ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန် Maersk Line Myanmar (Sealand Maersk) က ကုန်သေတ္တာတင်သင်္ဘောသစ်သုံးစင်း စတင်ပြေးဆွဲမည်

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန် Maersk Line Myanmar (Sealand Maersk) က ကုန်သေတ္တာတင်သင်္ဘောသစ်သုံးစင်း စတင်ပြေးဆွဲမည်
Maersk Norberg သင်္ဘောကို MIP ဆိပ်ကမ်းတွင် တွေ့ရစဉ်
Maersk Norberg သင်္ဘောကို MIP ဆိပ်ကမ်းတွင် တွေ့ရစဉ်
Published 16 June 2021

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် Maersk Line Myanmar (Sealand Maersk) သင်္ဘောလိုင်းက ကုန်သေတ္တာတင် သင်္ဘောသစ် သုံးစင်းအား စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Maersk Line Myanmar က စတင်ပြေးဆွဲမည့် သင်္ဘောသစ်များဖြစ်သည့် Maersk Norberg, Maersk Narvik နှင့် Maersk Nesna တို့ကို စတင်ပြေးဆွဲသွားမည်ဖြစ်သည်။ အဆိုပါသင်္ဘောသုံးစင်းအနက် Maersk Norberg သည် MITT နှင့် MIP ဆိပ်ကမ်းတံတားများတွင် ဆိုက်ကပ် ကုန်တင် ကုန်ချပြုလုပ်မည်ဖြစ်ကာ ၂၀၂၁ ဇွန် ၁ဝရက်က Launching Ceremony အား MIP ဆိပ်ကမ်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောသစ် သုံးစီးမှာ ကုန်သေတ္တာ ၁၇၅၀ TEU 2100 မက်ထရစ် တန် (ရေစူး ၉.၅ မီတာ) တင်ဆောင်နိုင်မည် ဖြစ်ပြီး၊ မြန်မာနိုင်ငံစျေးကွက်အတွက် သီးသန့်ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ကုန်သေတ္တာတင် သင်္ဘောသစ်များ တိုးချဲ့ပြေးဆွဲခြင်းဖြင့် ပို့ကုန်များအတွက် Space & Equipment လုံလောက်စွာရရှိနိုင်မည်ဖြစ်ပြီး ပို့ကုန်များအတွက် ဘိုကင်ရရှိရန် စောင့်ဆိုင်းရန် မလိုတော့ဘဲ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပွင့်လင်းရာသီ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် လည်းကောင်း ကုန်သေတ္တာတင် သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိပြီး ယခုလ ဇွန်လအတွင်း ကုန်သေတ္တာတင်သင်္ဘော ၃၅ စီးဝင်ရောက်ရန် လျာထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းများအရ သိရသည်။

ပြီးခဲ့သည့်မေလတွင် ကုန်သေတ္တာတင် သင်္ဘော ၂၄စီးသာ ဝင်ရောက်ရန်လျာထားခဲ့ရာမှ မေလ ၃၁ ရက်အထိ စုစုပေါင်း ၃၇ စီးအထိ ပြေးဆွဲနိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်သေတ္တာတင်သင်္ဘောများ ပိုမိုဝင်ရောက်နိုင်ရန်နှင့် ပို့ကုန်အတွက် ကုန်သေတ္တာလိုအပ်ချက်များ ဖြေရှင်းနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ဦးဆောင်ညွှန်ကြာရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ COVID-19 ဖြစ်ပွားချိန်မှစ၍ ရန်ကုန်ဆိပ်ကမ်း၏ ကုန်သေတ္တာတင်သင်္ဘောဝင်ရောက်မှု ကျဆင်းခဲ့သည့် အခြေအနေ၊ ပို့ကုန်အတွက် ကုန်သေတ္တာလိုအပ်ချက် မြင့်တက်လာရသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကုန်သေတ္တာတင် ဆိပ်ကမ်းတံတားအသီးသီးမှ လက်ရှိကာလတွင် နေ့စဉ်ဆိပ်ကမ်းလုပ်ငန်းများလည်ပတ်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်္ဘောလိုင်းများမှလည်း လက်ရှိကာလတွင် အချို့သော သဘောင်္များကို ယာယီသဘော လျော့ချ/ရပ်ဆိုင်းခဲ့မှုအခြေအနေ၊ ယခုနှစ်မေလအတွင်း သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၂၄ စီး ပြေးဆွဲရန် လျာထားစာရင်း၊ စျေးကွက်လိုအပ်ချက်အရ အထူးခရီးစဉ်များဖြင့် ဖြည့်စွက်ပြေးဆွဲပေးသွားမည့် အခြေအနေ၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် ကုန်သေတ္တာနှင့် အအေးခန်းကုန်သေတ္တာများ ဖြည့်ဆည်းပေးမည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁ဝမီတာရှိသော နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် ငါးလတာအတွင်း ရန်ကုန်အတွင်းဆိပ်ကမ်းနှင့် သီလ ၀ါဆိပ်ကမ်းများသို့ တန်ချိန်သုံးသောင်းအထက် သင်္ဘော ၁၅၂စီး ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။a

Most Read

Most Recent