မျှော်လင့်ခြင်း အကျိုးအကြေ

မျှော်လင့်ခြင်း အကျိုးအကြေ
Photo : gallerist.in
Photo : gallerist.in
Published 15 June 2021
လင်းခေတ်ကြယ်

အိပ်ရာကနေ နိုးနိုးချင်း ပတ်ဝန်းကျင်ကို ကြည့်မိတော့ အပြင်မှာ အလင်းရောင်က မှိန်ဖျော့ဖျော့ပဲ ရှိသေးတယ်။ မနက်အစောကြီး ရှိသေးပေမဲ့ ဆက်အိပ်လို့ မရတော့တာနဲ့ အိပ်ရာက ထပြီး မျက်နှာသစ်၊ သွားတိုက်၊  ကိုယ်လက်သန့်ရှင်းရေး လုပ်လိုက်တယ်။ ဒီနေ့တော့ သူ့စိတ်ထဲမှာ အရင်နေ့တွေကလို မဟုတ်ဘဲ ထူးထူးခြားခြား ပေါ့ပါးလန်းဆန်းလို့ နေတယ်။ အိမ်ထဲမှာ ဆက်မနေချင်တော့တာနဲ့ အပြင်ကို လမ်းလျှောက်ထွက်ဖို့  ညဝတ်အကျႌကို လဲပြီးချိန်မှာတော့ အိမ်အကူ ကောင်လေးကိုခေါ်ပြီး လမ်းထိပ်ထွက်ခဲ့တယ်။

မနက်စောစောမို့ လမ်းပေါ်မှာ လူရော၊ ကားရော မရှုပ်သေးပေမဲ့ လမ်းသွားလမ်းလာ တချို့ကို တွေ့ရတယ်။  လမ်းထိပ်ကို ရောက်တော့ လက်ဖက်ရည်ဆိုင်ထဲမှာ မနက်စာ လာစားသူတွေနဲ့ ပါဆယ်လာဝယ်သူတချို့ ရပ်စောင့်နေတာကို တွေ့ရတယ်။ ဆိုင်ရှေ့က မုန့်ဟင်းခါးအိုးကနေ ထွက်လာတဲ့ မုန့်ဟင်းရည် အနံ့ကြောင့် မနက်စာကို မုန့်ဟင်းခါးစားဖို့ ဆုံးဖြတ်လိုက်တယ်။ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ မနက်ပိုင်းဆို စမူဆာ၊ အီကြာကွေး၊ ပလာတာအပြင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံနဲ့ ထမင်းကြော် စတဲ့ မုန့်ပဲသရေစာ အစုံရတာမို့ ရပ်ကွက်ထဲမှာတော့ အားလုံးက ဒီဆိုင်လေးကို အားပေးကြတယ်။

ညစာ စားတာ နည်းသူမို့ မနက်စောစော နိုးနေတဲ့အတွက် ဗိုက်ထဲမှာ ဆာလောင်မှုက ဆန္ဒပြင်းပြနေတယ်။ ဒီအချိန် လက်ဖက်ရည်ဆိုင်ထဲ ဝင်စားမယ်ဆို လူရှင်းပေမဲ့လည်း လမ်းလျှောက်ချင်သေးတာမို့ ရှေ့တည့်တည့်ကိုပဲ ဆက်လျှောက်လိုက်တယ်။ ဒီရပ်ကွက်ထဲမှာ နေတာကြာပြီဆိုပေမဲ့ အရင်ကတော့ အခုလိုမျိုး တခုတ်တရ လမ်းမလျှောက်ဖြစ်ခဲ့ဘူး။ ကိုယ့်ရဲ့ အမှောင်ဖုံးနေတဲ့ နေ့တွေကို အော်ဂလီဆန်ရင်းနဲ့ အိမ်ထဲမှာပဲ တိတ်တဆိတ် နေထိုင်ခဲ့တယ်။ ဒီနေ့မှာတော့ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေတဲ့အတွက် ရပ်ကွက်ထဲကို စိတ်လိုလက်ရ လမ်းဆက်လျှောက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ 

ကိုယ်နဲ့ ရင်းနှီးတဲ့ ပတ်ဝန်းကျင်မို့ အရာရာဟာ အကျွမ်းတဝင် ရှိခဲ့တယ်။ လမ်းတစ်လျှောက် ရင်းနှီးတဲ့ မိတ်ဆွေတချို့နဲ့  တွေ့ဆုံချိန်မှာလည်း အာလာပသလ္လာပ စကားတွေကို ပြောဆိုဖြစ်ခဲ့တယ်။ မြို့သစ်ဆိုပေမဲ့ ရပ်ကွက်ထဲမှာ နေထိုင်သူအများစုက အနေအေးဆေးသူတွေ ဖြစ်တာကြောင့်  ဟော့ဟော့ရမ်းရမ်း မရှိကြဘူး။ ရပ်ကွက်ထဲမှာ တစ်ထပ် ပျဉ်ထောင်အိမ်များပြီး ကန်ထရိုက်တိုက် နည်းတဲ့အတွက် လူဦးရေ ထူထပ်မှုကလည်း ပြောပလောက်အောင် မများလှဘူး။ ကိုယ့်အလုပ်နဲ့ ကိုယ် သွားလာလှုပ်ရှားနေရတဲ့အတွက်လည်း ရပ်ကွက်လေးက အမြဲလိုလို အေးချမ်းတိတ်ဆိတ်နေတယ်။ ရပ်ကွက်ထဲမှာ သရက်ပင်၊ ပိတောက်ပင်၊ ဗာဒံပင်နဲ့ ညောင်ပင်အစရှိတဲ့ အရိပ်ရအပင်တွေ ရှိတာကြောင့်လည်း နေထိုင်လို့ကောင်းတဲ့ ရပ်ကွက်လို့ ဆိုရမှာပါ။ 

ရပ်ကွက်ထဲကနေ ထွက်ရင် ကားလမ်းရဲ့ တခြားတစ်ဖက်မှာ ရပ်ကွက်စျေးလေး ရှိတယ်။ အဲဒီစျေးလေးကို ရပ်ကွက်ထဲက နေထိုင်သူတွေက သွားရောက် ဝယ်ယူကြသလို တခြားရပ်ကွက်ကလည်း လာရောက် ဝယ်ယူသူတွေ  ရှိတာကြောင့် မနက်ပိုင်းဆို စျေးလေးက အတန်ငယ် စည်ကားပါတယ်။ ရပ်ကွက်စျေး ဆိုပေမဲ့လည်း အသား၊ ငါး၊ အသီးအရွက် ရောင်းသူတွေအပြင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စတဲ့ ကုန်စုံဆိုင်တွေ ရှိတာကြောင့် အမျိုးအစားစုံလင်တယ်လို့ ဆိုရမှာပါ။ စျေးလည်း မကြီးသလို အလေးလည်း မှန်တဲ့အတွက် ဝယ်သူနဲ့ရောင်းသူကြားမှာ ပြဿနာ ကြီးကြီးမားမား မရှိခဲ့ဘူး။ ဒါကြောင့်လည်း ရပ်ကွက်စျေးလေးဟာ နေ့စဉ် စျေးဝယ်သူ၊ စျေးရောင်းသူတွေနဲ့  စည်ကားလို့ နေပါတယ်။

ရပ်ကွက်စျေးအလွန်မှာတော့ အမှိုက်ပုံရှိတယ်။ ရပ်ကွက်ထဲက စွန့်ပစ်အမှိုက်တွေကို ဒီအမှိုက်ပုံမှာ လာပုံကြတယ်။ စည်ပင်ကလည်း မနက်တစ်ခေါက် ညနေတစ်ခေါက် အချိန်မှန် အမှိုက်လာသိမ်းတဲ့အတွက် အမှိုက်ပုံက အရမ်းကြီး ရှုပ်ပွမနေဘူး။ အခုလည်း စည်ပင်ကလူတွေ အမှိုက်လာသိမ်းနေတာကို တွေ့ရတယ်။ လမ်းပေါ်မှာ မနက်စောစော နေရောင်ခြည်က ပူနွေးလတ်ဆတ်လို့ နေတယ်။ လေနုအေးကလည်း မနက်ခင်းကို တိုးဝှေ့ကျီစယ်နေတာကြောင့် လမ်းလျှောက်နေရပေမဲ့လည်း ချွေးမထွက်သလို မောပန်းနွမ်းနယ်မှုလည်း မရှိပါဘူး။ အမှိုက်ပုံလွန်တော့ လမ်းပေါ်မှာ ခြေစုံရပ်ပြီး လတ်ဆတ် သန့်ရှင်းတဲ့လေကို တစ်ဝကြီး ရှူရှိုက်လိုက်တယ်။ မနက်ခင်းရဲ့ရနံ့ဟာ လေနဲ့အတူ အဆုတ်ကနေ သွေးကြောထဲအထိ ရောက်ရှိလာတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွားသလိုပဲ။ ရှေ့ကို ဆက်ပြီး မသွားချင်တော့တာကြောင့် တစ်ဖက်ကားလမ်းကို ကူးပြီး နောက်ကြောင်း ပြန်လှည့်ခဲ့တယ်။ ရပ်ကွက်စျေးရှေ့ကို ရောက်တော့ စျေးထဲက အသားအနည်းငယ်နဲ့ အသီးအရွက်အနည်းငယ်ကို ဝယ်ယူပြီး လက်ဖက်ရည်ဆိုင်ဘက် ထွက်ခဲ့တယ်။ 

လက်ဖက်ရည်ဆိုင်ရှေ့ ရောက်တော့ ဆိုင်ထဲမှာ စားပွဲဝိုင်းတွေက ပြည့်သလောက်နီးပါး ဖြစ်နေပြီ။ လွတ်နေတဲ့ စားပွဲတစ်ခုမှာ ထိုင်ရင်း မုန့်ဟင်းခါးနှစ်ပွဲနဲ့ လက်ဖက်ရည် နှစ်ခွက်ကို အိမ်အကူကောင်လေးအတွက်ပါ တစ်ခါတည်း ရောပြီး မှာလိုက်တယ်။ အခုလိုမျိုး လက်ဖက်ရည်ဆိုင် မထိုင်ရတာ သူ့အတွက်တော့ နှစ်အတော်အတန် ကြာခဲ့ပြီ မဟုတ်လား။ ဆိုင်ထဲမှာလည်း မိတ်ဆွေတချို့က လှမ်းနှုတ်ဆက်တဲ့အတွက် စကားတွေပြောရင်း မုန့်ဟင်းခါးနဲ့ လက်ဖက်ရည် လာချတာကို စောင့်နေလိုက်တယ်။ စားပွဲထိုးလေး လာချပေးတဲ့ လက်ဖက်ရည်နဲ့ မုန့်ဟင်းခါးကို စားပြီးချိန်မှာတော့ ရေနွေးပူပူကို မှုတ်သောက်ရင်း မိတ်ဆွေတွေနဲ့ ထွေရာလေးပါး စကားတွေ ပြောနေမိတယ်။ မိတ်ဆွေတွေနဲ့ အခုလိုမျိုး လွတ်လွတ်လပ်လပ် စကားစမြည် မပြောရတာ ကြာပြီဖြစ်တဲ့အတွက် အကြောင်းအရာကတော့ အမျိုးအစားအစုံပါပဲ။ မိသားစုတွေအကြောင်း၊ သာရေးနာရေးအကြောင်း၊  ရပ်ကွက်အကြောင်း၊ ကမ္ဘာကြီးအကြောင်း၊ နိုင်ငံရေးအကြောင်း၊ တရားဓမ္မအကြောင်းနဲ့ ရောက်တတ်ရာရာအကြောင်းတွေကို ထွေလီကာလီ ပြောဆိုနေမိတယ်။ 

အချိန်အတော်ကြာ ပြောဆိုပြီးသွားချိန်မှာတော့ အပြင်မှာ နေရောင်ခြည်ရဲ့ အပူဒဏ်က ရင့်သန်လာတဲ့အတွက် ကျသင့်ငွေ ရှင်းပြီး မိတ်ဆွေတွေကို နှုတ်ဆက်ရင်း အိမ်ကို ပြန်ခဲ့တယ်။ မနက်ခင်းဆိုပေမဲ့ နွေရာသီ ဖြစ်တာကြောင့် လမ်းပေါ်မှာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့အခါ တစ်ကိုယ်လုံးမှာ ချွေးက စို့လာတယ်။ လမ်းပေါ်မှာလည်း လူသွားလူလာနဲ့ စည်ကားနေတယ်။ အိမ်ပြန်ရောက်တော့ ဝယ်လာတဲ့ အသားအနည်းငယ် နဲ့ အသီးအရွက်တွေကို ချက်ပြုတ်ဖို့အတွက် နောက်ဖေး မီးဖိုချောင်ထဲ ဝင်လိုက်တယ်။ တကယ်တော့ သူကိုယ်တိုင် ချက်ပြုတ်ဖို့ မဟုတ်ပါဘူး။ အိမ်အကူကောင်လေး ချက်ပြုတ်တာကို  သူက ဘေးကနေ စီမံပေးတာ ဖြစ်ပါတယ်။ အိမ်မှာ သူနဲ့ အိမ်အကူကောင်လေးသာ ရှိတဲ့အတွက် ထမင်း၊ ဟင်းကို ထွေထွေထူးထူး ချက်ပြုတ်မနေဘဲ ဖြစ်သလိုပဲ စားသောက်ခဲ့တာ ကြာခဲ့ပါပြီ။ ဒီနေ့မှ လမ်းလျှောက်ထွက်ရင်း စျေးထဲကနေ ဝယ်လာတဲ့ အသားနဲ့ အသီးအရွက်ကို ဘယ်လိုချက်မလဲ ဆိုတာ တခုတ်တရ ပြောဆိုနေတာပါ။  ထမင်း၊ ဟင်း ကျက်ချိန်မှာတော့ တစ်ကိုယ်လုံးမှာ ချွေးတွေ စိုရွှဲနေတဲ့အတွက် ရေချိုးခန်းထဲဝင်ပြီး ရေကို ခေါင်းကနေ လောင်းချိုးလိုက်တယ်။ အေးမြတဲ့ အထိအတွေ့က တစ်ကိုယ်လုံးဆီ စိမ့်ဝင်လာတဲ့အတွက် ပေါ့ပါးလန်းဆန်း သွားသလို ခံစားရတယ်။ ရေမိုးချိုး၊ အဝတ်အစားလဲပြီးချိန်မှာတော့ ခုတင်ပေါ် ကျောဆန့်ရင်း မှေးခနဲ အိပ်ပျော်သွားတယ်။ အိပ်ပျော်နေစဉ် ခဏအတွင်းမှာပဲ အိပ်မက်ထဲမှာ အတိတ်က သူ့ပုံရိပ်တွေဟာ ရုပ်ရှင်ကြည့်နေရသလိုမျိုး တစ်ကွက်ချင်း ပြန်ပေါ်လာတယ်။ နောက်ဆုံးမှာ အမှောင်ကြီးတစ်ခုလုံးက သူ့ကို ၀ါးမျိုသွားတဲ့အခါ အော်ဟစ်ရုန်းကန်ရင်း သူနိုးလာခဲ့တယ်။ သူ့အော်သံကြောင့် အိမ်အကူကောင်လေးက သူ့အခန်းထဲ ပြေးဝင်လာတယ်။

“အိပ်မက်ဆိုးတွေ မက်ပြန်ပြီလား အဘ”

ကောင်လေး မေးတာကို ပြန်ပြီး မဖြေနိုင်လောက်အောင် သူ့တစ်ကိုယ်လုံးက မောပန်း နွမ်းနယ်နေတယ်။ ကောင်လေးပေးတဲ့ ရေခွက်ကိုယူပြီး အငမ်းမရ သောက်လိုက်တယ်။ ခုအချိန်အထိ အိပ်မက်ထဲက ကြောက်စရာ အဖြစ်အပျက်ကြီးက သူ့စိတ်ကို စိုးမိုးထားနေတုန်းပဲ။ ခုတင်ပေါ် ပြန်လှဲလိုက်ပေမဲ့ သူ မအိပ်ရဲတော့ဘူး။ ဘာဖြစ်လို့လဲဆို အဲဒီအိပ်မက်ဆိုးကြီး တစ်ခါပြန်မက်မှာကို သူကြောက်နေတယ်။ တကယ်တော့ သူမက်နေရတဲ့ အိပ်မက်ဆိုးကြီးဆိုတာက သူ့ဘဝရဲ့ အမှန်တကယ် အဖြစ်အပျက်တွေပါ။ အဲဒီအဖြစ်အပျက်တွေကြောင့် သူ့ဘဝကြီးက ဗြောင်းဆန်ခဲ့ရတယ်။ သူ မလိုချင်တဲ့ ဘဝကြီးကိုလည်း ပိုင်ဆိုင်ခဲ့ရတယ်။ ဒီဘဝကြီးမှာ မရှင်သန်ချင်တော့ပေမဲ့လည်း လက်တွေ့မှာတော့ ခက်ခက်ခဲခဲ ရှင်သန်နေရဆဲ ဖြစ်တယ်။ မိသားစုနဲ့လည်း သေကွဲကွဲခဲ့ရသလို သူ့ဘဝကြီးကလည်း အထီးကျန်ဆန်ခဲ့ရတယ်။  သူ့အတွေးမှာ သူ့အတိတ်တွေက တဖြည်းဖြည်းတရိပ်ရိပ်နဲ့ ပြန်ပေါ်လာတယ်။ သူမိသားစုနဲ့ ပျော်ရွှင်နေခဲ့ပုံတွေ၊ သူ့ကလေးတွေနဲ့ ဆော့ကစားနေပုံတွေ၊ သူ့ဇနီးနဲ့ အကြင်နာပေးနေပုံတွေ စတဲ့ ပုံရိပ်တွေက  သူ့အာရုံမှာ ထင်းထင်းကြီး မြင်တွေ့နေရတယ်။ သူက အစိုးရဝန်ထမ်း ဖြစ်တဲ့အတွက် တာဝန်ကျရာဒေသကို မိသားစုလိုက် ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ရတာ များတယ်။ မိသားစုဝင် လေးယောက် ရှိတဲ့အတွက် ဇနီးနဲ့ သားနဲ့သမီးက သူတာဝန်ကျရာ ဒေသဆီ ပြောင်းရွှေ့တဲ့အခါ အမြဲလိုက်ပါရတယ်။

သူတို့ မိသားစုအနေနဲ့ ဘဝကို ပုံမှန်အတိုင်း ရှင်သန်ဖြတ်သန်းရင်း တစ်နေ့မှာတော့ မမြင်နိုင်တဲ့ ကံကြမ္မာဆိုးကြီးက ဝင်ရောက်လို့ လာခဲ့တယ်။ သူ ရာထူးတိုးလို့ တခြားနယ်ကို ပြောင်းရချိန်မှာ သူမောင်းလာတဲ့ကားကို ကုန်ကားတစ်စီးက အရှိန်လွန်ပြီး ဝင်တိုက်ခဲ့တာပါ။ ဒီဖြစ်စဉ်ကြောင့် သူ့ဇနီးရယ် သူ့သားနဲ့ သမီးက အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့သလို သူကတော့ အသက်ရှင်ခဲ့တယ်။ ဒီအဖြစ်ဆိုးကြီးကို ကြုံတွေ့ချိန်ကစလို့ သူ့မှာ စိတ်ကျရောဂါ ရခဲ့တဲ့အတွက် သူ့မိဘအိမ်မှာ ပြန်နေပြီး အိမ်တွင်းအောင်းနေခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီ။ သူ့မိဘတွေ မရှိတော့ပေမဲ့ သူ့ရဲ့ မောင်နှမတွေက ဆွေမျိုးမကင်းတဲ့ ကောင်လေး တစ်ယောက်ကို သူ့အနားမှာ ခေါ်ပေးထားတဲ့အတွက် အဆင်ပြေနေတာပါ။ နောက်ပိုင်း တရားကို နှလုံးသွင်းပြီး သူ့စိတ်မှာ အတိတ်က တဖြည်းဖြည်း အနည်ကျလာခဲ့တယ်။ လူ့ဘဝဆိုတာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိတဲ့ ဘုရားသခင်ရဲ့ ကြွေအန်ကစားပွဲ တစ်ခုပဲ မဟုတ်လား။

တကယ်တော့ သူဖြစ်ချင်တဲ့ ဆန္ဒတွေကို သူက စိတ်ကူးနဲ့သာ ဖြစ်ခွင့်ရှိတော့တဲ့ သူပါ။ သူ့ဘဝရဲ့ နောက်ဆုံး အချိန်တွေကို အိပ်ရာပေါ်မှာ ခြောက်ခြောက်သွေ့သွေ့ ဖြတ်သန်းရင်း သေခြင်းတရားကို စောင့်မျှော်နေခဲ့ရတာ မဟုတ်လား။ ကားအက်စီးဒင့် ဖြစ်ပြီးနောက်ပိုင်း ခြေထောက် နှစ်ဖက်စလုံး ဖြတ်လိုက်ရလိုက်တဲ့ သူ့အတွက် အပြင်လောကကြီးကို စိတ်ကူးနဲ့သာ ထိတွေ့ခွင့်ရခဲ့တယ်။ သူဖြစ်ချင်တဲ့ ဆန္ဒတွေ၊ အိပ်မက်တွေ၊ စိတ်ကူးတွေကိုလည်း အတွေးနဲ့ပဲ အကောင်အထည်ဖော်ခဲ့ရတဲ့ နှစ်တွေက ကြာခဲ့ပါပြီ။ အိပ်ရာထက်ကနေ ပြတင်းပေါက်ဆီ ငေးကြည့်မိတော့ အပြင်မှာ ငှက်ကလေးတွေ လွတ်လွတ်လပ်လပ် ပျံသန်းနေတာကို တွေ့ရတယ်။ သူ့အနေနဲ့လည်း ဒီဘဝကြီးကနေ ဘယ်အချိန်မှာ လွတ်မြောက် ပျံသန်းခွင့်ရမလဲ ဆိုတာကို စောင့်မျှော်နေရသူ မဟုတ်လား။