နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း ပြုလုပ်သည့် အခြေပစ္စည်း၏ တန်ဖိုးသည် ကျပ်သိန်း ၁၀၀ ထက်မပိုလျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေ ပေါ်ပေါက်စေကာမူ ဝင်ငွေခွန် ပေးဆောင်ရန် မလိုကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။
မော်တော်ယာဉ်ဝယ်ယူခြင်း၊ ရောင်းချခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်း ဆောင်ရွက်လိုပါက မော်တော်ယာဉ်စံနှုန်း သတ်မှတ်ခြင်း၊ ကြေညာလွှာတင်သွင်းခြင်း၊ အခွန်ပေးဆောင်ခြင်း စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။
မော်တော်ယာဉ်စံနှုန်း သတ်မှတ်ခြင်း၊ အခွန်စည်းကြပ်မှု ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ပြည်တွင်းထုတ် မော်တော်ယာဉ်များ မှတ်ပုံတင်ခြင်းနှင့် တစ်ဆင့်ဝယ်ယူ၍ မော်တော်ယာဉ်ပိုင်ရှင် အမည်ပြောင်းလဲခြင်း ဖြစ်ပါက အခွန်ထမ်းနေထိုင်ရာ မြို့နယ်ရှိ သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများတွင် လည်းကောင်း၊ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းကိစ္စဖြစ်ပါက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ကျသင့်ဝင်ငွေခွန် ကောက်ခံရေးအဖွဲ့ ရုံးများတွင် လည်းကောင်း ဆက်သွယ် ဆောင်ရွက်ရမည် ဖြစ်သည်။
အခွန်ထမ်း ပြည်သူများအနေဖြင့် မော်တော်ယာဉ် ဝယ်ယူခြင်း၊ ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အခွန်ပေးဆောင်ခြင်း ကိစ္စရပ်များတွင် မော်တော်ယာဉ် ဝယ်ယူခြင်း၊ အမည်ပြောင်းခြင်း ကိစ္စရပ်များ ဆောင်ရွက်လိုပါက အခွန်ထမ်းနေထိုင်ရာ သက်ဆိုင်ရာမြို့နယ် အခွန်ရုံးသို့ ဝင်ငွေကြေညာလွှာ တင်သွင်းပြီး ဝယ်ယူခြင်းအတွက် ဝင်ငွေရလမ်း တင်ပြနိုင်ပါက ဝင်ငွေရလမ်း တင်ပြခြင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၂၅ ပါ အခွန်နှုန်းထားများအတိုင်း ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်သည်။
မော်တော်ယာဉ်ရောင်းချခြင်း ကိစ္စရပ်များ ဆောင်ရွက်လိုပါက အခြေပစ္စည်း လွှဲပြောင်းရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အခွန်ထမ်း နေထိုင်သည့် သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးသို့ ဝင်ငွေကြေညာလွှာ တင်သွင်းခြင်းနှင့် ကျသင့်အခွန်ကို ခန့်မှန်း တွက်ချက်ပေးသွင်းခြင်းတို့ကို ဆောင်ရွက်ရမည်၊ သတ်မှတ်ထားသည့် တန်ဖိုးအပေါ် မူလအဝယ်တန်ဖိုးနှင့် ယင်းပစ္စည်း လွှဲပြောင်းရောင်းချရာတွင် ဖြည့်စွက် အသုံးပြုခဲ့ရသည့် ကုန်ကျစရိတ်အား ခွင့်ပြုနုတ်ပယ်ပြီး ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ မြတ်စွန်းသည့်ငွေအပေါ် ၁၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်သည်။ နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်သည့် အခြေပစ္စည်း၏ တန်ဖိုးစုစုပေါင်းသည် ကျပ်သိန်း ၁၀၀ ထက် မပိုလျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေ ပေါ်ပေါက်စေကာမူ ဝင်ငွေခွန် ပေးဆောင်ရန် မလိုကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ အခွန်ကောက်ခံရရှိမှုကို မူလခန့်မှန်းခြေ စာရင်းအရ ကျပ် ၈၆၁၅ ဒသမ ၇၇၇ ဘီလျံကျော် ရရှိရန် လျာထားကြောင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ သိရသည်။
နှစ်အလိုက် ပြည်ထောင်စု၏ အခွန်ကောက်ခံရရှိမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ၆၃၁၄၇၃၃ ဒသမ ၆၅၇ သန်း၊၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၇၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ကြားကာလ ခြောက်လတွင် ကျပ် ၃၄၂၄၂၀၆ ဒသမ ၈၃၂ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃ ဒသမ၅၆၈ သန်း ရရှိခဲ့သည်။










