PSG အသင်းနှင့် သဘောတူညီမှုရထားသည့် ဟာကီမီ ထွက်ခွာမည်ဟု အင်တာမီလန်အသင်း အမှုဆောင်ချုပ် မာရော့တာ အတည်ပြု

PSG အသင်းနှင့် သဘောတူညီမှုရထားသည့် ဟာကီမီ ထွက်ခွာမည်ဟု အင်တာမီလန်အသင်း အမှုဆောင်ချုပ် မာရော့တာ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 4 July 2021

 

PSG အသင်းသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရထားပြီဟု သတင်းများထွက်ပေါ်နေသည့် ညာနောက်ခံလူ ဟာကီမီအနေဖြင့် ယခုနွေရာသီတွင် ထွက်ခွာမည်ဖြစ်ကြောင်း အင်တာမီလန်အသင်း အမှုဆောင်ချုပ် မာရော့တာက အတည်ပြုပြောကြားခဲ့သည်။

အသက် ၂၂ နှစ်အရွယ် မော်ရိုကိုလက်ရွေးစင်ကစားသမား ဟာကီမီသည် အင်တာမီလန်အသင်း၌ တစ်ရာသီသာ ကစားပြီးနောက် PSG အသင်းသို့ ထပ်မံပြောင်းရွှေ့ရန် နီးစပ်နေခြင်းဖြစ်သည်။ "ဒါက အသင်းအတွက် အရေးပါတဲ့ ရောင်းချမှုပါ။ အသင်းရဲ့ဘဏ္ဍာရေးအတွက် အောက်ဆီဂျင်လို့ ပြောရမှာပါ" ဟု အမှုဆောင်ချုပ် မာရော့တာက Dribbling Europei ရုပ်သံအစီအစဉ်သို့ ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ပြီးခဲ့သည့် နှစ် ဇူလိုင်တွင် ဟာကီမီအား ရီးယဲလ်အသင်း ထံမှ ယူရိုသန်း ၄၀ ဖြင့် ခေါ်ယူခဲ့ပြီး ငါးနှစ် စာချုပ် ချုပ်ဆိုထားသည်။ ၎င်းသည် ပထမ ဆုံးရာသီမှာပင် အင်တာမီလန်အတွက် ခြေ စွမ်းပြကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၅ ပွဲကစား ခုနစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုရှစ်ကြိမ်ပြုလုပ်ပေးခဲ့သည်။ 

၎င်းအား ချယ်လ်ဆီးနှင့် PSG အသင်းတို့က ခေါ်ယူရန် အပြိုင်စိတ်ဝင်စားခဲ့ပြီး ယူရိုသန်း ၇၀ ပေးချေမည့် PSG အသင်း နှင့် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသလို အမှုဆောင်ချုပ် မာရော့တာကလည်း ထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

အင်တာမီလန်အသင်းသည် တစ်ရာသီအကြာမှာပင် ဟာကီမီအတွက် ယူရိုသန်း ၃၀ အမြတ် ရရှိမည်ဖြစ်ပြီး ၎င်း၏အသင်းဟောင်း ရီးယဲလ်မက်ဒရစ်မှာလည်း ယူရို ၂ ဒသမ ၁ သန်း ခံစားခွင့်ရမည်ဖြစ်သည်။

Most Read

Most Recent