တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ အနှစ်သာရကို အခြေခံ၍ မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော နိုင်ငံရေးအကျပ်အတည်းကို ပြေလည်စေရန် ဆက်လက် ကြိုးပမ်းမည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လဆန်းပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးမှ PPST စုဖွဲ့မှုဆိုင်ရာ ကိစ္စများနှင့် လက်ရှိ ပြည်ထောင်စုအတွင်း ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ လူမှုရေးနှင့် အထွေထွေ အကျပ်အတည်းများနှင့် ပတ်သက်၍ အလေးအနက်ထား ဆွေးနွေးခဲ့ပြီး အချက် ခုနစ်ချက်ကို ထုတ်ပြန်လိုက်ကြောင်း ပါရှိသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က သဘောတူညီမှု ရရှိခဲ့သည့် အချက် ခုနစ်ချက်တွင် နှစ်နှစ်ကျော်အကြာ ယာယီခေါင်းဆောင်အဖြစ် ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခြင်းမှ အနားယူလိုခြင်း ပန်ကြားချက်ကို PPST အစည်းအဝေး (၁၇/၂၀၂၁) က လက်ခံအတည်ပြုပြီး ယာယီခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နှစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခြင်းကို ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း၊ PPST အား စတုတ္ထအကြိမ်မြောက် NCA-S EAO တို့၏ ထိပ်သီးအစည်းအဝေး (ဒုတိယပိုင်း) ပြီးမြောက်သည်အထိ ယာယီ ဦးဆောင်သွားရန် အဖွဲ့ခေါင်းဆောင်အဖြစ် နိုင်အောင်မင်း၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ဗိုလ်မှူးကြီး စိုင်းငင်းတို့ကို တာဝန်ပေးအပ်လိုက်ကြောင်း ပါရှိသည်။
ထို့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ အနှစ်သာရကို အခြေခံ၍ လက်ရှိ ပြည်ထောင်စုအတွင်း ရင်ဆိုင်နေရသော နိုင်ငံရေးအကျပ်အတည်းကို ပြေလည်နိုင်စေရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဟု သဘောတူညီခဲ့ကြောင်း၊ COVID-19 တတိယလှိုင်းသည် ပြည်ထောင်စု တစ်ဝန်းလုံးတွင် ကူးစက်မှုသေဆုံးမှုနှုန်း မြင့်တက်လျက်ရှိသည့်အပေါ် PPSTက စိုးရိမ်မိကြောင်း၊ ထို့ကြောင့် ကာကွယ်ခြင်း၊ ကုသခြင်းလုပ်ငန်းများကို အမြန်ဆုံး စုပေါင်းဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းလိုကြောင်း၊ ထို့ပြင် အမျိုးသားရေး ကပ်ဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် PPST က အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါရှိသည်။
ထို့အတူ လက်ရှိ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး၊ COVID-19 ကပ်ရောဂါ ရင်ဆိုင် တိုက်ဖျက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီရေးများအတွက် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများ၏ ပါဝင် ထောက်ကူမှုများနှင့်အတူ PPST အနေဖြင့် Stakeholders များ အားလုံးနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခများ အပါအဝင် ပြည်ထောင်စု အနှံ့အပြားတွင် ဖြစ်ပွားနေသော အထွေထွေ အကျပ်အတည်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံညိနှိုင်း ဖြေရှင်းကြရန် တိုက်တွန်းကြောင်း နှင့် လက်ရှိ နိုင်ငံအကျပ်အတည်း ဖြေရှင်းမှုမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းပါဝင်သွားမည် ဖြစ်ကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















