျက်စီးလွယ်ခြင်းဟု သတ်မှတ်ရာတွင် ပြဿနာများစွာရှိနေသည်။ ပျက်စီးလွယ်သောနိုင်ငံအဖြစ် သတ်မှတ်ခြင်း၌ ပြောင်းလဲလာသော အခြေအနေရပ်များကို တုံ့ပြန်ရာ၌ အထွေထွေသဘောအရ နှေးကွေးခြင်းနှင့် အချိန်တိုအတွင်း မသိသာလှသော်လည်း အချိန်ကြာလာသည့်နှင့်အမျှ သိသာလာသည့် ပျက်စီးလွယ်နိုင်မှုကို ထင်ဟပ်မပြနိုင်အောင် အာဏာရှင်ဆန်သော၊ အများနှင့်ကွဲပြားသော စံနှုန်းများ ဖန်တီးထားခြင်းကို စဉ်းစားရန်လိုသည်။ Fragile State ဟု ကျယ်ပြန့်စွာ အသုံးပြုနေမှုသည် ရှုတ်ချချိုးနှိမ်သည့် သဘောဖြစ်နိုင်ပြီး ရှုပ်ထွေးသည့် နိုင်ငံရေးလမ်းကြောင်းတစ်ရပ်ကို လွဲမှားစွာသတ်မှတ်ခြင်းဆီ ဦးတည်သွားစေနိုင်သည့် မှုန်ဝါးဝါး သို့မဟုတ် ပေါ့ပြက်ပြက် သတ်မှတ်ချက်တစ်ရပ်လည်း ဖြစ်သွားနိုင်သည်။ နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ ကန့်သတ်ချက်များအတွင်း ၎င်း၏လူ့အသိုက်အဝန်းများနှင့် လူ့အဖွဲ့အစည်းများက အလွန်ခံနိုင်ရည်ရှိနေသည့် Fragile State ဟု ခေါ်ဆိုခံရသော နိုင်ငံများစွာလည်းရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် အလွန်ဒဏ်ခံနိုင်သော နိုင်ငံများမှ ပျက်စီးလွယ်သော လူ့အဖွဲ့အစည်းများ ရှိနေခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် လက်တွေ့လုပ်ဆောင်နေသူများသည် ဖော်ပြပါလက္ခဏာရပ်များထဲမှ တစ်ခု သို့မဟုတ် ယင်းထက်ပိုသော အချက်များနှင့် ကိုက်ညီမှုကို ပျက်စီးလွယ်သော အခြေအနေတစ်ရပ်ဟု သတ်မှတ်ကြသည်။ ယင်းတို့မှာ ညံ့ဖျင်းသော သို့မဟုတ် နောက်ကျကျန်ရစ်သော ဖွံ့ဖြိုးမှု၊ နိုင်ငံအဆင့် သို့မဟုတ် ဒေသဆိုင်ရာအဆင့်၌ စွမ်းဆောင်ရည် နှင့်/သို့မဟုတ် အင်စတီကျူးရှင်းများ အားနည်းမှု၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနိမ့်ကျခြင်း သို့မဟုတ် စင်ပြိုင်ဖြစ်နေခြင်း၊ အကြမ်းဖက်မှု သို့မဟုတ် ပဋိပက္ခများ ဖြစ်ပွားနေမှု နှင့်/သို့မဟုတ် ယင်းတို့၏ဒဏ်များနှင့် နေသားကျနေမှုတို့ဖြစ်ကြသည်။

ထို့ကြောင့် ပျက်စီးလွယ်သော နိုင်ငံအဖြစ်သို့ မကျရောက်ရေးအတွက် ပျက်စီးလွယ်သော စနစ်များကို အချိန်မီ ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent