လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု တန်ချိန်သုံးသန်းနီးပါးသာ ရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှုတန်ချိန် ၁ ဒသမ ၃ သန်းနီးပါး လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု တန်ချိန်သုံးသန်းနီးပါးသာ ရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှုတန်ချိန် ၁ ဒသမ ၃ သန်းနီးပါး လျော့ကျ
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 14 June 2021

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု တန်ချိန် သုံးသန်း နီးပါးသာရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန် ၁ ဒသမ ၃ သန်းနီးပါးအထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၈ ရက်အထိ ရှစ်လခန့်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု တန်ချိန် ၂ ဒသမ ၉၈၇ သန်းတင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၄၀၇ ဘီလျံရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခင်နှစ်ကာလတူတွင် စက်သုံးဆီ တင်သွင်းမှု တန်ချိန် ၄ ဒသမ ၂၈၄ သန်း တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၂ ဒသမ ၀၄၅ ဘီလျံအထိ ရှိသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တင်သွင်းမှုတန်ချိန် ၁ ဒသမ ၂၉၆ သန်းနှင့် တန်ဖိုးဒေါ်လာ ၆၃၈ သန်းကျော် လျော့ကျခဲ့သည်။

အဆိုပါကာလအတွင်း ဒီဇယ်တန်ချိန် ၁ ဒသမ ၇၉၆ သန်း တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၇၉၂ ဒသမ ၀၁၉ သန်းရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၈၈၈၀၀၀ ကျော်နှင့် တန်ဖိုးဒေါ်လာသန်း ၄၅၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဓာတ်ဆီတန်ချိန် ၁ ဒသမ ၁၉၁ သန်း တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၆၁၅ ဒသ မ ၃၈၀ သန်းရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် လေးသိန်းကျော်နှင့် တန်ဖိုးဒေါ်လာ ၁၈၈ သန်းကျော် လျော့ကျခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျှက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

စက်သုံးဆီစျေးနှုန်း ကျဆင်းသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် စက်သုံးဆီတန်ချိန် ခုနစ်သိန်းကျော် ပိုမိုတင်သွင်းထားသော်လည်း တန်ဖိုးဒေါ်လာသန်း ၅၀၀ ခန့်လျော့ကျခဲ့သည်။

ပြီးခဲ့သည့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပမှစက်သုံးဆီ တန်ချိန်ခြောက်သန်းကျော် တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၂ ဒသမ ၆၆၆ ဘီလျံအထိ ရှိသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စက်သုံးဆီ တန်ချိန် ၅ ဒသမ ၃ သန်းကျော် တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၃ ဒသမ ၁၆၅ ဘီလျံအထိ ရှိခဲ့သည်။

ဇွန် ၁၄ ရက်တွင် ပြည်တွင်း စက်သုံးဆီ စျေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ကျပ်၉၉၅၊ Premium ဒီဇယ်တစ်လီတာ ကျပ် ၁၀၀၅ နှင့် ဓာတ်ဆီ (RON 92) တစ်လီတာ ကျပ်၉၉၅၊ ဓာတ်ဆီ (RON 95) တစ်လီတာ ကျပ် ၁၀၈၀ ရှိကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၆၇၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အထက်ပါစျေးနှုန်းများအရ ပြည်တွင်း စက်သုံးဆီစျေးနှုန်းသည် လေးလကျော်အတွင်း စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာလျှင် ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၄၀ ခန့်အထိ မြင့်တက်ခဲ့သည်။

Most Read

Most Recent