လူမှုမီဒီယာများ

လူမှုမီဒီယာများ
Published 23 June 2021

“လူမှုမီဒီယာကို လက်နက်ကိရိယာအဖြစ် အသုံးပြုလာရတဲ့ ခေတ်တစ်ခေတ်ထဲမှာ ကျွန်မတို့ နေထိုင်လာရတယ်”

ဂီဂီဟာဒစ် (၁၉၉၅ ဖွား)

အမေရိကန်မော်ဒယ်

လူမှုမီဒီယာများသည် ယနေ့ခေတ်တွင် လူငယ်များ၏ ဘဝအစိတ်အပိုင်းများစွာကို နေရာယူ၍လာသည်။ လူအများစုသည် ရပ်တန့်စဉ်းစားမှုပင်မပြုတော့ဘဲ လူမှုမီဒီယာ စာမျက်နှာများပေါ် မရပ်မနား ပြေးလွှား၍သာ နေကြတော့၏။ လူမှုမီဒီယာများနှင့် ဒီဂျစ်တယ်နည်းပညာများ ထွန်းကားလာမှုက လူငယ်များအား အခွင့်အလမ်းများစွာ ပေးနိုင်သကဲ့သို့ အန္တရာယ်များစွာလည်း ပေးနိုင်သည်။ နေ့စဉ်ဘဝ၌ အမှန်တကယ်တွေ့နိုင်သည့် မိတ်ဆွေသူငယ်ချင်းများပမာဏထက် အဆပေါင်းများစွာပိုသောပမာဏကို နေ့စဉ် Facebook ပေါ်တွင် တွေ့နေသော လူ့အဖွဲ့အစည်းတစ်ရပ်အတွက် ရေရှည်တွင် မည်သို့သော သက်ရောက်မှုများ ရှိလာမည်နည်း။

ပညာရေးတွင် Facebook ၏ ကောင်းကျိုးများကိုကြည့်လျှင် ဆရာများသည် တပည့် များနှင့်ဖြစ်စေ၊ ဆရာအချင်းချင်းဖြစ်စေ အလွယ်တကူဆက်သွယ်ကာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းနှင့် ကျောင်းသားများအနေဖြင့်လည်း လေ့လာသင်ယူရန် ရင်းမြစ်များကို အွန်လိုင်းမှနေ၍ အခမဲ့ အလွယ်တကူရယူနိုင်ခြင်းတို့ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေး၌လည်း Facebook က နိုင်ငံရေးအပြောင်းအလဲအတွက် အထောက်အကူပြုခြင်း၊ လူမှုရေး လှုပ်ရှားမှုများပြုလုပ်ရာ၌ စည်းရုံးလှုပ်ရှားရန်လွယ်ကူခြင်းနှင့် အချက်အလက်များ ဖြန့်ချိရာ၌ အကုန်အကျသက်သာကာ လွယ်ကူခြင်း အစရှိသည်တို့ကို တွေ့ရမည်ဖြစ်သည်။ လူမှုရေး အကျိုးကျေးဇူးများအဖြစ် မိတ်ဆွေသူငယ်ချင်းများနှင့် ဆက်သွယ်ရန်လွယ်ကူခြင်းနှင့် မိတ်ဆွေသစ်များ တိုးပွားခြင်းတို့ရှိသည်။ ၎င်းအပြင် အလုပ်အကိုင်ရှာဖွေရန်နှင့် အလုပ်ခန့်ထားရန် ကိစ္စများအတွက်လည်း အသုံးပြုနိုင်သေးသည်။

သို့သော် လူမှုမီဒီယာများ၏ ဆိုးကျိုးတို့သည်လည်း များပြားလှသည်။ ပညာရေးတွင် ဥပမာအားဖြင့် ကိုယ်တိုင်လုပ်ရန်ပေးလိုက်သည့် လေ့ကျင့်ခန်းများကို အွန်လိုင်းမှ အလွယ်တကူ ကူးယူသောကြောင့် မိမိ၏အစွမ်းအစကို အားကိုးသည့်အလေ့အထ ပျောက်ကွယ်သွားရသည်။ Facebook ၌သာ အချိန်ဖြုန်းနေသောကြောင့် ပညာရေးကို စိတ်မဝင်စားနိုင် ဖြစ်လာရသည်။ စစ်တမ်းတစ်ရပ်အရ အသက် ၂၅ နှစ်မှ ၃၄ နှစ်ရှိသူတို့၏ ၅၁ ရာခိုင်နှုန်းသည် အလုပ်ထဲ၌ လူမှုမီဒီယာများကို သုံးစွဲနေကြောင်း တွေ့ရှိရသည်။ ယင်းကိုကြည့်လျှင် လူမှုမီဒီယာများက ကုန်ထုတ်စွမ်းအားကို မည်မျှထိခိုက်စေသည်ကို ခန့်မှန်းကြည့်နိုင်သည်။ ၎င်းအပြင် အလုပ်ရှင်များနှင့် အလုပ်ခန့်ထားမည့်သူများက မိမိဝန်ထမ်းများနှင့် မိမိအလုပ်ခန့်ထားမည့်သူများ၏ အကောင့်များကို စောင့်ကြည့်စစ်ဆေးတတ်သည်။ ဘာသာရေး စော်ကားမှု၊ စာလုံးပေါင်းနှင့် သဒ္ဒါညံ့ဖျင်းမှု၊ လူမျိုးရေးခွဲခြားမှု၊ လိင်ခွဲခြားဆက်ဆံမှု၊ ကျန်းမာရေးညံ့ဖျင်းမှု၊ အရက် သို့မဟုတ် မူးယစ်ဆေးဝါးနှင့်ပတ်သက်မှု၊ လိင်ကိစ္စနှင့် ဘာသာရေးဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ မတော်တရော်ရေးသားမှု အစရှိသည့် မနှစ်မြို့ဖွယ်ကိစ္စများကို ရှာဖွေတွေ့ရှိသွားပါက မိမိ၏အလုပ်အတွက် ထိခိုက်နစ်နာမှုများ ဖြစ်တတ်သည်။

အထူးသဖြင့် ငယ်ရွယ်သူများသည် ဓာတ်ပုံများအပါအဝင် မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို Facebook သို့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း တင်တတ်ကြသည်။ ယင်းတို့က တစ်ခါတရံတွင် အခြားသူများအတွက် အသုံးချစရာဖြစ်သွားပြီး ပုဂ္ဂိုလ်ရေးလုံခြုံမှု ထိခိုက်တတ်သည်။ လူမှုမီဒီယာများတွင် အမုန်းတရားကို သွေးထိုးလှုံ့ဆော်သည့် အဖွဲ့များနှင့် အစွန်းရောက်အဖွဲ့များက အဖွဲ့ဝင်သစ်များ စုဆောင်းခြင်း၊ ၀ါဒဖြန့်ချိမှု ပြုလုပ်ခြင်းတို့လည်းရှိပြီး လူငယ်များသည် ၎င်းတို့၏ သားကောင်ဘဝသို့ ကျရောက်သွားနိုင်သည်။ မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်အမှန်ကို အကောင့်၌ တင်ထားသည့်အခါ Identity ကို ခိုးယူအယောင်ဆောင်မှုများလည်း ဖြစ်ပွားနိုင်သည်။ သူခိုးက မိမိအား မည်သည့်အချိန်၊ မည်သည့်နေရာ၌ ရှိသည်ကို Facebook မှတစ်ဆင့်သိရှိကာ နေအိမ်ကို ဖောက်ထွင်းခိုးယူခြင်းကဲ့သို့သော ရာဇဝတ်မှုကျူးလွန်သူများက Facebook ကို အသုံးချတတ်ခြင်းမျိုးလည်း ရှိသည်။ လိင်မှုကိစ္စ ကျူးလွန်မည့်သူများကလည်း Facebook မှတစ်ဆင့် သားကောင်ရှာဖွေကာ ဖြားယောင်းသွေးဆောင်မှုများ ပြုလုပ်နိုင်သည်။ လူမှုမီဒီယာများမှတစ်ဆင့် ခြိမ်းခြောက်စာများ ပေးပို့ခြင်းကိုလည်း အွန်လိုင်း၌ အတွေ့ရများသည်။ ယင်းသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုကိုဖြစ်စေပြီး တစ်ခါတရံတွင် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုများအထိပင် ဖြစ်စေသည်။

မှားယွင်းသော ကောလာဟလများနှင့် သတင်းအမှားများကို ဖြန့်ချိမှုများကိုလည်း လူမှုမီဒီယာများ၌ တွေ့ရှိရသည်။ စစ်တမ်းတစ်ရပ်အရ လူမှုမီဒီယာများကို အသုံးပြုသူများ၏ ၄၉ ဒသမ ၁ ရာခိုင်နှုန်းသည် ယင်းကဲ့သို့သော သတင်းအမှားများကို ဖတ်ရှုရသည်ဟု ဆိုသည်။ (တတ်ကျွမ်းသူများမဟုတ်ဘဲ) မှားယွင်းသော အကြံဉာဏ်များနှင့် ကုထုံးများပေးခြင်းသည် အသက်အန္တရာယ်ဖြစ်စေသည်အထိ အန္တရာယ်ကြီးမားနိုင်သည်။ ကုန်ပစ္စည်း ကြော်ငြာသူများအတွက် မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို Facebook မှတစ်ဆင့်ရယူကာ သွေးဆောင်ဖြားယောင်းနိုင်သောကြောင့် မလိုအပ်ဘဲ ငွေကြေးအကုန်အကျများမှုကိုလည်း ဖြစ်စေသည်။ လူမှုမီဒီယာများကို အလွန်အကျွံအသုံးပြုသူများအတွက် အဆိုးရွားဆုံးမှာ မိမိတို့၏ တန်ဖိုးရှိသောအချိန်များ အလဟဿ ဆုံးရှုံးရခြင်းဖြစ်သည်။

ထို့ကြောင့် လူမှုမီဒီယာများကို အသုံးပြုရာတွင် အသိဉာဏ်နှင့်ယှဉ်၍ မိမိအတွက် အကျိုးရှိစေသော သုံးစွဲမှုမျိုးဖြစ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent