ကျောင်းတက်ချိန်

ကျောင်းတက်ချိန်
Published 16 June 2021
သန်းလှိုင် (စစ်တွေ)

စံပယ်ပွင့်လေး ဖွေးဖွေးဖြူ

တို့များ အကျႌဖြူ။

စံပယ်ဖြူပင် စိုစိုစိမ်း

တို့များ လုံချည်စိမ်း။

လုံချည်စိမ်းနဲ့ အကျႌဖြူ

ပန်းစံပယ်နဲ့တူ။

စံပယ်ဖြူလို မွှေးကြူဖို့

စာကြိုးစားကြစို့။

ကဗျာဆရာ စစ်တွေညိုသန့်၏ “စံပယ် ပွင့်ချိန်” ကဗျာလေးကို ဖတ်လိုက်ရတော့ ရင်ထဲမှာ ငယ်ငယ်က ဖြတ်သန်းခဲ့ရသော ကျောင်းတက်ချိန် ကလေးဘဝအရွယ်ကို သွားသတိရမိသည်။

ကျောင်းစိမ်းဝတ်စုံလေးနှင့် ကျောင်းတက်ရသည့်အရသာကို ဒီအချိန်မှာ ခံစား၍ ရကောင်းရမည် ဖြစ်သော်လည်း ငယ်ဘဝ ဖြစ်သန်းမှုများစွာသည် ယခုအချိန်တွင် လွမ်းဆွေးတသ အောက်မေ့စရာများပင် ဖြစ်ချေသည်။

ကျောင်းဆိုပေမဲ့ ကျေးလက်မှာ စာရေးသူတို့ တက်ခဲ့စဉ်တုန်းက အလယ်တန်းအဆင့်ကျောင်း။ အိမ်နှင့်က ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရတော့ မိုးတွင်းဆို နေ့လယ် ကျောင်းဆင်းရင်လည်း အိမ်မပြန်တော့ဘဲ မုန့်ဝယ်စားတတ်သည်။ နေ့လယ် ကျောင်းဆင်းချိန် ၁ နာရီအချိန်မှာ ကျောင်းရှေ့နား စျေးကွင်းထဲ သားရေကွင်းပစ်တမ်း ကစားကြသည်။ ဆေးလိပ်တိုလေးကို ထောင်ပြီး သားရေကွင်းဖြင့် ပစ်ရသည်မှာလည်း တစ်ခါတလေ လွယ်အိတ်မှာ အထုပ်လိုက်ကြီး ဖြစ်အောင်အထိ မြတ်သည်။ ရှုံးသည့်အခါလည်း ရှုံးသည်။ ဆရာမ သိမ်းယူသွားမည် စိုးသဖြင့် ဝှက်ထားရသည်။

အခုလို မိုးရာသီမျိုးမှာဆိုလျှင် နေ့လယ်ဘက် ကျောင်းဆင်းတိုင်း အိမ်မပြန်ဖြစ်ကြ။ ကစားခုန်စားရန်အတွက်သာ ရှိသည်။ စာကြည့်တိုက် မရှိ၊ စာဖတ်ဖို့ စိတ်မဝင်စား၊ စာဖတ်ရန်လည်း မသိ၊ စာဖတ်ရန်လည်း တိုက်တွန်းမည့်သူ မရှိ။ ယခုခေတ် ကလေးတွေလို ကာတွန်းစာအုပ်တွေလည်း ဖတ်စရာမရှိ။ ဖတ်ရကောင်းမှန်း မသိ။ မသိ ... မသိ ... မသိများစွာကို ဖြတ်သန်းခဲ့ရသည်။ ကျောင်းစာအပြင် တခြားမရှိ။ ကျောင်းစာကိုလည်း ကျောင်းချိန်တွင်းနှင့် ညအိပ်ရာဝင်ခါနီး တစ်ချိန်သာ ဖတ်ရပြီး လယ်ကွင်း၊ ဘောလုံးကွင်းများတွင်သာ အချိန်ကုန်ခဲ့ရသည်။ ကျောင်းဆင်း ခေါင်းလောင်းထိုးသည်နှင့် တစ်ပြိုင်နက် ဘောလုံးများကို ယူဆောင်ကာ ဘောလုံးကွင်းထဲ ပြေးကြတော့သည်။ အပူအပင်မရှိ၊ အိမ်ရောက်လျှင် ထမင်းအိုး ဖွင့်စားလိုက်ရုံသာ။

လွန်စွာ ပျော်ရွှင်ဖွယ်ကောင်းသော ကလေးဘဝကို ပြန်မရနိုင်မှန်း သိသော်လည်း ပြန်လည် တမ်းတမိသည်တော့အမှန်။ ကျောင်းပိတ်ရက်များဆိုလျှင် ကျောင်းမတက်ရသည့်အတွက် လွန်စွာပျော်ရွှင်ရသည်။ ရွာဘေးက ကန်ပေါင်ပေါ် သွားထိုင်ပြီး ကန်ထဲမှာ ငါးမျှားကြသည်။ တော်ရုံမိုးနှင့်တော့ အိမ်မပြန်။ ထီးဆောင်းပြီး အချိန်အတော်ကြာ ငါးမျှားနေတတ်သည်။ တကယ်တော့လည်း တစ်နေကုန်မျှားလို့ တစ်နပ်စာရသည်က ရှားသည်။ လက်ညှိုး လက်မအရွယ် ငါးသေးလေးများ ရလျှင်လည်း ပျော်ရွှင်ပီတိ ဖြစ်မိသည်။ ကျောင်းသားတွေမို့ အိမ်မှာ အလုပ်မခိုင်းကြသော်လည်း လွန်စွာဆင်းရဲသော ကလေးငယ်များကမူ မိဘအလုပ်များ ၀ိုင်းကူလုပ်ရသည်များလည်း ရှိသည်။ ဘဝများစွာတို့၏ ဖြတ်သန်းရာသည် အနိမ့်အမြင့်ချင်းတော့ မတူညီကြသည်မှာ သဘဝပေလား။

ဟော အခုတော့ ပိတ်ထားသည့် ကျောင်းများလည်း ပြန်ဖွင့်ပြီ ဖြစ်သည်။ ကျောင်းသားတွေက ကျောင်းစိမ်းလေးနှင့် မိမိတို့အိမ်ရှေ့က ဖြတ်လျှောက်သွားတာကို တစ်ခါတလေ ငေးကြည့်နေမိသည်။ ဖြူစင်ရိုးရှင်းလှသော ကလေးငယ်များ၏ စိတ်သဏ္ဌာန်တွင် အရောင်အသွေးများ မစွန်းထင်းစေလို။

အတတ်ပညာ၊ အသိပညာများအတွက် ကျောင်းသည် ကျွန်တော်တို့အတွက် မရှိမဖြစ် လိုအပ်သည်။ ကျောင်းသည် ပညာအရည်အချင်း သတ်မှတ်ရာ၊ အဆင့်အတန်း သတ်မှတ်ရာ၊ ခွဲခြမ်းစိတ်ဖြာရာ နေရာလည်း ဖြစ်သည်။ ကျောင်းမရှိလျှင် ကျွန်တော်တို့အတွက် အလင်းရောင်များ ပျောက်ကွယ်ကာ သမိုင်းဦး ဘုံမြေစနစ်ထဲ ရောက်သွားကြရမည် ဖြစ်သည်။ သို့သော်လည်း ကျွန်တော် ငယ်စဉ်က သမိုင်းဆရာတစ်ယောက် နောက်ပြောင်ရင်း ပြောသောစကားကို မှတ်မိနေသည်။ “ငါကတော့ သမိုင်းဦးဘုံမြေစနစ်မှာ လူတစ်ခါလောက် ဖြစ်လိုက်ချင်စမ်းပါဘိကွာ”တဲ့။ အစပိုင်းမှာတော့ ဆရာ့ဆိုလိုရင်းကို သဘောမပေါက်တော့ ကြောင်အမ်းအမ်း ဖြစ်မိသည်။ ဒါပေမဲ့ အမေးအမြန်းထူတတ်တဲ့ စာရေးသူ က “ဘာတွေထူးခြားလို့ ဆရာက သမိုင်းဦး ဘုံမြေစနစ်ကို သွားချင်ရတာလဲ ဆရာရယ်။ ဆရာကလည်း လူရိုင်းတွေနေတဲ့ ခေတ်ကိုများ သွားချင်ရတယ်လို့” မေးရင်း ပြောလိုက်တော့ ဆရာက ရယ်ကျဲကျဲဖြင့် “ဟကောင်ရ မင်းစဉ်းစားကြည့်လေ။ သမိုင်းဦး ဘုံမြေစနစ် ဆိုတာ ၀ိုင်းလုပ်ဝိုင်းစားကွ။ ဟင်း ငါမပြောလိုက်ချင်ဘူး” ဟု ဆရာက ပြောလိုက်တော့ ကျောင်းသားအားလုံးက စည်းတိုက်စရာမလိုဘဲ တစ်ပြိုင်တည်း ၀ိုင်းရယ်လိုက်ကြသည်။

ငယ်စဉ် ကျောင်းသားဘဝဟာ စာမရ၍ အရိုက်ခံရသည့် နေ့များကလွဲရင် ကျန် ကျောင်းချိန်အများစုမှာ ပျော်စရာချည်းပင် ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် စနောက်ခြင်း၊ ကျီစားသန်က ရန်များ၏ ဆိုသည့်အတိုင်း ကျီစားသန်၍ ရန်ဖြစ်သည့်နေ့များလည်း ရှိခဲ့သည်။ သို့သော် အငြှိုးအတေးမရှိ။ ညီအစ်ကို မောင်နှမများသဖွယ် ရှိခဲ့ကြသာ ဖြစ်သည်။ တစ်ခါက သတ္တမတန်းမှာ ဖြစ်သည်။ ကျောင်းဆင်းချိန် လိုက်တမ်းကစားရင်း ၀ါးလုံးတစ်လုံးဖြင့် စနောက်ထိုးရာမှ မျက်လုံးအောက် တည့်တည့်မှာ ကျသွားသဖြင့် မိသားစုများ ၀ိုင်းဖွဲ့ပြောဆို ရှင်းခဲ့ရသည့်အဖြစ်ကိုလည်း ယခုတိုင် သတိရမိသည်။

သို့သော် နောက်နေ့မှာပင် ငါးရှဉ့်မျှားရန် လယ်ကွင်းထဲသို့ အတူသွားကြသည်။ ကျောင်းဖွင့်စ မိုးဦးကျပြီ ဆိုသည်နှင့် စာရေးသူတို့ဒေသတွင် လယ်ကန်သင်းအောက်ခြေရှိ ငါးရှဉ့်တွင်းများ ပေါ်လာတတ်သည်။ ရေချိုဒေသဖြစ်သဖြင့် လယ်ကွင်းထဲတွင်နေသော ငါးရှဉ့်များကိုသာ စားရသည်။

