တစ်ပါတီစနစ်ကို ကြိုက်လား၊ ပါတီစုံစနစ်ကို ကြိုက်လား

တစ်ပါတီစနစ်ကို ကြိုက်လား၊ ပါတီစုံစနစ်ကို ကြိုက်လား
Published 4 July 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

မိမိတို့ တိုင်းပြည်နိုင်ငံတွင် ဖော်ပြပါမေးခွန်းကို သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာ မောင်မောင်က ဖြေကြားခဲ့ပါသည်။ ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းကို ဖြတ်တောက် တင်ပြရပါလျှင် “တစ်ပါတီတုန်းကလည်း အပြောတွေကောင်းပေမဲ့ အလုပ်ကျတော့ တစ်မျိုးလုပ်ကြသူတွေရှိခဲ့လို့ ဒုက္ခတွေရောက်ခဲ့ရတယ်။ ပါတီစုံဆိုရင် ဒုက္ခတွေပိုစုံလာတာပဲ အဖတ်တင်မှာပါပဲ။ အဲဒီတော့ ဘာပါတီမှမထားရင် မကောင်းဘူးလား” (Reference : 1, pp-546) ဆိုသော ရှေ့ပြေးမိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ အမှန်တကယ်လည်း တစ်ပါတီမှမထားသည့် အုပ်ချုပ်ရေးစနစ်ကို ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၂၃ နှစ် ကြာသည်အထိ အုပ်ချုပ်၊ ကျင့်သုံး အကောင်အထည်ဖော်ခဲ့ကြပါသည်။

သို့သော်လည်း တစ်ပါတီမှ မထားသည့် အုပ်ချုပ်ရေးစနစ်မှာ “မြန်မာ့နည်း မြန်မာ့ဟန် စစ်အုပ်ချုပရေးစနစ်” ဖြစ်နေပါသည်။ အဆိုပါ အုပ်ချုပ်ရေးစနစ်ကို ဆရာကြီး ဦးမြတ်သိန်းက (Market Oriented Period under Military Rule) စစ်အုပ်ချုပ်ရေးလက်အောက် စျေးကွက်ဦးတည်သည့် အချိန်ကာလဆိုပြီး အမည်ပေးခဲ့ပါသည်။ အခြေခံသဘောတရားအရ မည်သို့မျှ အဆင်မပြေလှသည့် စစ်အုပ်ချုပ်ရေးစနစ်နှင့် စျေးကွက်စီးပွားရေးစနစ်ကို ပေါင်းစပ်ကျင့်သုံးခဲ့သည့် အချိန်ကာလ ဖြစ်ပါသည်။

မိမိတို့ တိုင်းပြည်နိုင်ငံတွင် အဓိကအားဖြင့် စစ်အုပ်ချုပ်ရေး ခေတ်သုံးမျိုးရှိခဲ့ရာ ၎င်းတို့မှာ ဂျပန်စစ်အုပ်ချုပ်ရေးခေတ်၊ ဆိုရှယ်လစ် စစ်အုပ်ချုပ်ရေးခေတ်နှင့် ယခုစျေးကွက်စီးပွားရေး စစ်အုပ်ချုပရေးခေတ်တို့ဖြစ်ကြပါသည်။ အချက်အလက် အပြည့်အစုံ ရရှိခဲ့မည်ဆိုပါလျှင် မိမိတို့တိုင်းပြည် နိုင်ငံတွင် ကျင့်သုံးအုပ်ချုပ်ခဲ့သည့် စစ်အုပ်ချုပ်ရေးခေတ်များကို သီးခြားဆောင်းပါးများဖြင့် ရေးသားတင်ပြပါမည်။

အထက်ပါ ဖော်ပြချက်များအရ မိမိတို့တိုင်းပြည်နိုင်ငံသည် ပါတီစုံစနစ်ကိုလည်း ကျင့်သုံးပြီးပြီ။ တစ်ပါတီစနစ်ကိုလည်း ကျင့်သုံးပြီးပြီ။ တစ်ပါတီမှမရှိသည့် မြန်မာ့နည်း မြန်မာ့ဟန် စစ်အုပ်ချုပ်ရေးစနစ် အမျိုးမျိုးကိုလည်း ကျင်သုံးပြီးပြီ။ ကမ္ဘာပေါ်ရှိ နိုင်ငံရေးစနစ်များအမည်ကိုအသုံးပြုပြီး ကျင့်သုံးအကောင်အထည်ဖော်ရန် မကျန်သလောက်ရှိနေပြီ ဖြစ်ပါသည်။ သို့သော်လည်း တိုင်းပြည်နိုင်ငံဖြစ်နေသည့်အတွက် နိုင်ငံရေးစနစ် တစ်မျိုးမျိုးကိုတော့ အခြေခံပြီး အုပ်ချုပ်ကျင့်သုံး အကောင်အထည် ဖော်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် နိုင်ငံရေးစနစ်တို့၏ ကောင်းကျိုး၊ ဆိုးကျိုးများကို စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်စေရေးအတွက် အဓိက နိုင်ငံရေးစနစ်နှစ်မျိုးဖြစ်သည့် တစ်ပါတီစနစ်နှင့် ပါတီစုံစနစ်၏ အခြေခံသဘောတရားအချို့ကို မိမိတို့တိုင်းပြည်နိုင်ငံ ကျင့်သုံးခဲ့သည့်အချိန်တွေ့ရှိချက် အချို့အပေါ်တွင် စာရေးသူ သိမြင်၊ နားလည်၊ လေ့လာ၊ သိရှိ၊ ခံစားရသည့်အတိုင်း ရေးသားတင်ပြပေးခြင်း ဖြစ်ပါသည်။

ထို့ပြင် တစ်ပါတီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်လျှင် ပြည်သူပြည်သား သို့မဟုတ် နိုင်ငံသားများအနေဖြင့် မည်ကဲ့သို့ အလိုက်သိစွာ နေထိုင်ပြုမူရမည်ဆိုသည့် သဘောတရားနှင့် ပါတီစုံစနစ်ကို ကျင့်သုံးအကောင်အထည် ဖော်မည်ဆိုပါလျှင် မည်ကဲ့သို့ ပါဝင်လိုက်ပါဆောင်ရွက်ရမည်ဆိုသည့် အခြေအနေနှင့် သဘောတရားတို့ကို သိမြင်နားလည်စေလိုသည့် စေတနာလည်း ပါဝင်ပါသည်။ ကျင့်သုံးအကောင်အထည် ဖော်လျက်ရှိသည့် နိုင်ငံရေးစနစ်များကို မသိ၊ နားမလည်သည့် နိုင်ငံသားအချို့မှာ အသက်ရှင်သန်နိုင်ရန် လွန်စွာခက်ခဲစေပြီး ရက်ရက်စက်စက် အသတ်ခံရသည့် အခြေအနေများကို ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတွင် တွေ့မြင်လေ့လာနိုင်ပါသည်။

လောကကြီးတွင် အကြောင်းနှင့်အကျိုးသည် အမြဲတမ်းတည်ရှိ ဖြစ်ပေါ်နေသည့် ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပါသည်။ မိမိတို့တိုင်းပြည်နိုင်ငံတွင် အထက်ဖော်ပြပါ ဖြစ်စဉ်များ၊ ဖြစ်ရပ်များ ဖြစ်ပေါ်နေခြင်းသည် အသစ်အဆန်းများ မဟုတ်ပါ။ မိမိတို့တိုင်းပြည်နိုင်ငံ လွတ်လပ်ရေး မရရှိမီအချိန် ၁၉၄၂ ခုနှစ်ကတည်းကပင် သန္ဓေတည်ပေါက်ပွား လာစေခဲ့သည့် ဖြစ်ရပ်များသာဖြစ်ပါသည်။ စာရေးသူအနေဖြင့် ဂျပန်ပြည် တိုကျိုတက္ကသိုလ်မှ သမိုင်းပါမောက္ခ မစ္စတာအိုးတတက်ဆူနေဇို ဂျပန်ဘာသာဖြင့် ရေးသား၍ မစ္စတာအိုးနိုတိုးရု မြန်မာပြန်သော “ဂျပန်စစ်အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ” စာအုပ်ပါ အကြောင်းအရာများကို တိုက်ရိုက်တင်ပြပါမည်။

အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ဆုတ်ခွာချိန် ဂျပန်တို့၏ စစ်အုပ်ချုပ်ရေး မစတင်မီအချိန် မီနာမီအဖွဲ့က မြန်မာ့လွတ်လပ်ရေးတပ်မတော်နှင့် ဒို့ဗမာအစည်းအရုံးဝင်သခင်များကို ခေါင်းဆောင်၍ နေရာတိုင်းတွင် ငြိမ်းချမ်းတည်တံ့မှု ကော်မတီ (၀ါ) လုံခြုံရေးထိန်းသိမ်းမှုအဖွဲ့၊ ဘီအိုင်အေ ဒေသန္တရအုပ်ချုပ်ရေးကော်မတီ၊ ယာယီမြူနီစီပယ်အဖွဲ့အစရှိသော ဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားများ ဖွဲ့စည်းခဲ့သည်။

မြန်မာပြည်သူလူထုကို စည်းရုံးပြီး ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းခဲ့သည်။ ထိုအချိန်မှစတင်ကာ မြန်မာပြည်၏ နိုင်ငံရေးလုပ်ငန်းများကို စစ်ဝတ်စုံတို့က ဝင်ရောက် လုပ်ကိုင်ခဲ့ရလေသည်။ (Reference: 2, pp-74-75)

အထက်ဖော်ပြပါအခြေအနေကို စိတ်ပူသည့် ဂျပန်အမှတ် ၁၅ တပ်မတော် စစ်သေနာပတိကြီး၏ မိန်ခွန်းကို တိုက်ရိုက်တင်ပြပါမည်။ “နောက်ဆုံးစကားတစ်ခွန်း ဆက်ပြောချင်တာကတော့ ဘီအိုင်အေတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးဟာ ဘယ်လို ဆက်စပ်နေသလဲဆိုတဲ့ အချက်ပါပဲ။ စစ်ရေးနဲ့ နိုင်ငံရေးကိုခွဲခြားပြီး အချင်းချင်း မစွက်ဖက်အောင်လုပ်နိုင်မှ နိုင်ငံတစ်နိုင်ငံဟာ တည်မြဲခိုင်မာစမြဲဖြစ်ပါတယ်။ အထူးသဖြင့် အောက်တန်းအဖွဲ့အစည်း အချင်းချင်းကို ခွဲခွဲခြားခြားစည်းကလနား သတ်မှတ်ပေးမထားရင် တစ်နေ့နေ့မှာ တိုင်းသူပြည်သားတွေက တပ်မတော်ကို မုန်းတီးရွံရှာလာကြမှာပါပဲ။ ………နောင်ရေးအတွက် စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကို ခွဲခြားထားရပါမယ်။” (Reference: 2, pp-77)

ထိုအချိန်ကတည်းက စတင်ကာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် တပ်မတော် Institution ခိုင်မာအားကောင်းသည့် Institution အဖြစ် ရပ်တည်ပေါ်ပေါက်လာစေခဲ့ပြီး နိုင်ငံရေး Institution များနှင့် အုပ်ချုပ်ရေး Institution များမှာ ယနေ့ထက်တိုင် စနစ်တကျခိုင်မာ ဖြစ်ထွန်းပေါ်ပေါက်လာနိုင်ခြင်း မရှိသေးပါ။ အကျိုးဆက်အဖြစ် တိုင်းပြည်နိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် တပ်မတော် Institution သည် မဖြစ်မနေ ပါဝင်စေရမည့် အခြေအနေ တစ်ရပ်ဆီသို့ တွန်းပို့လျက် ရှိနေပါတော့သည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခု ခေတ္တရပ်နားချိန်တွင် ဂျပန်ကြီးတစ်ဦးက စာရေးသူအား “လက်ရှိ မြန်မာနိုင်ငံ၏ အဓိက စိန်ခေါ်မှုက ဘာဖြစ်ပါမည်လဲ” ဟုမေးမြန်းရာ စာရေးသူက “ဂျပန်တို့ လေ့ကျင့်သင်ကြားပေးခဲ့သည့် စစ်ပညာရပ်များ၊ အုပ်ချုပ်မှုပညာရပ်များနှင့် အင်္ဂလိပ်တို့ ကာလတာရှည် အုပ်ချုပ်ခဲ့စဉ်က တည်ရှိနေခဲ့သည့် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ လူမှုရေး (စစ်ရေးပါဝင်ခြင်း မရှိပါ) စသည်တို့ အကြားတွင် ခေတ်ကာလ အခြေအနေအရ မြန်မာနိုင်ငံနှင့် ကိုက်ညီပြီး သင့်တော်ကောင်းမွန်စေမည့် စစ်ရေးဒီဇိုင်းပုံစံ၊ အုပ်ချုပ်ရေးဒီဇိုင်းပုံစံ၊ နိုင်ငံရေးဒီဇိုင်းပုံစံ၊ စီးပွားရေးဒီဇိုင်းပုံစံ၊ လူမှုရေးဒီဇိုင်းပုံစံ စသည်တို့ကို မရှာဖွေ၊ မတည်ဆောက်နိုင်သေးခြင်းပင် ဖြစ်ပါသည်” ဟု ဖြေကြားခဲ့ပါသည်။ စာဖတ်သူတို့လည်း စဉ်းစားပြီး အဖြေထုတ်ကြစေလိုပါသည်။

ပထမအနေဖြင့် တစ်ပါတီစနစ်နှင့် ပါတီစုံစနစ်၏ အခြေခံသဘောတရား ကွဲပြားခြားနားမှုကို တင်ပြပါမည်။ တစ်ပါတီစနစ်တွင် လူဆိုသည်မှာ အမှားအယွင်းမရှိရ၊ အမှားလုံးဝမပြုလုပ်ရ (All Humans Never Make Mistakes) ဆိုသော သဘောတရားကို လက်ကိုင်ထားရှိသဖြင့် မသက်ဆိုင်လျှင်၊ ခွင့်မပြုလျှင်၊ မသိ၊ ခင်မင်ရင်းနှီးမှု မရှိလျှင် မထိရ၊ မကိုင်ရ၊ မကြည့်ရ၊ မဝင်ရ၊ မလုပ်ရ၊ စကားမပြောရ၊ ဝေဖန်ထောက်ပြခြင်းမပြုရ ဆိုသော တားမြစ်ကန့်သတ်ချက်များဖြင့် ဆောင်ရွက်လေ့ရှိပြီး ပါတီစုံစနစ်တွင်မူ လူဆိုသည်မှာ မှားတတ်သော သတ္တဝါဖြစ်သည် (All Humans Make Mistakes) or (To eer is human) ဟူသော အယူအဆကို အခြေခံထားခြင်း ဖြစ်ပါသည်။

သို့သော် မိမိအမှားပြုလုပ်ခြင်းကို မိမိကိုယ်တိုင် မသိတတ်၊ မမြင်တတ်သဖြင့် မှားယွင်းမှုကို ထောက်ပြဝေဖန်မည့် အတိုက်အခံ လိုအပ်သည်ဆိုသော သဘောတရားကို လက်ကိုင်ထားရှိပါသည်။

ဒုတိယအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော်ခဲ့သည့် တစ်ပါတီစနစ်နှင့် ပါတီစုံစနစ်များကို တင်ပြပါမည်။ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း တစ်ပါတီစနစ်ကို ကျင့်သုံး အကောင်အထည်ဖော်ခဲ့သည့် ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကာလကို ဆရာကြီး ဦးမြတ်သိန်းက စစ်အုပ်ချုပ်ရေးလက်အောက် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် (Burmese Way to Socialism under Military Rule) ဆိုပြီး အမည်ပေးခဲ့ပါသည်။

ဆိုလိုသည်မှာ တစ်ပါတီစနစ်ကို ကျင့်သုံးသည်ဟု အမည်ပေးထားသော်လည်း စစ်အုပ်ချုပ်ရေး လက်အောက်ဖြစ်နေပါသဖြင့် စစ်ရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ကွဲပြားခြားနားစေရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါ။

တစ်ဖန် (၁၉၄၈-၁၉၆၂) ခုနှစ်နှင့် (၂၀၁၁-ယနေ့အထိ) ခုနှစ် ကာလများတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသော်လည်း နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စစ်ရေးလုပ်ငန်းစဉ်များကို ကွဲပြားခြားနားစေရန် ဆောင်ရွက်ခြင်း မပြုလုပ်နိုင်ကြသည့်အတွက် ပြည်သူပြည်သားများ သို့မဟုတ် နိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည့် ဆင်းရဲဒုက္ခများမှာ ခွဲခြားမရအောင်ပင် ဖြစ်ပေါ်လျက်ရှိနေပါသည်။

၁၉၈၈ ခုနှစ် အရေးအခင်းကာလ နာမည်ကြီး ရုပ်ရှင်မင်းသားကြီးတစ်ဦး၏ ပြောကြားချက်ကို လေ့လာကြည့်စေလိုပါသည်။

“ပါတီစုံ၊ တစ်ပါတီ ခင်ဗျားဘယ်ဟာကြိုက်သလဲဆိုပြီး ကျုပ်ကိုမေးလာရင် ကျုပ်ကတော့ချပါတီကလွဲပြီး ဘယ်ဟာမှ မကြိုက်ဘူးလို့ဖြေမှာပဲ” (Reference: 1, pp-577)

နိုင်ငံသားတစ်ဦး၏ ပါတီစုံနှင့် တစ်ပါတီ စနစ်အပေါ်တွင် သိမြင်ထားသည့် အခြေအနေဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့်လည်း စဉ်းစားကြစေလိုပါသည်။

တတိယအနေဖြင့် စာရေးသူ၏ ကိုယ်ပိုင်ထင်မြင် ခံစားချက်ကလေးကို စာဖတ်သူများအား တင်ပြပါမည်။ ယခုတင်ပြမည့် အချက်များသည် လုပ်ငန်းစဉ်များကိုသာ အဓိကထားတင်ပြမည်ဖြစ်ပြီး ပါဝင်ပြီး တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်မည့် လူပုဂ္ဂိုလ်များ၊ ဖွဲ့စည်းတည်ဆောက်ပုံ စနစ်ယန္တရားများ (Institutions) တစ်နည်းအားဖြင့် နိုင်ငံရေး Institutions ၊ အုပ်ချုပ်ရေး Institutions ၊ နှင့် စစ်ရေး Institutions ၊ နှင့် ပတ်သက်သည့် အကြောင်းအရာများ ပါဝင်မည်မဟုတ်ပါ။

တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ကြရာတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စစ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ကွဲပြားခြားနားစေရန် ခွဲထားစေလိုပါသည်။

နိုင်ငံရေးဆိုသည်မှာ ပြည်သူပြည်သား၊ နိုင်ငံသားတို့၏ ယုံကြည်မှု၊ ထောက်ခံမှု၊ ကူညီပံ့ပိုးမှုတို့ အပေါ်တွင် အခြေခံရသည့်အတွက် ရှုပ်ထွေးနေစေမည့် လုပ်ငန်းစဉ်များဖြစ်ပြီး နိုင်ငံရေးတွင် ဖြစ်ပေါ်နေမည့် ယှဉ်ပြိုင်မှုများ၊ အနိုင်ရမှုများ၊ အရှုံးဖြစ်ပေါ်မှုများသည် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအပေါ်တွင် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိစေရန်၊ ဖြစ်ပေါ်မနေစေရန် အရေးကြီးလှပါသည်။

စာရေးသူ၏ တင်ပြချက်မှာ နိုင်ငံရေးလုပ်ငန်းစဉ်များ၏ အရှုပ်အထွေးများကို အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် တိုက်ရိုက်မသက် ရောက်စေရန်သာဖြစ်ပါသည်။ နိုင်ငံရေးလုပ်ငန်းစဉ်များဖြစ်သည့် ယှဉ်ပြိုင်မှုများ၊ အနိုင်ရမှုများ၊ ရှုံးနိမ့်မှုများ ရှင်းလင်းပြီးချိန် တစ်နည်းအားဖြင့် အနိုင်ရရှိသည့် နိုင်ငံရေးပါတီ သို့မဟုတ် အဖွဲ့အစည်းက မူဝါဒများချမှတ်နိုင်သည့် အချိန်တွင်မူ ချမှတ်ပြီးသည့် မူဝါဒများသည် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များတွင် တိုက်ရိုက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရမည်ဖြစ်ပါ သည်။

မိမိတို့ တိုင်းပြည်နိုင်ငံအနေဖြင့်မူ မူဝါဒအဟောင်းများ၊ မူဝါဒ မီးကျိုးမောင်းပျက်များကိုလည်း ရှင်းလင်းသုတ်သင်ရန် လိုအပ်မည်ဟု ထင်မြင်ပါသည်။

ထိုနည်းတူစွာပင် နိုင်ငံရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များသည်လည်း စစ်ရေးလုပ်ငန်းစဉ်များအပေါ်တွင် တိုက်ရိုက်သက်ရောက်မှု မရှိစေရန် အရေးကြီးလှပါသည်။ တိုင်းပြည်နိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များသည် စစ်ရေးလုပ်ငန်းစဉ်များနှင့် တိုက်ရိုက်ချိတ်ဆက်နေမည်ဆိုပါက နိုင်ငံရေး အရှုပ်အထွေး အနည်းငယ်ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် စစ်မက်ရေးရာများကို လုပ်ကိုင်ဆောင်ရွက်ရသဖြင့် နိုင်ငံရေးတို့၏ သဘောသဘာဝအရ အနည်းငယ်ရှုပ်ထွေးမှုသည် သာမန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း စစ်မက်ရေးရာများ ပါဝင်ပတ်သက်ရသဖြင့် သာမန်နိုင်ငံရေးရှုပ်ထွေးမှုသည်ပင် ကျဆုံးနိုင်ငံတော် (Failed State) အဆင့်သို့ ရောက်ရှိနေရသည့် အခြေအနေဖြစ်ပေါ်နေစေပါမည်။

တိုင်းပြည် နိုင်ငံတော် တာဝန်ရှိသူများအနေဖြင့် တိုင်းပြည်နိုင်ငံတော်၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက် အခြေခံစဉ်းစားရမည့် အချက်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့တိုင်းပြည်နိုင်ငံသည် ယနေ့ထက်တိုင် စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကို ကွဲပြားခြားနားစေရန် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် အခြေအနေဖြစ်သည့်အတွက် တစ်ပါတီစနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ ပါတီစုံစနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ တစ်ပါတီမှ မရှိသည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ နိုင်ငံသူနိုင်ငံသား အများစုအနေဖြင့် တွေ့ကြုံ၊ ခံစား၊ လိုက်ပါဆောင်ရွက်ရမည့် အခြေအနေများမှာ ပြောင်းလဲလာခြင်းမရှိဘဲ အမျိုးမျိုးသော အခက်အခဲများစွာဖြင့်သာ ရုန်းကန်ရင်ဆိုင်နေကြရမည်ဖြစ်ပါသည်။

ထို့ကြောင့် တိုင်းပြည်နိုင်ငံတော်၏ အနာဂတ်အရေးကို ရှေးရှုကာ စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို ခွဲခြားဆောင်ရွက်နိုင်စေရေး ကြိုးပမ်းအားထုတ်ပေးကြပါရန် တိုင်းပြည်နိုင်ငံတော်၏ နောင်ရေးအတွက် အကျိုးကိုမျှော်ကိုးကာ ရေးသားတင်ပြအပ်ပါသည်။

References: ၁။ ဒေါက်တာ မောင်မောင် (2019), “မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း”, (ပထမတွဲ + ဒုတိယတွဲ) SKCC Press (00413)

၂။  မစ္စတာအိုးတတက်ဆူနေဇို ဂျပန်ဘာသာဖြင့်ရေးသား၍ မစ္စတာအိုးနိုတိုးရု မြန်မာပြန်သော “ဂျပန်စစ်အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ” (၁၉၇၅) ပုဂံစာအုပ်အမှတ် ၂၄၇။

Most Read

Most Recent