မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်အား နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်အား နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်
Photo: Bunlert Charoenwong Facebook
Photo: Bunlert Charoenwong Facebook
Published 4 July 2021

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုုဝန်အား နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဘန်လက်ချာယိုဝန်သည် ပြီးခဲ့သည့်လကတည်းက မြန်မာနိုင်ငံသို့ရောက်ရှိနေခြင်း ဖြစ်ပြီး MFF နှင့် ပြီးခဲ့သည့်ရက်ပိုင်းကမှ တရားဝင်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

ဘန်လက်ချာယိုဝန်သည် MFF နှင့် ချုပ်ဆိုထားသည့် စာချုပ်အရ ၂၀၂၃ နှစ်လယ်ပိုင်းအထိ တာဝန်ယူကိုင်တွယ်ရမည်ဖြစ်ပြီး ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် ၂၀၂၁ ဗီယက် နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအား ကိုင်တွယ်ရမည်ဖြစ်သည်။ ၎င်း သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းဖွဲ့စည်းရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဘောလုံးကော်မတီမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့်ရက် အတည်ပြုပြီးပါက စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းရန် စီစဉ်နေပြီး ဇူလိုင် ၈ ရက်တွင် ဗီယက်နမ်အိုလံပစ်ကော်မတီက အတည်ပြုကြေညာမည်ဖြစ်သည်။ MFF အနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ပြီးမှသာ မြန်မာ့လက်ရွေး စင် ဖူဆယ်အသင်းများ စခန်းဝင်လေ့ကျင့်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း နည်းပြချုပ်သစ် ဘန်လက်ချာယိုဝန်သည် လာအိုလက်ရွေးစင် ဖူဆယ်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး အရှေ့တောင်အာရှဒေသ တွင်းအသင်းဖြစ်သည့် မြန်မာအသင်းကို ဆက်လက်ကိုင်တွယ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း သည် နိုင်ငံတကာပြိုင်ပွဲများအဖြစ် ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃ နှင့် ၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး ၂၀၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲဝင်အသင်းကိုလည်း ထိုင်းနည်းပြတစ်ဦး ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေး စင် အမျိုးသမီးဖူဆယ်အသင်း နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၇ မလေးရှားဆီးဂိမ်းစ် ပြိုင်ပွဲတွင်မူ နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က တာဝန်ယူကိုင်တွယ်ခဲ့သည်။

အရှေ့တောင်အာရှဒေသတွင် အမျိုး သမီးဖူဆယ်အသင်းများအတွက် နိုင်ငံတကာ ပြိုင်ပွဲယှဉ်ပြိုင်ရန် နည်းပါးမှုကြောင့် မြန်မာ အမျိုးသမီးအသင်းမှာ ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ဖူဆယ်အမျိုးသမီးပြိုင်ပွဲ ပါဝင်မှသာ ကစား သမားများရွေးချယ်၍ ဖွဲ့စည်းလေ့ကျင့်ခြင်း ဖြစ်သည်။ 

ထို့ကြောင့် မြန်မာအမျိုးသမီး ဖူဆယ်အသင်းအနေဖြင့် နောက်ဆုံးယှဉ်ပြိုင် ခဲ့သည့် ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ အပြီး လေ့ကျင့်မှုရပ်နားထားရာ လေးနှစ်နီး ပါးအကြာမှ ပြန်လည်ဖွဲ့စည်းရမည်ဖြစ် ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းစ် ပြိုင်ပွဲလေးကြိမ်အနက် ၂၀၁၁ ခုနှစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ဆွတ်ခူးရရှိခဲ့သည်။

Most Read

Most Recent