ဆိုတော့ ငယ်ဘဝသည် ပျော်စရာကောင်းသလို ကျောင်းဖွင့်ချိန် ဆိုလျှင်လည်း ဟိုရွာသည်ရွာမှ ကလေးငယ်များနှင့် တွေ့ဆုံရသည်။ မိမိမှာ အလယ်တန်းကျောင်းတွင် တက်ရခြင်း ဖြစ်သဖြင့် မူလတန်းကျောင်းများမှ အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့လာကြသော ကျောင်းသားများစွာကိုလည်း တွေ့ခဲ့ဖူးသည်။ ခင်မင်ရင်းနှီးဖူးသည်။ ကျောင်းတက်ဖော် တချို့မှာ ယခုအချိန်တွင် အရာရှိဖြစ်သူများ၊ စီးပွားရေးသမားများ၊ ကွယ်လွန်သွားကြသူများလည်း ရှိကြသည်။ ကျောင်းဆရာဖြစ်သူများ၊ လယ်သမားဖြစ်သူများလည်း ရှိကြသည်။ မထင်မှတ်သော ဘဝအချိုးကွေ့များသည် ဖြစ်ချင်သည်ကို မဖြစ်ရသကဲ့သို့ မဖြစ်ချင်သည်များလည်း ဖြစ်လာခဲ့ရမှာ သဘာဝပင် ဖြစ်သည်။ သို့သော် မည်သူမျှ မတတ်နိုင်။

ကျောင်းဖွင့်သည်။ ကျောင်းတွေ တက်ကြသည်။ စာသင်ကြသည်။ သို့သော် ခေတ်စနစ် အပြောင်းအလဲအရ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင်လည်း ကျောင်းမတက်ရသော ကျောင်းသားများ ရှိကောင်းရှိချေမည်။ ကျောင်းသားများတွင် မည်သည့် အရောင်အဆင်းမှ မရှိပေ။ ကျောင်းနေအရွယ် ကလေး အားလုံး၊ ကျောင်းတက်ချင်၍ တက်ခွင့်မရသော ကျောင်းသားများကို ကိုယ်ချင်းစာမိသည်။ စာနာမိသည်။ သူတို့ဘဝအတွက် ရင်လေးမိသည်။ သူတို့ကို မွေးဖွားပေးလိုက်သော မိခင်၊ ဖခင်များကလည်း မိမိတို့ သားသမီးများကို ကျောင်းထားချင်ပေလိမ့်မည်။ ပညာတတ်ကြီး ဖြစ်စေချင်ပေလိမ့်မည်။ ယင်းဆန္ဒတို့သည် တစ်ခါတစ်ရံတွင် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မပြည့်ဝသည်များလည်း ရှိပေမည်။ ဆင်းရဲသဖြင့် ကျောင်းနေခွင့် မရသော ကလေးငယ်များစွာလည်း ရှိချေမည်။ သို့သော် ... သို့သော်လည်း။

စာရေးသူတို့ ငယ်စဉ်က ကျောင်းတက်သောအကြောင်း၊ ငယ်ဘဝဖြစ်သန်းမှုအကြောင်းကိုပြောလျှင် ပြောမကုန်အောင် ဖြစ်ပေတော့သည်။

ဟောအခုတော့ ကျောင်းတွေ ဖွင့်ပြီ။ ကျောင်းသားလေးတွေကတော့ ကျောင်းတက်ကြပေမည်။

ကျောင်းတက်သည် ဖြစ်စေ မတက်သည် ဖြစ်စေ ပညာတတ်များ ဖြစ်အောင်တော့ ကြိုးစားရမည်မှာ မိဘတိုင်း တာဝန်ဖြစ်သည်။ ပညာတတ်များ ဖြစ်အောင်လည်း ကြိုးစားကြရပေမည်။

မတည်မြဲသော လူ့လောကကြီး၊ လူ့ပတ်ဝန်းကျင်သည် အစဉ်အမြဲ ပြောင်းလဲနေသည် ဖြစ်သဖြင့် အချိန်တန်လျှင် ဖြစ်သင့်ဖြစ်ထိုက်သည်မှာ ဖြစ်လာပေလိမ့်မည်ဟု အကောင်းဘက်က ရှုမြင်ပြီး ကလေးငယ်အားလုံး ပညာတတ်များဖြစ်ပါစေဟု ဆုတောင်းလျက်...။

Most Read

Most Recent