ခေါင်းဆောင်မှုလုပ်ငန်းစဉ်နှင့် အရည်အသွေး

ခေါင်းဆောင်မှုလုပ်ငန်းစဉ်နှင့် အရည်အသွေး
Published 2 July 2021

သြစတြီးယားနိုင်ငံဖွား အမေရိကန် စီမံခန့်ခွဲမှုပညာရှင် ပီတာဒရက်ကာ (၁၉၀၉- ၂၀၀၅) ၏ အလွန်ကျော်ကြားသော စကားတစ်ရပ်ရှိသည်။ ယင်းမှာ “စီမံခန့်ခွဲမှုဟူသည်အရာများကို မှန်ကန်အောင်ပြုလုပ်ခြင်းဖြစ်ပြီး ခေါင်းဆောင်မှုဟူသည် မှန်ကန်သောအရာများကို ပြုလုပ်ခြင်းဖြစ်သည်” ဟူ၍ဖြစ်သည်။ ခေါင်းဆောင်မှုလုပ်ငန်းစဉ်ကို ဘုံသတ်မှတ်ချက် ထုတ်လိုက်ပါက “တစ်စုံတစ်ရာကို ပြီးမြောက်အောင်မြင်စေရန်အတွက် လူတစ်ဦးကအခြားသူများအပေါ် သြဇာလွှမ်းမိုးသက်ရောက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပြီးမြောက်အောင်မြင်နိုင်ရန်အတွက် ခေါင်းဆောင်များသည် သူတို့၏ ခေါင်းဆောင်မှုဆိုင်ရာ အသိဉာဏ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးပြုရသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျွမ်းကျင်မှုနှင့် အသိဉာဏ်ပညာကို အသုံးပြုကာ ခေါင်းဆောင်မှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် သူ၏ယုံကြည်ချက်များ၊ တန်ဖိုးထားမှုများ၊ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာများကဲ့သို့သော ပင်ကိုအရည်အသွေးများက သူ၏ခေါင်းဆောင်မှုလုပ်ငန်းစဉ်အပေါ် လွှမ်းမိုးသက်ရောက်မှုရှိသည်။ အသိဉာဏ်ပညာနှင့် ကျွမ်းကျင်မှုက ခေါင်းဆောင်မှု လုပ်ငန်းစဉ်အပေါ် တိုက်ရိုက်သက်ရောက်သည်ဟုဆိုလျှင် သူ၏ပင်ကိုယ်အရည်အသွေးများက သူ့အားအခြားသူများမှနေ၍ အတုမရှိအောင် ကွဲပြားခြားနားသည့် လက္ခဏာရပ်များကို ဖြစ်စေသည်။

ခေါင်းဆောင်မှုနှင့် ပတ်သက်၍ စည်းမျဉ်းအချို့ကို ဖော်ပြလိုပါသည်။

မိမိကိုယ်ကိုယ် သိရှိခြင်းနှင့် မိမိဘာသာ တိုးတက်အောင် ကြိုးပမ်းခြင်း - မိမိကိုယ်ကိုယ် သိရှိစေရန်အတွက် မိမိအနေဖြင့် “ဘာရှိသည်၊ ဘာသိသည်၊ ဘာလုပ်သည်” တို့ကို နားလည်ရမည် ဖြစ်သည်။ မိမိဘာသာ တိုးတက်အောင် ကြိုးပမ်းခြင်းဟူသည် မိမိ၏ ပင်ကိုယ်အရည်အချင်းများကို အဆက်မပြတ် အားကောင်းအောင် ပြုလုပ်ခြင်း ဖြစ်သည်။

လုပ်ငန်းသဘောသဘာဝအရ ပြည့်စုံကျွမ်းကျင်မှုရှိခြင်း - ခေါင်းဆောင်တစ်ဦးအဖြစ် မိမိ၏အလုပ်ကို သိရှိရမည်ဖြစ်ပြီး မိမိလက်အောက်ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များနှင့်လည်း ပြည့်ပြည့်စုံစုံ အကျွမ်းတဝင် ရှိရမည် ဖြစ်သည်။

မိမိ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တာဝန်ယူမှုကို ရှာဖွေခြင်းနှင့် တာဝန်ယူခြင်း - မိမိ၏ အဖွဲ့အစည်းကို ထပ်မံမြင့်တက်လာအောင် လမ်းညွှန်နိုင်မည့် နည်းလမ်းများကို ရှာဖွေရမည်။ မှားယွင်းသည့်အရာများ ရှိလာသည့်အခါ အခြားသူများကို အပြစ်တင်ခြင်းမပြုဘဲ အနေအထားကို သုံးသပ်လျက် ပြင်ဆင်သည့် လုပ်ရပ်များကို တာဝန်ယူပြီး နောက်ထပ်စိန်ခေါ်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။

သင့်တော်သော အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း - ကောင်းမွန်သော ပြဿနာဖြေရှင်းခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် အစီအစဉ်ချခြင်းတို့ကို အသုံးပြုကာ မိမိကိုယ်တိုင်သည် နမူနာကောင်း ဖြစ်စေရမည်ဖြစ်သည်။

မိမိ၏ လက်အောက်ဝန်ထမ်းများအကြောင်းသိရှိပြီး ၎င်းတို့၏ လူမှုဖူလုံရေးကို ဂရုပြုခြင်း- လူတို့၏ သဘောသဘာဝကိုသိရှိပြီး မိမိ၏ဝန်ထမ်းများကို သစ္စာရှိစွာ စောင့်ရှောက်ခြင်းသည် အရေးကြီး၏။

မိမိ၏ လက်အောက်ဝန်ထမ်းများကို အသိပေးခြင်း - မိမိ၏ လက်အောက်ဝန်ထမ်းများကိုသာမက အထက်၌ရှိသူများ၊ အခြားအဓိကကျသော ပုဂ္ဂိုလ်များနှင့် မည်သို့မည်ပုံ ဆက်ဆံရမည်ကို သိရှိရမည်။

မိမိလက်အောက် ဝန်ထမ်းများအကြား၌ တာဝန်ယူတတ်သောအသိစိတ် ဖွံ့ဖြိုးလာအောင် ပြုလုပ်ခြင်း - ၎င်းတို့၏ လုပ်ငန်းဆိုင်ရာ တာဝန်ယူမှုများအတိုင်း ဆောင်ရွက်ရာ၌ ကောင်းမွန်သော စရိုက်လက္ခဏာများ ဖွံ့ဖြိုးလာအောင် ကူညီရမည်။

လုပ်ငန်းတာဝန်များကို နားလည်ကြောင်း၊ ကြီးကြပ်နိုင်ကြောင်းနှင့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြောင်း သေချာခြင်း - ယင်းတာဝန်အတွက် အဓိကအချက်မှာ ဆက်ဆံရေး ဖြစ်သည်။

အသင်းတစ်သင်းအဖြစ် လေ့ကျင့်ပေးခြင်း - မည်သည့်အဖွဲ့အစည်းတစ်ရပ်မဆို အမှန်တကယ်၌ အသင်းတစ်သင်း မဟုတ်ဘဲ ကိုယ့်အလုပ်ကိုယ် လုပ်နေသော လူအုပ်စုတစ်စုသာ ဖြစ်သောကြောင့် အသင်းတစ်သင်းကဲ့သို့ လေ့ကျင့်ပေးရန်လိုသည်။

မိမိအဖွဲ့အစည်း၏ စွမ်းဆောင်ရည် အပြည့်အဝကို အသုံးပြုခြင်း - အသင်းစိတ် ဖွံ့ဖြိုးလာအောင် ပြုလုပ်ခြင်းဖြင့် မိမိအဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးပြုနိုင်မည် ဖြစ်သည်။

ခေါင်းဆောင်တစ်ဦးအနေဖြင့် “မိမိဘယ်သူလဲ”၊ “မိမိဘာသိသလဲ” နှင့် “မိမိဘာလုပ်နိုင်သလဲ” ဟူသည်ကို ရိုးသားစွာဖြင့် ရှင်းရှင်းလင်းလင်း သိမြင်ထားရမည်ဖြစ်သည်။ ခေါင်းဆောင်မှုလုပ်ငန်းစဉ် အောင်မြင်ခြင်းရှိမရှိ ဆုံးဖြတ်ရမည်မှာ ခေါင်းဆောင်ကိုယ်တိုင် မဟုတ်သကဲ့သို့ အခြားတစ်စုံတစ်ဦးလည်း မဟုတ်ဘဲ နောက်လိုက်များသာဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။ နောက်လိုက်များအနေဖြင့် သူတို့၏ ခေါင်းဆောင်အပေါ် မယုံကြည်ပါက သို့မဟုတ် ယုံကြည်မှုနည်းပါးပါက ခေါင်းဆောင်က သူတို့ကို ဆွဲဆောင်နိုင်မည် မဟုတ်ပါ။ သင်ကိုယ်တိုင်၏ ယုံကြည်မှုထက် “သင်၏နောက်လိုက်များက သင်၏နောက်သို့လိုက်ရန် ထိုက်တန်ပါ၏လော” ဟူသည့် ယုံကြည်မှုက ပို၍အရေးကြီးသည်။

မည်သို့ပင်ဆိုစေကာမူ ခေါင်းဆောင်ဟူသည် အနေအထားတစ်ရပ်တွင် အကောင်းဆုံး လုပ်ဆောင်နိုင်မည့် လမ်းကြောင်းတစ်ရပ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်သတ်မှတ်ပေးရမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန် ၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent