ဆက်သွယ်ရေးလုပ်ငန်းများမှ ထိပ်တန်းအမှုဆောင်များ မြန်မာနိုင်ငံမှ ခွင့်ပြုချက်ရမှသာ ထွက်ခွာခွင့်ရမည်ဟု ညွှန်ကြားထားကြောင်း ရိုက်တာသတင်းဌာန ဖော်ပြ

ဆက်သွယ်ရေးလုပ်ငန်းများမှ ထိပ်တန်းအမှုဆောင်များ မြန်မာနိုင်ငံမှ ခွင့်ပြုချက်ရမှသာ ထွက်ခွာခွင့်ရမည်ဟု ညွှန်ကြားထားကြောင်း ရိုက်တာသတင်းဌာန ဖော်ပြ
Published 5 July 2021
Ref: Reuters

မြန်မာနိုင်ငံမှ အရေးပါသော ဆက်သွယ်ရေးလုပ်ငန်းများ၏ အကြီးတန်းပြည်ပ အမှုဆောင်များအနေဖြင့် ခွင့်ပြုချက်မရဘဲ နိုင်ငံမှ ထွက်ခွာ၍မရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြောကြားထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ဇွန်လလယ်အတွင်းက မြန်မာစာတိုက်နှင့်ဆက်သွယ်ရေးဌာန (PTD) ၏ လျှို့ဝှက်ညွှန်ကြားချက်အရ အကြီးတန်းအမှုဆောင်များသည် နိုင်ငံခြားသားများသာမက မြန်မာနိုင်ငံသားများပါ နိုင်ငံမှထွက်ခွာရန် အထူးခွင့်ပြုချက် ရယူရမည်ဖြစ်သည်ဟု ဆိုသည်။

ထို့နောက် သီတင်းတစ်ပတ်အကြာတွင် ဆက်သွယ်ရေးကုမ္ပဏီများထံ ဒုတိယမြောက်စာတစ်စောင်ပေးပို့ခဲ့ပြီး ဖုန်းခေါ်မှုများ၊ မက်ဆေ့များနှင့် အင်တာနက်ကြည့်ခြင်းကို အာဏာပိုင်များက စောင့်ကြည့်၍ရအောင် ယခင်က ဆက်သွယ်ရေးလုပ်ငန်းများကို တပ်ဆင်ခိုင်းခဲ့သည့် ကြားဖြတ်စောင့်ကြည့်သည့် နည်းပညာကို ဇူလိုင် ၅ ရက် နောက်ဆုံးထားတပ်ဆင်ရန် ယင်းစာ၌ ညွှန်ကြားထားသည်ဟု ဆိုသည်။

ရိုက်တာကမူ အဆိုပါညွှန်ကြားချက်များကို မတွေ့ရကြောင်းနှင့် ယခုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာနက အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့သော်လည်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

တပ်မတော်ဘက်က  အီလက်ထရောနစ် စောင့်ကြည့်ရေး ကြိုးပမ်းမှုနှင့်ပတ်သက်၍ မည်သည့်အခါမျှ မှတ်ချက်ပေးခဲ့ခြင်းမျိုး မရှိသော်လည်း စည်းလုံးညီညွတ်မှု၊ တိုင်းပြည်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို နှောင့်ယှက်ကြောင်း ယူဆရသည့်အကြောင်း အရာမှန်သမျှနှင့်ပတ်သက်၍ တောင်းခံသည့် အခါပေးရန် သို့မဟုတ် ယင်းအကြောင်း အရာများကို ဖြုတ်ခိုင်းခြင်း၊ ပိတ်ခြင်း လုပ်ခိုင်းသည့်အခါ ဆက်သွယ်ရေးလုပ်ငန်းများအနေဖြင့် အချက်အလက်များ ပံ့ပိုးပေးရန် လိုအပ်မည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုရန်ရည်ရွယ်ကြောင်း တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် မကြာခင်မှာပင် ထုတ်ပြန်ခဲ့သည်။

ထောက်လှမ်းစောင့်ကြည့်ရေး ပစ္စည်းကိရိယာများ တပ်ဆင်ခြင်းပြီးစီးစေရန် တပ်မတော်အရာရှိများ၏ ဖိအားပေးမှု မြင့်တက်လာခဲ့ပြီးနောက် ယခုလို ဆက်သွယ်ရေးလုပ်ငန်းကြီးများ၏ အမှုဆောင်များ နိုင်ငံက ထွက်ခွာခြင်းကို တားမြစ်လိုက်ခြင်းဖြစ်သည်။

ကြားဖြတ်စောင့်ကြည့်သည့် ကိရိယာများ တပ်ဆင်ရန် ဆက်သွယ်ရေးကုမ္ပဏီများကို အာဏာပိုင်များက ဖိအားပေးခြင်းများ တိုးလုပ်လာခဲ့ကြောင်း အမည်မဖော်လိုသည့် အခြားဆက်သွယ်ရေးကုမ္ပဏီများ၏ သတင်း အရင်းအမြစ်သုံးခုက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တယ်လီနောက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

Ooredoo ၊ အစိုးရပိုင် MPT ၊ ဗီယက်နမ်၏ ဗီယက်တဲလ်နဲ့ တပ်မတော်ပိုင်ဦးပိုင်တို့ ဖက်စပ်လုပ်ကိုင်နေသည့် Mytel တို့က မှတ်ချက်ပေးရန် ရိုက်တာ၏ မေတ္တာရပ်ခံချက်ကို ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမျိုး မရှိကြောင်း သိရသည်။