COVID-19 ကာကွယ်ဆေးသိုလှောင်သည့် Cold Chain ပိတ်ခဲ့သည့်ဖြစ်စဉ်မရှိခဲ့ဘဲ ဆေးများ အာနိသင်မရှိကြောင်း သတင်းလွှင့်ခဲ့သော ကျန်းမာရေးဝန်ထမ်းအား ထိန်းသိမ်းထားဟုဆို

COVID-19 ကာကွယ်ဆေးသိုလှောင်သည့် Cold Chain ပိတ်ခဲ့သည့်ဖြစ်စဉ်မရှိခဲ့ဘဲ ဆေးများ အာနိသင်မရှိကြောင်း သတင်းလွှင့်ခဲ့သော ကျန်းမာရေးဝန်ထမ်းအား ထိန်းသိမ်းထားဟုဆို
Published 12 July 2021
အောင်မင်းသိန်း

Cold Chain ပိတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းမရှိဘဲ COVID ကာကွယ်ဆေးများ အာနိသင်မရှိဘူးဟု သတင်းလွှင့်ခဲ့သော ကျန်းမာရေးဝန်ထမ်းအား ထိန်းသိမ်းထားကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဇူလိုင် ၁၂ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် COVID ကာကွယ်ဆေးများထားရှိသည့် သိုလှောင်ရုံ၏ Cold Chain ပိတ်သိမ်းခဲ့ခြင်းကြောင့် COVID ကာကွယ်ဆေးများ ပျက်စီးသွားသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့မှုအပေါ် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ရှိ မရှိ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ မဖြစ်ပါဘူး။ မဖြစ်ပေမယ့် အခု ဖြစ်ပျက်နေတာက ပြောရမယ်ဆိုရင် စိတ်ခံစားမှုအပေါ်မှာ လိုက်ပြီးတော့ ခုနကပြောသလို ဒီအစိုးရကို သဘောကျတဲ့လူလည်းရှိမယ်၊ သဘောမကျတဲ့လူလည်း ရှိမယ်ပေါ့။ သဘော မကျဘူးဆိုရင် အစိုးရကို သဘောမကျဘူးဆိုရင် သူက အစိုးရကို ဆန့်ကျင်တိုက်ခိုက်ရမှာပေါ့။ ဒါပေမဲ့ သူက အစိုးရကို သဘောမကျတာနဲ့ သူက အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အကုန်လုံးကို ဆန့်ကျင်တိုက်ခိုက်ရမယ်ဆိုတာ ဒါ အစွန်းရောက်တဲ့အယူအဆပါ။ အဲဒါကြောင့်မို့လို့ သူက ဘာလုပ်တုန်းဆိုတော့ ဒီ COVID ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အဲအချိန်က သူတို့ထုတ်ခဲ့တဲ့အချိန်က COVID ကာကွယ်ဆေးတွေ ရောက်တယ်။ ရောက်တဲ့အချိန်မှာ ထိုးနှံနေတဲ့အချိန်မှာ ပထမဦးဆုံး သူတို့လုပ်တဲ့လှုပ်ရှားမှုက COVID ကာကွယ်ဆေးမထိုးကြဖို့ လှုံ့ဆော်တာပေါ့။ မထိုးနဲ့ ဘာမှမထူးဘူးဆိုတာ လှုံ့ဆော်တယ်၊ မထိုးနဲ့ဆိုတော့ COVID ကာကွယ်ဆေးထိုးတဲ့ လူတွေလည်း ရှိတယ်။ ထိုးတဲ့လူတွေလည်း ရှိတော့ ဒီဘက်ကလည်း COVID ကာကွယ်ဆေး ဘယ်လောက်ထိုးပြီးသွာပြီ။ ဘယ်သူတွေထိုးနေတယ်ဆိုတာ လွှင့်တဲ့အချိန်မှာ သူက ဘာတုန်းဆိုတော့ ခုနက ပြောသလို စိတ်ခံစားချက်ပေါ့။ ဒီ COVID ကာကွယ်ဆေးတွေက အာနိသင်မရှိဘူးဆိုတဲ့ဟာမျိုးဖြစ်အောင် ဒါလည်း ကျန်းမာရေးဝန်ထမ်းတစ်ဦးပဲ။ ဒီလူကိုလည်း ကျွန်တော်တို့ သိရသလောက်တော့  ထိန်းသိမ်းထားရှိပြီး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

COVID-19 ရောဂါကာကွယ်ဆေးများ သိုလှောင်ထားရှိသည့် သိုလှောင်ရုံ၏ Cold Chain အား CDM ဝန်ထမ်းများက ပိတ်လိုက်ခြင်းကြောင့် COVID-19 ကာကွယ်ဆေးများ ပျက်စီးသွားကြောင်း လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျန်းမာရေးဝန်ထမ်းတစ်ဦးပဲ ဖြစ်ပြီးတော့ COVID ကာကွယ်ဆေးတွေက ဘာမှ သုံးလို့မရတော့ဘူးပေါ့။ ဒါ ပိတ်ပစ်လိုက်ပြီပေါ့။ ဘာလဲဆိုတော့ မစဉ်းစား မဆင်ခြင်ဘဲနဲ့ လုပ်တာပေါ့။ ဒါကြောင့်မို့လို့ လူသတ်မှုကျူးလွန်တယ်ဆိုတာ အခုအချိန်မှာ ဘာတွေဖြစ်နေလဲဆိုတော့ COVID နဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ တတိယလှိုင်း ဖြစ်လာတယ်။ အဲဒီ တတိယလှိုင်းဖြစ်လာတာကို ၀ါရင့်ကျန်းမာရေး ပညာရှင်တွေ၊ ဟိုဘက်မှာရောက်နေတဲ့ ၀ါရင့်ကျန်းမာရေးပညာရှင်တွေ ကိုယ်တိုင်က ထွက်ပြောတာရှိတယ်။ COVID ဆိုတာ ပြောရရင်တော့ ငါတို့ကိုတော့ မကူးဘူးပေါ့၊ ဟိုဘက်က တပ်က လူတွေနဲ့ ရဲတွေပဲ ကူးမှာပေါ့၊ အဲလိုမျိုးလည်း ပြောတဲ့လူတွေလည်း ရှိတယ်။ တော်တော်လည်း အတွေ့အကြုံလည်း ရှိပါတယ်။ ဉာဏ်ပညာလည်းရှိပြီးသား ဖြစ်ပါတယ်။ သို့သော် ခုနက ပြောသလို အမုန်းတရားတွေ နည်းနည်းများလာတဲ့ အခါမှာ ဆန့်ကျင်ဘက်တွေ များလာတဲ့အခါ၊ အမုန်းတရားတွေ ဆန့်ကျင်ဘက်တွေ များလာတဲ့အခါမှာ ခုနက ပြောသလို စဉ်းစားဆင်ခြင်တဲ့ဟာတွေ မပြောနိုင်တာပေါ့။ ကျွန်တော် ခဏခဏ ပြောနေတာရှိတယ်၊ တစ်ခါတလေကျလည်း အဲဒီအမုန်းတရားတွေ မှတ်ထားတဲ့ဟာတွေပေါ့ သိပ်ပြီးကောင်းဖို့ မလိုဘူး။ မေ့ဉာဏ်ကောင်းဖို့လိုတယ်။ တချို့ဟာတွေလည်း မေ့လိုက်တာ ကောင်းတယ်။ သိပ်ပြီးမေ့ဉာဏ်မကောင်းတော့ မေ့ဉာဏ်မကောင်းရင် ဘာဖြစ်တုန်း၊ ရူးတတ်တယ်။ မမေ့နိုင်တဲ့ဟာတွေကို မေ့သင့်တဲ့ဟာတွေ၊ ခွင့်လွှတ်သင့်တဲ့ဟာတွေကို မခွင့်လွှတ်ရင် ရူးတတ်တယ်။ အဲဒါကြောင့်မလို့လည်း ကျွန်တော်မြင်တာ နည်းနည်းရူးသွားလား မသိပါဘူး၊ အဲလိုမျိုးဖြစ်တာ ဖြစ်တယ်” ဟု ပြောကြားသည်။

COVID-19 ရောဂါအတွက် မကြာခင်ကာလအတွင်း ပထမအသုတ်အဖြစ် COVID-19 ရောဂါကွယ်ဆေးများ တစ်သန်းခန့် တရုတ်နိုင်ငံမှ ရောက်ရှိလာရန်ရှိသလို မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်သည့် အခြေအနေရှိနေခြင်းကြောင့် ရုရှားနိုင်ငံ၏ အကူအညီဖြင့် ပြည်တွင်း၌ COVID-19 ရောဂါ ကာကွယ်ဆေးစက်ရုံ တည်ဆောက်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent