မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမည့် အာဆီယံ၏ အစီအစဉ်ကို ထောက်ခံဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမည့် အာဆီယံ၏ အစီအစဉ်ကို ထောက်ခံဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 6 July 2021
Ref: Reuters

မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အကျပ် အတည်းကို အဆုံးသတ်စေရန် အာဆီယံ အဖွဲ့ကြီး၏ သံတမန်နည်းလမ်းအရ ကြိုးပမ်းမှုကို အခိုင်အမာထောက်ခံကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။

အာဆီယံခေါင်းဆောင်များအကြား ရရှိထားသည့် အချက်ငါးချက်ပါ ဘုံသဘောတူညီချက်သည် အခြေအနေများကို ဖြေရှင်းနိုင်မည့် အခြေခံအကြောင်းရင်းဖြစ်သည်ဟု အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေမှာ လက်ရှိအကျပ်အတည်းကို ဖြေရှင်းပြီး အခြေအနေတွေ ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ရာမှာ အခြေခံအကြောင်းရင်းအဖြစ် ကျွန်တော်တို့တွေ ရှုမြင်ထားတဲ့ အာဆီယံရဲ့ ရပ်တည်ချက် သဘောထားကို အလေးထား ပြောဆိုပါခဲ့တယ်” ဟု လက်ဗ်ရော့က ပြောကြားသည်။

ဂျာကာတာ ခရီးစဉ်အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း အွန်လိုင်းမှ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများက တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက စစ်လက်နက်ပစ္စည်း ရောင်းချမှုများကိုလည်း ပိတ်ပင်တားမြစ်ရန် တောင်းဆိုမှုများ ရှိနေသော်လည်း ရုရှား - မြန်မာ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာချိန်တွင် လက်ဗ်ရော့က ယခုလို မှတ်ချက်ပြုပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် သက်ဆိုင်သူအားလုံး ပါဝင်သည့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ရန်၊ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ရန်၊ လူသားချင်းစာနာမှု အကူအညီများကို ပိုမိုခွင့်ပြုသွားရန်နှင့် အကြမ်းဖက်မှုများ အဆုံးသတ်ရန်အတွက် အာဆီယံအဖွဲ့ကြီးက တိုက်တွန်းထားသည်။ သို့သော်လည်း မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ထဲတွင် အတက်ကြွဆုံးဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ကမူ မြန်မာ့တပ်မတော်က တုံ့ပြန်ဆောင်ရွက်ခြင်းမရှိသည့်အပေါ် စိတ်ပျက်မိသည်ဟု ပြောဆိုထားသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောဆိုထားသော်လည်း မြန်မာ့တပ်မတော်ကို စစ်လက်နက်ပစ္စည်းများ အဓိက ရောင်းချနေပြီး စစ်သင်တန်းများပေးနေသည့် ရုရှားသည်  မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံရန်အတွက် မြန်မာနိုင်ငံသို့ အဆင့်မြင့်တာဝန်ရှိသူများ စေလွှတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ မော်စကိုမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

လက်ရော့ဗ်သည် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အပြင် ကိုဗစ်ကာကွယ်ဆေးများ ပူးပေါင်းထုတ်လုပ်နိုင်မည့် အလားအလာနှင့်ပတ်သက်၍လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent